သတင်း

မန္တလေး အိုးဘိုထောင်မှ နိုင်ငံရေးအကျဉ်းသူများ ရိုက်နှက်ခံရ

မကြာသေးခင်က မန္တလေးမြို့ရှိ အိုးဘိုအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များ၏ နှိပ်စက်မှုကြောင့် နိုင်ငံရေးအကျဉ်းသားအများအပြား ဒဏ်ရာရရှိထားပြီး တစ်ဦးမှာ မျက်လုံးထိခိုက်သွားသည်ဟု မန္တလေးသတင်းရင်းမြစ်များထံမှ သိရသည်။

အကျဉ်းထောင်အတွင်းမှ လျှို့ဝှက်ပေးပို့သော “အဖိနှိပ်ခံ အကျဉ်းသားများ” ဟူသည့် စာတစ်စောင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက လက်ခံရရှိခဲ့ကြောင်း၊ စာတွင် ထောင်တွင်းအခြေအနေဆိုးများကို ဖော်ပြထားကြောင်း မန္တလေးမြို့မှ ဆန္ဒပြလူငယ်တစ်ဦးက ပြောသည်။

“အကျဉ်းဝန်ထမ်းအမျိုးသားတွေက ဝင်ရိုက်တယ် ပြောတာပါ။ ၇၀ ကျော်လောက်ကို ရိုက်ခံကြရတယ်၊ လောက်လေးခွတွေနဲ့လည်း ပစ်ခံရတယ် ပြောတယ်” ဟု ၎င်းက ပြောသည်။

စာရွက်ဖြတ်ပိုင်း ၁ ခုတွင် မင်ပြာဖြင့် ရေးသားထားသော၊ အကျဉ်းထောင်အတွင်းမှ ပို့သည်ဆိုသော ထိုစာကို Myanmar Now က ဖတ်ရှုခွင့်ရခဲ့သည်။

ထိုအထဲတွင် ဖေဖော်ဝါရီ ၃ နှင့် ၄ ရက်နေ့တို့တွင် အမျိုးသမီးအဆောင် အမှတ် ၁ နှင့်၂ တို့တွင် ပြဿနာဖြစ်ပွားရာမှ အစပြုကာ ထောင်ဝန်ထမ်းတို့က ၂ ရက်ဆက်တိုက် နိုင်ကျဉ်းအမျိုးသမီးတို့ကို နှိပ်စက်ညှဉ်းပန်းခဲ့သည် ဆိုသည်။

ထောင်တွင်းအခြေအနေများကို ရေးသားထားသည့်စာ

လျှပ်စစ်ကျဉ်စက်ပါ နံပါတ်တုတ်များ၊ ဝါးရင်းတုတ်များ၊ သံတုတ်များဖြင့် ရိုက်နှက်ရာမှ ပြင်းထန်ဒဏ်ရာရရှိခဲ့သူများထဲမှ နားရွက်ပြတ်ရှဒဏ်ရာရရှိသူ မစန်းလင်းမေ၏ မိသားစုနီးစပ်သူတစ်ဦးက ထိုဖြစ်ရပ်အကြောင်း မိသားစုများ သိရှိပြီး စိတ်ပူနေသည်ဟု ပြောသည်။

“ပြဿနာဖြစ်ရာက အကုန်သိမ်းကျုံးပြီး နှိပ်စက်ခံရတာ။ သူက ကြားထဲက ခံလိုက်ရတာ။ နားရွက် ငါးချက် ချုပ်ရတယ်၊ ဒဏ်ရာပြင်းတယ်လဲ ကြားတယ်၊ (တိုက်ရိုက်) အဆက်အသွယ်မရတော့ စိတ်ပူတယ်ဗျာ” ဟု သူက Myanmar Now ကို ပြောသည်။

အသက် (၂၀) ဝန်းကျင်အရွယ် မစန်းလင်းမေသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက ဖမ်းဆီးခံခဲ့ရသည်။ ထို့နောက် မန္တလေးမြို့ပြပြောက်ကျားအဖွဲ့တစ်ခုကို ငွေထောက်ပံ့သည်ဟူသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီက သူ့ကို ပုဒ်မ ၅၀ ည ဖြင့် အမှုဖွင့်ပြီး တစ်နှစ်ကျော်အကြာ ဖေဖော်ဝါရီ ၃ တွင် ထောင်ဒဏ် (၁၅) နှစ် ချထားသည်။

“သူအမိန့်ချခံရပြီး နောက်တစ်နေ့မှာ ခုလိုတွေဖြစ်တာ။ သူ့ကို ဖမ်းဆီးစဉ်ကလည်း ဘာအပြစ်မှမရှိဘဲ စွပ်စွဲဖမ်းတာ။ ခုလိုထပ်ဖြစ်ရတော့လည်း စိတ်အတော်မကောင်းဘူး” ဟု မိသားစုနှင့် နီးစပ်သူက ဆိုသည်။

တိုက်ပိတ်ခံရသူအများအပြားရှိသည်ဟု ကြားမိသော်လည်း ထိုအထဲတွင် မစန်းလင်းမေ မပါရှိကြောင်း သူက ဆက်ပြောသည်။

ရိုက်နှက်ခံရသူများအမည်စာရင်းတွင် ပုဒ်မအများအပြားဖြင့် ထောင်နှစ်ရှည်ချခံထားရသည့်၊ ပရဟိတအလုပ်ဖြင့် နာမည်ကျော်သည့် ”မေမြို့အိမ်”စားသောက်ဆိုင်ပိုင်ရှင် မပိုပြည့်သူ၏ အမည်လည်း ပါဝင်သည်ဟု သူနှင့် ရင်းနှီးသူ မိတ်ဆွေတစ်ဦးက ပြောသည်။

“နာမည်ပါလာတော့ စိတ်ပူမိတယ်၊ နောက်ဆက်တွဲလည်း ထပ်မကြားရဘူး။ အဆက်အသွယ်လည်း မရတော့ ပိုစိတ်ပူတယ်” ဟု ထိုမိတ်ဆွေက ဆိုသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးထောင်ချခံရသူတို့ကို ကူညီနေသည့် မန္တလေးမြို့ခံရှေ့နေတစ်ဦးက အိုးဘိုထောင်အတွင်း နိုင်ကျဉ်းတို့ ကြုံနေရသည့် အခြေအနေမှာ လွန်စွာဆိုးရွားနေသည်ဟု စက်တင်ဘာလအတွင်းက Myanmar Now ကို ပြောဆိုထားသည်။

“ထောင်အတွင်း ခုလိုအခြေအနေတွေကတော့ အများကြီးပေါ့နော်၊ ဆေးကုသခွင့်မရလို့ အသက်ဆုံးရှုံးတာတွေလည်း ရှိနေပါတယ်။ မိသားစုကိုတောင် အကြောင်းမကြားဘဲ သင်္ဂြိုဟ်လိုက်တာတွေလည်း ရှိတယ်။ အကျဉ်းသားအခွင့်အရေးကတော့ စစ်ကောင်စီလက်ထက် ဆုံးရှုံးနေတာ” ဟု သူက မှတ်ချက်ပြုထားသည်။

အာဏာသိမ်းပြီးနောက်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် နိုင်ငံအနှံ့အကျဉ်းထောင်များတွင် မန္တလေးအိုးဘိုထောင်လည်း အပါအဝင်ဖြစ်သည်။ အငြင်းပွားမှုဖြစ်လျှင် ထောင်အာဏာပိုင်တို့က နိုင်ကျဉ်းများကို ရိုက်နှက်ခြင်း၊ တိုက်ပိတ်၊ အစာဖြတ်ပြစ်ဒဏ်ပေးခြင်း၊ သေနတ်ဖောက်ခြိမ်းခြောက်ခြင်း မကြာခဏပြုလုပ်နေသည်ဆိုသော သတင်းများ ကျယ်ပြန့်စွာထွက်ပေါ်နေသည်။

စစ်ကောင်စီသည် ကိုဗစ်ကပ်ရောဂါအကြောင်းပြကာ ထောင်ဝင်စာတွေ့ခွင့်ပိတ်ထား၍ သတင်းများကို အတည်ပြုရန် ခက်နေသည်။ ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် အိုးဘိုထောင်အာဏာပိုင်တို့၏ ရိုက်နှက်မှု၊ လျှပ်စစ်ရှော့တိုက်စက်များနှင့် နှိပ်စက်မှု၊ အစာဖြတ်၊ တိုက်ပိတ်မှုတို့ကို နိုင်ကျဉ်း ၁၆ ဦး ကြုံခဲ့ရဖူးကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) က သတင်းထုတ်ပြန်ဖူးသည်။

လွန်ခဲ့သော သုံးလခန့်က အိုးဘိုထောင်မှ လွတ်မြောက်လာသည့်အမျိုးသမီးတစ်ဦးကလည်း အလားတူ ပြောကြားသည်။

“ထောင်ထဲမှာဆိုရင် နိုင်ကျဉ်းတွေက ပိုပြီးဖိနှိပ်ခံရတယ်၊ သူတို့က နိုင်ငံရေးအမှုနဲ့ ဝင်လာရင်ကို အလိုလို မျက်မုန်းကျိုးပြီး ဖိနှိပ်တာ။ အဆိုးဆုံးက ထောင်သားအချင်းချင်း ပြန်အုပ်ချုပ်ခိုင်းတာ၊ ဆေးမှုတို့ လောင်းကစားမှုတို့နဲ့ ထောင်ကျလာသူတွေက နိုင်ကျဉ်းတွေကို အုပ်ချုပ်တယ်၊ နှိပ်စက်တယ်” ဟု သူက ပြောသည်။

“ကျွန်မဆိုရင် ဝင်ဝင်ချင်းနေ့မှာပဲ အခြားအမှုက အကျဉ်းသူတစ်ဦးကနေ အပြစ်ရှာပြီး ခါးပတ်နဲ့ ရိုက်တာ ခံခဲ့ရဖူးတယ်”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဖေဖော်ဝါရီ ၁၀ ထုတ်ပြန်ချက်တွင် စစ်ကောင်က ဆက်လက်ဖမ်းဆီးထားသူ စုစုပေါင်း ၁၃,၈၈၄ ဦး ရှိနေသည်၊ ထိုအထဲတွင် အမျိုးသမီး ၃,၀၄၄ ဦး ပါဝင်သည်ဟု ဖော်ပြထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button