ဆောင်းပါး

ရုန်းကန်ရဦးမည့် စစ်ကောင်စီ၏ အသက် ၇၀ အရွယ် နိုင်ငံခြားရေးဝန်ကြီးသစ်

မကြာမီသေးက အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်ကောင်စီအဖွဲ့နှင့် ၎င်း၏ ဝန်ကြီးအဖွဲ့ကို အပြောင်းအလဲပြုလုပ်လိုက်ရာ နိုင်ငံတကာသံခင်းတမန်ခင်း၌ အလွန်အရေး ပါသည့် နိုင်ငံခြားရေးဝန်ကြီးနေရာလည်း ပါဝင်ခဲ့သည်။

ယခင် သမ္မတဦးသိန်းစိန်လက်ထက်နှင့် မင်းအောင်လှိုင်၏ နှစ်နှစ်တာစစ်အုပ်ချုပ်ရေးလက် ထက်တွင် နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့သော စစ်အရာရှိဟောင်း ဦးဝဏ္ဏမောင်လွင်၏နေရာတွင် အစားထိုး ခန့်အပ်ခံရသူမှာ အသက် ၇၀ အရွယ်ရှိပြီဖြစ်သော စစ်တပ်အရာရှိဟောင်း ဦးသန်းဆွေဖြစ်သည်။ ၎င်းသည် အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင် အမေရိကန် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂတွင်လည်း မြန်မာကိုယ်စားပြု သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ဖူးသည်။

နိုင်ငံခြားရေးဝန်ကြီးအဖြစ်မှ ဖယ်ရှားခံရသူ ဦးဝဏ္ဏမောင်လွင် မူကား အဖွဲ့ဝင် ၂၀ ဦးရှိ စစ်ကောင်စီအဖွဲ့အတွင်း ရောက်ရှိသွားသည်။ ဦးဝဏ္ဏမောင်လွင်ကို ဖယ်ရှားလိုက်သည့် အကြောင်းရင်းကို သေသေ ချာချာ မသိရသော်လည်း သဘောထားတင်းမာသူ ဖြစ်သော ကြောင့် အပြောင်းအလဲလုပ်ခြင်းဖြစ်နိုင်ကြောင်း နေပြည်တော်နှင့် နီးစပ်သူတစ်ဦးက မှတ်ချက်ပြုသည်။

“ကြားရသလောက်တော့ ဦးဝဏ္ဏမောင်လွင်က သဘောထားတင်းမာတယ်။ နိုင်ငံတကာ သံတမန် အသိုင်းအဝိုင်းမှာ သိပ်အဆင်မပြေဘူး၊ အထူးသဖြင့် အာဆီယံနဲ့။ ငါ့ကိုမဖိတ်ရင် တခြားလူလည်း မတက်နဲ့ဆိုတာမျိုး။ အဲဒါကို သိပ်သဘောမတွေ့ကြဘူးလို့ သိရတယ်”

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှု၊ နိုင်ငံတကာ အသိုင်းအဝိုင်း ၏ ဘက်ပေါင်းစုံဖိအားများအောက်တွင် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အနေဖြင့် မလူးသာမလှုပ်သာဖြစ်ခဲ့သည်။

အထူးသဖြင့် မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံမှတဆင့် ချဉ်းကပ်မှုများတွင် ဦးဝဏ္ဏမောင်လွင်အနေဖြင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်။ အာဆီယံဘက်မှနေ၍ အလှည့်ကျဥက္ကဋ္ဌများဖြစ်သော ဘရူ နိုင်းနှင့် ကမ္ဘောဒီးယားတို့က အထူးကိုယ် စားလှယ်များခန့်အပ်ကာ နေပြည်တော်သို့ အကြိမ်ကြိမ် စေလွှတ်ခဲ့သော်လည်း တစ်စုံတစ်ရာ တိုးတက်ပြောင်းလဲမှု မရှိခဲ့ပေ။

ဦးဝဏ္ဏမောင်လွင်အနေဖြင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးတာဝန် ထမ်းဆောင်နေစဉ် အတွင်း အများဆုံးလုပ်ဆောင်ခဲ့ရသည်မှာ ကုလအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ မြန်မာ့အရေးပြောဆိုချက်များကို စစ်ကောင်စီအလိုကျ ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခြင်းသာဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးအရာ ရခဲ့သော်လည်း နိုင်ငံတကာ သံခင်းတမန်ခင်း အခမ်းအနားများ တွင် ပါဝင်ခွင့် မရခဲ့ပေ။

ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ မြန်မာ့အရေးတွင် ပါဝင်ပတ်သက်သူ အားလုံးနှင့် တွေ့ဆုံခွင့်ရရေး အစရှိသည့် အာဆီယံ၏ ၂၀၂၁ ဘုံသဘောတူညီချက် မူဝါဒများ ကို မြန်မာစစ်ကောင်စီက မလိုက်နာသဖြင့် အာဆီယံအစည်းအဝေးများကို မင်းအောင်လှိုင်နှင့် ၎င်းစိတ်တိုင်းကျ ဖွဲ့ထားသည့် ဝန်ကြီး၊ ဒုဝန်ကြီးများ တက်ရောက်ခွင့် မရှိသည်မှာ ယခုတိုင်ဖြစ်သည်။​ သမားရိုးကျ နိုင်ငံဝန် ထမ်း အရာရှိများကိုသာ အာဆီယံက တက်ခွင့်ပြုခဲ့သည်။

စစ်ကောင်စီအတွက် ဦးဝဏ္ဏမောင်လွင် ဆောင်ကြဉ်းခဲ့ရသည်မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံသို့ တိတ်တခိုးသွားရောက်ခြင်း၊ အိမ်နီးချင်းထိုင်းနိုင်ငံသို့ သွားရောက်ကာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအချို့ကို တိတ်တဆိတ်တွေ့ရခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်ကို နှစ်ကြိမ်တိုင်သွားရောက်ခဲ့သည်။ ပထမတစ်ကြိမ်မှာ အာဏာသိမ်း ပြီးစ၌ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ စေ့စပ်မှုဖြင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်း လေဆိပ်တွင် တွေ့ရခြင်းပင်။ နောက်တစ်ကြိမ်သည်လည်း ထိုင်း၏ကြားဝင်မှုဖြင့်ပင် ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအိုတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အလွတ်သဘော တွေ့ရခြင်းပင်။

၂၀၂၂ ခုနှစ်အတွင်း ပြုလုပ်ခဲ့သည့် စစ်တပ်ညစာစားပွဲတွင် ဦးသန်းဆွေကို ဦးဝဏ္ဏမောင်လွင်၊ ဒုသမ္မတဟောင်း ဦးဉာဏ်ထွန်း၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး တို့နှင့်အတူ တွေ့ရစဉ်။

ဦးဝဏ္ဏမောင်လွင်အနေဖြင့် သံတမန်အသိုင်းအဝိုင်းတွင် မျက်နှာပန်းမလှခဲ့သည့်နည်းတူ စစ်ခေါင်းဆောင်အတွက်လည်း ဦးဝဏ္ဏမောင်လွင် ရှိနေခြင်းအတွက် တစ်စုံတစ်ရာ အကျိုးထူးမရခဲ့ဟု သာ ဆိုရပေမည်။

သူ့နေရာသို့ ရောက်လာသူ ဦးသန်းဆွေမှာ သူ့နည်းတူ စစ်တက္ကသိုလ်အပတ်စဉ် ၁၆ တက်ရောက်ခဲ့သူဖြစ်သည်။ နိုင်ငံတကာသံတမန်ဆက်ဆံရေးတွင် အရေးပါသောဝန်ကြီးနေရာအတွက် လူဟောင်းထဲမှ တစ်ယောက်ကို ရွေးထုတ်ရသည်ကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းခေါင်း ဆောင်အတွက် ရွေးချယ်စရာနည်းပါးနေသည်ကို ပြဆိုလျက်ရှိသည်။

ဦးဝဏ္ဏမောင်လွင်နည်းတူ ဦးသန်းဆွေသည်လည်း ထွေထွေထူးထူး လုပ်ပြစရာရှိမည် မထင်ပေ။ နေပြည်တော်ရောက်လာတတ်သည့် နိုင်ငံတကာဧည့်သည်  တစ်ဦးစနှစ်ဦးစကို လက်ခံတွေ့ဆုံခြင်းနှင့် အခါအားလျော်စွာ ကြေညာချက်များထုတ်ပြန်ခြင်းသာ ဖြစ်ပေလိမ့်မည်။

နိုင်ငံခြားရေးဝန်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်သော ဦးသန်းဆွေက စစ်ကောင်စီကိုယ်စားပြု သံအမတ်များ၊ ကောင်စီဝန်များကို အွန်လိုင်းမှတဆင့် စကားပြောဆိုခဲ့သည်။ စစ်ကောင်စီအားထားသည့် ဦးစီးဦးဆောင်ဝန်ကြီးတစ်ပါးဖြစ်သူ အပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နှင့်အတူ ယခုလ ၁၅ ရက်က ပြည်ပရောက် သံအရာရှိ များကို ဦးသန်းဆွေက အမှာစကားခြွေသည်။

အွန်လိုင်းမှဆင့် ဦးသန်းဆွေတွေ့ဆုံသူများမှာ အာရှဒေသရှိ မြန်မာသံရုံးများမှ သံအမတ်များနှင့် ကောင်စစ်ဝန်ရုံး တာဝန်ရှိသူများဖြစ်သည်။ ထိုတွေ့ဆုံပွဲအကြောင်း စစ်ကောင်စီထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံ လော့အိန်ဂျယ်လိစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံး ပါဝင်သော်လည်း နယူးယောက် မြို့ရှိ မြန်မာသံရုံး မပါသည်ကို တွေ့ရသည်။

ထို့အတူ ဥရောပနှင့် အခြားဒေသများရှိ မြန်မာသံရုံးများ ပါဝင်ခြင်း မရှိသည်ကို တွေ့ရသည်။

ရှေ့တန်းခံစစ်တွင် တာဝန်ထမ်းဆောင်နေသူများ ဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံ၏ ပကတိ အခြေအနေကို အိမ်ရှင်အစိုးရများ သိရှိစေရေးဆောင်ရွက်ကြရန် ဦးသန်းဆွေက ပြည်ပရောက် စစ်ကောင်စီလက်အောက်ခံ သံတမန်များကို မှာကြားသည်။

စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးသစ်ဖြစ်လာသူ ဦးသန်းဆွေနှင့် သူ၏မိသားစု။

စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးသစ်ဖြစ်လာသူ ဦးသန်းဆွေမှာ ဦးသိန်းစိန်လက်ထက်တွင် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် ရွေးချယ်ခံရသူဖြစ်သည်။ အမေရိကန်နှင့် မြန်မာ အကြား သံအမတ်ကြီးအဆင့် ပြန်လည်ထားရှိရန် သဘောတူခဲ့ကြပြီးနောက် ဦးသန်းဆွေကို သံအမတ်အဖြစ် အဆိုပြုမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ်က အမေရိကန်ခရီးစဉ်အတွင်း ဦးဝဏ္ဏမောင်လွင်ကပင် ကြေညာခဲ့ခြင်းဖြစ်သည်။

နှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်ဖြင့် အုပ်စိုးပြီးနောက် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး စတင် ရာတွင် နိုင်ငံတကာအသိုင်းအဝိုင်းက ချီးကျူးထောပနာပြုခဲ့ကြသည့်နည်းတူ အမေရိကန်နှင့် မြန်မာ တို့ရွှေလမ်းငွေလမ်းဖောက်ခဲ့ကြသည်။ ပထမဆုံးအကြိမ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် သမ္မတအိုဘားမားတို့ မြန်မာနိုင်ငံရောက်ရှိခဲ့သည်။

အမေရိကန်နှင့် မြန်မာအကြား သံတမန်ဆက်ဆံရေး အပြည့်အဝအသက်ပြန်ဝင်လာပြီး နှစ်နိုင်ငံ သံအမတ်အကြီးအဆင့် အပြန်အလှန်ခန့်အပ်ခဲ့ကြရာ ဦးသန်းဆွေသည်လည်း အိမ်ဖြူတော်သို့ သွားရောက်ကာ သမ္မတအိုဘားမားထံ သံအမတ်ခန့်အပ်လွှာ ပေးအပ် နိုင်ခဲ့သည်။

မြန်မာဆိုင်ရာ ကန်သံအမတ်မဖြစ်မီက ဦးသန်းဆွေမှာ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် အဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ၎င်းသည် ကုလဆိုင်ရာ ဒုသံအမတ်အဖြစ် ၂၀၀၈ မှ ၂၀၀၉ အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ထို့နောက် သံအမတ်ကြီးဖြစ်လာခဲ့သည်။

ယင်းမတိုင်မီက ဦးသန်းဆွေမှာ ဦးသန်းရွှေလက်ထက် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန် ထမ်း ဆောင်ခဲ့သည်။

ဦးဝဏ္ဏမောင်လွင်နှင့်အတူ စစ်တက္ကသိုလ်အပတ်စဉ် (၁၆) တက်ရောက်ခဲ့သူ ဦးသန်းဆွေမှာ ၂၀၀၀ ပြည့်နှစ်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် အရပ်ဘက်ပြောင်းခဲ့သူ မိုးကျရွှေကိုယ် တစ်ဦးဖြစ်သည်။ စစ် ကျောင်းဆင်းပြီးနောက် ဦးသန်းဆွေ၏ မိခင်တပ်ရင်းမှာ ကချင်ပြည်နယ် ဟိုပင်အခြေစိုက် ခလရ-၄၀ ဖြစ်သည်။ ကရင်ပြည်နယ်တွင်လည်း စစ်ဆင်ရေးတာဝန် ထမ်းဆောင်ဖူးသည့် ဦးသန်းဆွေမှာ စစ်တပ်တွင်း၌ ဗိုလ်မှူးကြီးအဆင့်ဖြင့် တပ်ရင်းမှူး တာဝန်အထိ ထမ်းဆောင်ဖူးသည်။

ဦးသန်းဆွေနှင့် စစ်တက္ကသိုလ်တစ်ပတ်စဉ် တည်းတက်ရောက်ခဲ့သူများအနက် ထင်ရှား သူများ ဦးဝဏ္ဏမောင်လွင်၊ လက်ရှိ စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဒုသမ္မတဖြစ်ခဲ့သူ ရေတပ်ဗိုလ်ချုပ်ကြီးဟောင်း ဦးဉာဏ်ထွန်း၊ ဦးသန်းရွှေလက်ထက် စစ်ကိုင်းတိုင်းမှူးဖြစ်ခဲ့သူ ဒုဗိုလ်ချုပ်ကြီးသာအေးတို့ဖြစ်သည်။

ဦးသန်းဆွေ၏ဇနီးမှာ ဒေါ်ခင်ဝင်းရီဖြစ်ပြီး ၎င်းတို့တွင် သမီးနှစ်ဦးရှိသည်။ ဦးသန်းဆွေ၏ သားမက်သည်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် တစ်ဦးဖြစ်သည်။ ဦးသန်းဆွေသမက် နိုင်ငံရေးရာဦးစီးဌာန ညွှန်ချုပ် ဦးအောင်ကိုမှာ သမ္မတဦးသိန်းစိန်၏ လက်စွဲတော်စကားပြန်ဖြစ်ခဲ့သည်။

၂၀၁၂ ခုနှစ် ဧပြီလအတွင်းက ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်းမရွန်းနှင့် သမ္မတ ဦးသန်းစိန်တွေ့ဆုံစဉ် စကားပြန်လုပ်ပေးနေသည့် ဦးအောင်ကို။ (ဓာတ်ပုံ – AFP via Getty Images) 

နိုင်ငံတကာအသိုင်းအဝိုင်းမှ ဖယ်ကြဉ်ခံထားရသည့် အာဏာသိမ်းစစ်ကောင်စီအနေဖြင့် အမေရိ ကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ဖူးသော ဦးသန်းဆွေကို နိုင်ငံခြားရေး ဝန်ကြီးအဖြစ် အစားထိုးခန့်အပ်ခြင်းမှာ ကျရှုံးနေသော အနောက်အုပ်စုနိုင် ငံများနှင့် သံတမန်ဆက် ဆံရေးကို အဖတ်ဆည်ရန် ကြိုးပမ်းခြင်းဖြစ်နိုင်သည်ဟုလည်း ယူဆသူများရှိသည်။

စစ်တပ်က အာဏာမသိမ်းအချိန်ထိ ဦးသန်းဆွေသည် စစ်တက္ကသိုလ်အတူတက်ရောက်ခဲ့ သော သူငယ်ချင်းများနှင့် ဂေါက်ရိုက်ခြင်း၊ ပြည်တွင်းပြည်ပ ခရီးထွက်ခြင်းများဖြင့် အငြိမ်းစားသံအ မတ်ဘဝတွင် နှစ်နှစ်ခြိုက်ခြိုက် ပျော်မွေ့နေသည်ကို ၎င်း၏ Facebook စာမျက်နှာရှိ မရေမတွက်နိုင်သော ဓာတ်ပုံမှတ်တမ်းများက ဖော်ပြနေသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းယူလိုက်ချိန်တွင် ဦးသန်းဆွေပြန်ပေါ်လာသည်။ အာဏာသိမ်း စစ်ကောင်စီ၏ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌဖြစ်လာခြင်းပင်။ ဦးသန်းရွှေလက်ထက်က ဝန် ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ကို ဆက်ခံထားသည့် ထိုရာထူးဝန်အဖွဲ့တွင် ဦးသန်းဆွေ က ဥက္ကဋ္ဌအဖြစ် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့အထိ တစ်နှစ်ကျော် တာဝန်ယူခဲ့သည်။​

ဦးသန်းဆွေလက်ထက် ဝန်ထမ်းလေ့ကျင့်ရေးတက္ကသိုလ်များတွင် ယခင်ဦးသန်းရွှေ စစ်အာဏာရှင်လက်ထက်က မူဝါဒများကို ပြန်လည်အသက်သွင်းခဲ့သည်။ ၂၀၁၀ နိုင်ငံရေးအကူးအပြောင်းနောက် ထိုတက္ကသိုလ်များတွင် ဝန်ထမ်းများသည် စစ်ယူနီဖောင်းပုံစံကဲ့သို့ ဝတ်ဆင်ရခြင်းကို ဖျက်သိမ်းခဲ့ပြီး သက်ဆိုင်ရာဌာနအလိုက် ကိုယ်စားပြုသည့် တူညီဝတ်စုံများ ဝတ်ဆင်ခွင့်ရခဲ့သည်။

ထို့ပြင် အရပ်ဖက်ဝန်ထမ်းများနှင့် သက်ဆိုင်ခြင်းမရှိသော စစ်ရေးလေ့ကျင့်ခြင်း၊ သေနတ်ပစ် လေ့ကျင့်ခြင်းများကိုလည်း ဖျက်သိမ်းခဲ့သည်။ ထိုသို့ဖျက်သိမ်းခဲ့သည်များကို ဦးသန်းဆွေက ဝန်ထမ်းလေ့ကျင့်ရေးတက္ကသိုလ်များတွင် လွန်ခဲ့သည့်နှစ်နှစ်တာအတွင်း ပြန်လည် အသက်သွင်းခဲ့သည်။

ပြီးခဲ့သည့်နှစ်အတွင်း မင်းအောင်လှိုင်က ရာထူးအပြောင်းအလဲတချို့ပြုလုပ်ခဲ့ရာ၌ ဦးသန်းဆွေကို ရာထူးဝန်အဖွဲ့မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့သည်။

အဂတိကော်မရှင် ဥက္ကဋ္ဌအနေဖြင့် ဦးသန်းဆွေသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာအတွင်း ကမ္ဘော ဒီးယားနိုင်ငံတွင် ကျင်းပသည့် အာဆီယံဒေသေဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (ASEAN-PAC) ၏ ၁၈ ကြိမ်မြောက် အစည်းအဝေးကို စစ်ကောင်စီကိုယ်စားပြု တက်ရောက် ခဲ့သည်။

ယခုအခါ ဦးသန်းဆွေမှာ စစ်ကောင်စီ၏ ဒုတိယမြောက်နိုင်ငံခြားရေးဝန်ကြီးဖြစ်လာသည်။ နှစ်နှစ် တာကာလအတွင်း ပြည်ထောင်စုအဆင့် ဌာနသုံးခုတွင် အကြီးအကဲလာဖြစ်လာသူ ဦးသန်းဆွေ အနေဖြင့် အာဏာလက်မလွှတ်လိုသူ စစ်ဗိုလ်ချုပ်များအတွက် မည်သို့ ဆက်လက် အသုံးတော်ခံမည်ကို စောင့်ကြည့်ရပေမည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button