စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ တောင်ဘလူရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံ အမျိုးသား ၁၇ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များက ပြောသည်။
ဖေဖော်ဝါရီ ၁၇ နံနက် ၉ နာရီခွဲခန့်တွင် မြို့အရှေ့တောင်ဘက် ၈ မိုင်ခန့်အကွာတွင် ရှိသည့် ထိုရွာကို စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ၃၆၃ မှ အင်အား ၄၈ ဦးခန့်က ဝင်ရောက်လာရာ ဒေသခံ ရွာသူ၊ ရွာသားများက ကြိုတင်တိမ်းရှောင်ခဲ့ကြသည်။
အဆိုပါစစ်သားများ ရွာအတွင်း ရောက်သည်နှင့် ကောလင်းအခြေစိုက် PDF တပ်ရင်း (၁)၊ ကောလင်းမြို့နယ်နှင့် ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များက ရွာကို ပိတ်ဆို့၍ တိုက်ခိုက်ခဲ့ကြသည်ဟု ကောလင်း (ပကဖ) ရှေ့တန်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“တောင်ဘလူ (ရွာ) က ကုန်းလေးလိုဖြစ်တော့ သူတို့က အပေါ်စီးက၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းမှာ နေရာယူထားတာ။ မီတာ ၁၅၀ ပဲ ကွာတဲ့အနေအထားမှာ တိုက်ပွဲဖြစ်တာဆိုတော့ သူတို့ကို သေချာမြင်နေရတယ်” ဟု အဆိုပါ တပ်ဖွဲ့ဝင်က ဆိုသည်။
တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားပြီးနောက် ယင်းနေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဝန်းသိုမြို့အခြေစိုက် ခမရ (၁၂၀) တပ်က လက်နက်ကြီး ၁၉ လုံးခန့် ပစ်ကူပေးခဲ့သည်၊ နှစ်လုံးမှာ စစ်ကောင်စီတပ်သားများ နေရာယူထားသည့်အနီး ကျရောက်ပေါက်ကွဲခဲ့သည်ဟု PDF ထံမှ သိရသည်။
ထို့နောက် ပိတ်ဆို့ခံထားရသည့် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကူညီမည့် စစ်ကြောင်းနှစ်ခု ရောက်လာသည့်အတွက် PDF နှင့် ပကဖအဖွဲ့များ မွန်းလွဲ ၃ နာရီခန့်တွင် ထိုရွာအနီးမှ ဆုတ်ခွာခဲ့သည်။
ထိုနေ့ မွန်းလွဲပိုင်းတွင် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းတစ်ခုက တောင်ဘလူရွာတွင်း ပိတ်မိနေသည့် စစ်သားများကို ကယ်ထုတ်ခဲ့ပြီး ထိုသူများနှင့်အတူ နယ်နိမိတ်ချင်း ထိစပ်နေသည့် ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ရွာသို့ ပြန်ဆုတ်ခွာသွားသည်။
ထိုသို့ ဆုတ်ခွာရာတွင် တောင်ဘလူရွာနှင့် တစ်မိုင်ခန့်အကွာတွင် ရှိသည့် ကသစ်ကုန်းရွာမှ ရွာသား ၁၃ ဦးနှင့် လှည်းပွဲရွာမှ ရွာသား ၁ ဦး၊ ကြခတ်အိုက်ရွာမှ ရွာသား ၃ ဦးတို့ကို ဖမ်းဆီးသွားသည်ဟု ကန့်ဘလူ (ပကဖ) တပ်ဖွဲ့ဝင်က ပြောသည်။
“ကသစ်ကုန်းက ရွာသား၊ မိန်းမအကုန် ဘုန်းကြီးကျောင်းမှာ စုပြီး အသက် ၄၀ ကျော်တဲ့ ယောက်ျားတွေကို ဖယ်ပြီး ကျန်တာ အကုန်ဖမ်းသွားတာ၊ လှည်းပွဲနဲ့ ကြခတ်အိုက်ကလူတွေက လမ်းမှာ တိုးမိပြီး ဖမ်းခံရတာ” ဟု အထက်ပါ ကန့်ဘလူ (ပကဖ) အဖွဲ့ဝင်က ပြောသည်။
ထိုနေ့ညတွင်ပင် ဖမ်းဆီးခံရသူများကို ကိုးတောင်ဘို့ရွာရှိ စစ်ကောင်စီအထိုင်တပ်စခန်းအတွင်းသို့ ခေါ်ဆောင်ရာ လမ်းတွင် ရိုက်နှက်၊ နှိပ်စက်သွားသည်ဟု မျက်မြင်ဒေသခံများကို ကိုးကားပြီး ကန့်ဘလူ (ပကဖ) အဖွဲ့ထံမှ သိရသည်။
စစ်ဗိုလ်တစ်ဦး ၄၀ မမ ဗုံးသီး ထိပြီး သေဆုံးခြင်းကြောင့် ပိုမို နှိပ်စက်ခြင်းဖြစ်သည်ဟု ကန့်ဘလူ (ပကဖ) တပ်ဖွဲ့ဝင်က ပြောသည်။
“ဂုဏ်ညှင်းရှိုရွာရဲ့ အနောက်မြောက်နားလေး ရောက်တော့ သုံးပွင့်အဆင့် ဧရာမင်းဆိုတဲ့ ဗိုလ်က ဗိုက်မှာ ၄၀ ထိထားတာမှာ အဲဒီနားလေးမှာ သေသွားတော့၊ လမ်းမှာ တွေ့တဲ့ တုတ်တွေနဲ့ ဖမ်းခဲ့တဲ့လူတွေကို ပိတ်ရိုက်တာ” ဟု ပြောရေးဆိုခွင့်ရှိသူ မဟုတ်သောကြောင့် အမည်မဖော်လိုသည့် ထိုပုဂ္ဂိုလ်က ဆိုသည်။
စခန်းအရောက် လူငယ်တစ်ဦးကို သံတုတ်ဖြင့် ရိုက်သတ်ကြောင်း၊ ကျန်သည့် ဖမ်းဆီးခံရသူများကို ဓားနှင့် မွှန်းပြီး နေလှန်းကြောင်း၊ ဖမ်းဆီးခံရသူအချို့ သေဆုံးသွားကြောင်း စသည့် သတင်းများ ကြားရသော်လည်း အတည်မပြုနိုင်သေးဟု ကန့်ဘလူ (ပကဖ) အဖွဲ့က ပြောသည်။
ဖမ်းဆီးခံရသူများ၏ နောက်ဆက်တွဲအခြေအနေ၊ ဖမ်းဆီးသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
တိုက်ပွဲပြီးသည့် နောက်တစ်နေ့ (ဖေဖော်ဝါရီ ၁၈) တွင် တောင်ဘလူရွာကို ဝင်ရောက်ရှင်းလင်းရာ စစ်ကောင်စီတပ်သားအများအပြား၏ ရုပ်ကြွင်းများကို တွေ့ရကြောင်း ကောလင်း (ပကဖ) ရှေ့တန်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“စစ်တပ်က အလောင်းတွေကို စုပြီး အိမ်တစ်လုံးပေါ်မှာ မီးတင်ရှို့သွားတာ၊ အဲဒီမှာ ခေါင်းခွံတွေပဲ ကောင်းကောင်းမွန်မွန် ကျန်တာ၊ အရိုးတွေကို ကြည့်ပြီး ခန့်မှန်းရတာတော့ သူတို့ ၁၃ ကောင်လောက် သေတယ်ဗျ” ဟု ၎င်းက ပြောသည်။
အဆိုပါအရေအတွက်နှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
ယနေ့ (ဖေဖော်ဝါရီ ၂၂) နံနက်တွင် ကိုးတောင်ဘို့ရွာမှ ထွက်လာသည့် စစ်ကြောင်းတစ်ခုက ကန့်ဘလူမြို့အရှေ့ဘက်တွင် စစ်ကြောင်းထိုးနေပြီး တိုက်ပွဲဖြစ်ပွားမှုမရှိသေးကြောင်း ကန့်ဘလူ (ပကဖ) အဖွဲ့က ပြောသည်။
စစ်တပ်က ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ ဖြစ်ပွားလာသည့် လက်နက်ကိုင်တော်လှန်ရေးတွင် စစ်ကိုင်းတိုင်းက ရှေ့တန်းမှ ဦးဆောင်နေသည်။
စစ်ကိုင်း-ကချင်နယ်စပ်မျဉ်းအနီးတွင် ရှိသည့် ကောလင်း၊ ဝန်းသို၊ အင်းတော်၊ ကသာ၊ ထီးချိုင့် စသည့် မြို့နယ်များမှာ ၎င်းတို့ဒေသအတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များကို အဆက်မပြတ် တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း နည်းလမ်းမျိုးစုံဖြင့် နှိပ်ကွပ်ရန် ကြိုးစားနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)