![](https://myanmar-now.org/mm/wp-content/uploads/sites/7/drupal/news-images/pdf_taungoo-scaled.jpg)
ယနေ့ (ဖေဖော်ဝါရီ ၂၁) နံနက်က ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ လိပ်သိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် နေရာနှစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
နံနက် ၅ နာရီခွဲခန့်မှာပင် လိပ်သိုမြို့ပေါ် ဆေးရုံကြီးဘေးရှိ မြို့မရဲစခန်းနှင့် မြို့အထွက် စစ်တပ်စခန်းဘေးရှိ ထွေအုပ်ရုံးနေရာများကို တောင်ငူခရိုင် PDF ၃၅၀၂ တပ်ရင်းက နာရီဝက်ခန့် စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ထိုတပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။
လက်နက်ကိုင်အင်အားမှာ ရဲစခန်းတွင် ၃၀ နီးပါး၊ ထွေအုပ်ရုံးတွင် ၁၀ ဦးခန့် ရှိမည်ဟု သူက ခန့်မှန်းသည်။
“စစချင်းမှာ လက်နက်အလတ်စားလို့ ပြောရမှာပဲ M 79 တွေနဲ့ ပစ်တယ်။ ပြီးတော့ လက်နက်အငယ်တွေနဲ့ ဝင်ပစ်ပြီးတော့ ပြန်ဆုတ်လာတယ်” ဟု ၎င်းက ဆိုသည်။
စီးနင်းတိုက်ခိုက်မှုအတွင်း PDF များ အထိအခိုက်မရှိကြောင်း၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေကိုလည်း စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
လိပ်သိုမြို့ဒေသခံ အမျိုးသားတစ်ဦးက PDF များ မော်တော်ယာဉ်ဖြင့် ရောက်လာသည်ဟု ပြောသည်။
“PDF အဖွဲ့က ကားနှစ်စီးနဲ့ လာပစ်တာ၊ ရဲစခန်းကို အဓိက လာပစ်တာပေါ့။ နေရာစုံက ပစ်ကြတာ။ ကျည်တွေက ဘယ်ကနေ ဘယ်လို လာမှန်းကို မသိဘူး အစုံပဲ။ ကျွန်တော်တို့လည်း လက်နက်ကြီးပစ်သံကြားရင် အိမ်ထဲ ဝင်နေလိုက်၊ ပြီးရင် ပြန်ထွက်ကြည့်လိုက် လုပ်နေကြတာ” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် လိပ်သိုမြို့ပေါ်၌ လူအသွားအလာ မရှိသလောက် နည်းပါးနေသလို မြို့မရဲစခန်းဘက်သို့ သွားလာခွင့် ပိတ်ပင်ထားကြောင်း သူက မွန်းလွဲပိုင်းတွင် ပြောသည်။
တိုက်ပွဲအတွင်း လိပ်သိုမြို့ပေါ်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း တစ်ကျောင်းအပါအဝင် နေအိမ်အချို့ ထိခိုက် ပျက်စီးခဲ့သည်၊ စစ်ကောင်စီဘက်က ပစ်ခတ်သော လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် အရပ်သား ကလေးငယ် နှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု တောင်ငူခရိုင် PDF ၃၅၀၂ တပ်ရင်းဘက်က ပြောသည်။
လိပ်သိုမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်သည့် PDF တပ်ဖွဲ့များအပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံတပ်ဖွဲ့များလည်း လှုပ်ရှားနေသည်။
အာဏာသိမ်းစစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်နှင့် မိုင် ၅၀ သာ ကွာဝေးသည့် လိပ်သိုမြို့၏ အနောက်ဘက်တွင် ပဲခူးတိုင်း ရေတာရှည်မြို့နယ်နှင့် တောင်ငူမြို့နယ်တို့ တည်ရှိနေပြီး အရှေ့ဘက်သည် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အားကောင်းသည့် ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်၊ ဖရူဆိုမြို့နယ်တို့နှင့် ထိစပ်နေသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် အပစ်ရပ် NCA လက်မှတ်ထိုးထားသော KNU နှင့် တိုက်ပွဲများ ပြန်ဖြစ်ပွားလာရာ တိုက်ပွဲနယ်မြေများထဲတွင် တပ်မဟာ ၂ နယ်မြေအတွင်းရှိ အဆိုပါဒေသလည်း ပါဝင်သည်။
အလားတူ KNU နှင့် နယ်မြေထိစပ်နေသော ပဲခူးတိုင်းအရှေ့ခြမ်းသာမက အနောက်ခြမ်းတွင်ပါ PDF တပ်ဖွဲ့များ လှုပ်ရှားနေကြသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ကလည်း ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ဇရစ်ရိုးကုန်းကျေးရွာနှင့် ပိန်းသီလာကျေးရွာ အနောက်ဘက် စစ်တောင်းမြစ်ဘေးတွင် တောင်ငူခရိုင် PDF ၃၅၀၁ တပ်ရင်းနှင့် တိုက်ပွဲဖြစ်စဉ် စစ်တပ်ဘက်မှ အသေအပျောက်များခဲ့သည်။
ယင်းတိုက်ပွဲအတွင်း MA3 ၄ လက်၊ MA11 ၂ လက်၊ MA2 ၁ လက်၊ ကျည်ဘောက် ၁၈ ခု၊ ကျည် ၅၂၀ တောင့်၊ ၆၀ မမ ဗုံးသီး ၂ လုံးနှင့် ရွှေငွေလက်ဝတ်ရတနာတချို့ကို PDF များက သိမ်းဆည်းနိုင်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)