သတင်း

စစ်ကိုင်းတွင် တိုက်ပွဲငယ် ၂ ခု ဖြစ်ပွား

စစ်တပ်သတင်းပေးတစ်ဦးကို ဇန်နဝါရီ ၆ ရက်နေ့က နောက်ယောင်ခံလိုက်ရာမှ စစ်ကိုင်းမြို့ စစ်စခန်းတစ်ခုရှေ့တွင် တိုက်ပွဲဖြစ်ခဲ့ကြောင်း Truth Keeping Force – (TKF) Amarapura တော်လှန်ရေးတပ်ဖွဲ့ဝင် ဗိုလ်နေလင်းက ပြောသည်။

မန္တလေးတိုင်း အမရပူရမြို့နယ်မှ စစ်တပ်သတင်းပေး ဝေယံအောင်ဆိုသူကို နောက်ယောင်ခံလိုက်ရာမှ စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ ဂိတ်ပေါက်အနီး လမ်းမကြီးပေါ်တွင် တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။

“အဲ့ဒီကောင် မြို့နယ်ထဲက ထွက်ကတည်းက နောက်က လိုက်သွားတာ၊ စစ်ကိုင်း ၃၃ တပ်ပေါက် ကျော်ကျော်ချင်းပဲ ဒီကောင်နဲ့ တူတူပါလာတဲ့ ကားနှစ်စီးပေါ်ကနေ ကျွန်တော်တို့ကားကို ညှပ်ပြီးပစ်တာ၊ ကျွန်တော်တို့လည်း ပြန်ပစ်ရတာပေါ့၊ အပြန်အလှန်ပဲ” ဟု သူက ဆိုသည်။

“ဒီကောင်တွေ ကားပေါ်ကလည်း နှစ်ယောက်ကို ထိအောင် လုပ်နိုင်ခဲ့တယ်။ ဒဏ်ရာရရုံပဲလို့ ယူဆပါတယ်။ ဒီကောင်တွေ ၂ ယောက် ထိသွားတော့ ဆက်မလိုက်တော့ဘဲ၊ ကျန်ခဲ့တော့တာ”

၅ မိနစ်ကျော် ပစ်ခတ်မှုအတွင်း TKF တပ်ဖွဲ့ဝင်တစ်ဦး ပခုံးတွင် ကျည်ထိခဲ့သည်၊ ယခုအခါ ဒဏ်ရာရသူ သက်သာလာပြီး ၎င်းတို့အားလုံးလည်း ဘေးကင်းရာသို့ ရောက်ရှိနေပြီဟု ဆိုသည်။

ရဲစခန်းအနီး တိုက်ပွဲ

ဇန်နဝါရီ ၇ ရက်နေ့ နံနက်ပိုင်းကလည်း စစ်ကိုင်းမြို့ ညောင်ပင်ဝန်းကျေးရွာ ရဲစခန်းအနီး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။

စျေးဝယ်ထွက်မည့် ရဲ ၇ ယောက် မိုင်းထိသွားချိန်တွင် လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု တိုက်ခိုက်ရေးတွင် ပါဝင်သည့် Moe Nyo Revolution Force – MNRF တပ်ဖွဲ့က ဆိုသည်။

“(သူတို့) ဈေးဝယ်ထွက်လာတာ၊ ကျွန်တော်တို့က မိုင်းအသင့်ထောင်ပြီး တိုက်တာ၊ ကျွန်တော်တို့က အဲဒီ ၇ ယောက်ကို တိုက်ခိုက်နေတုန်း၊ ရဲစခန်းတွင်းကနေ ခုခံတဲ့အတွက် ကျွန်တော်တို့ မဟာမိတ်တွေကလည်း စခန်းကို ဗုံးသီးတွေနဲ့ ပစ်ပေးတယ်” ဟု ခေါင်းဆောင် ကိုမိုးညိုက ဆိုသည်။

စခန်းရှေ့ မီတာ ၅၀ ခန့်အကွာတွင် မိုင်း ၇  လုံး အသုံးပြုသည့် တိုက်ပွဲတွင် ရဲ ၅ ယောက် သေဆုံးသည်၊ ကျန် ၂ ယောက်လည်း ဒဏ်ရာပြင်းထန်သည်ဟု ၎င်းက ဆက်ပြောသည်။

ရဲစခန်းအတွင်းရှိနေသူများက တိုက်ပွဲဖြစ်ရာသို့ ပစ်ခတ်ရာ တော်လှန်ရေးမဟာမိတ်တပ်များက ၄၀ မမ၊ ၆၀ မမ စိန်ပြောင်းလက်နက်သုံးပြီး တုံ့ပြန်ခဲ့သည်၊ ၄၅ မိနစ်ခန့် ဖြစ်ပွားသော တိုက်ပွဲအပြီး နောက်ဆက်တွဲ ထိခိုက်မှုအခြေအနေကို မသိရသေးဟု ဆိုသည်။

ထိုအဖွဲ့က ထုတ်ပြန်သည့် ရဲများကို တိုက်ခိုက်မှု မှတ်တမ်းရုပ်သံတွင် မောင်းပြန်သေနတ်များနှင့် ပစ်ခတ်ပြီး ပြန်လည်ဆုတ်ခွာသွားပုံကို တွေ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button