
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ရွာမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ဖေဖော်ဝါရီ ၆ နံနက်ပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ရာ ၃ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရသွားနိုင်သည်ဟု ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
အင်အား ၇၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို ကိုးတောင်ဘို့ ပကဖနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့သည်၊ မိုင်းဆွဲတိုက်ခိုက်သည့်နေရာမှာ ကောလင်းမြို့နယ်နှင့် ကန့်ဘလူမြို့နယ်အစပ် ကိုင်းမရွာအကျော် ကျောက်မဲတောင်အနီးတွင် ဖြစ်သည်ဟု ကောလင်း-ပကဖအဖွဲ့ ရှေ့တန်းတပ်ဖွဲ့ဝင်က ပြောသည်။
“နေ့လယ် ၂ နာရီလောက်မှ စစ်ကြောင်း ပြန်ခေါက်သွားတယ်ဗျ၊ သေတဲ့သူတွေကို လှည်းပေါ်တင်ပြီး၊ ဒဏ်ရာရတဲ့သူတွေကို ထမ်းခေါ်ပြီး ကိုးတောင်ဘို့ အထိုင်ထဲကို ပြန်ဝင်သွားတယ်ဗျ” အဆိုပါ တပ်ဖွဲ့ဝင်က ပြောသည်။
မိုင်းကွဲအပြီး စစ်ကောင်စီတပ်သည် ကိုင်းမရွာသို့ ဝင်ရောက်ကာ စစ်ကြောင်းပြန်လာမည်ဖြစ်သောကြောင့် သတိထားနေထိုင်ကြရန် ခြိမ်းခြောက်သွားကြသည်ဟု သိရကြောင်း သူက ဆက်ပြောသည်။
ပြီးခဲ့သည့်ရက်များက ဝန်းသိုနှင့် ကောလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရမှုကြောင့် ကောလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာခြင်းဖြစ်နိုင်ကြောင်း သူက သုံးသပ်သည်။
ယနေ့နံနက် (ဖေဖော်ဝါရီ ၇ ရက်) နံနက် ၁၀ နာရီခန့်တွင် ကိုးတောင်ဘို့ရွာအတွင်းသို့ ရဟတ်ယာဉ်တစ်စီး ဆင်းသက်ခဲ့သည်၊ နံနက် ၈ နာရီခန့်ကလည်း ကောလင်းမြို့ပေါ်ရှိ စစ်ကောင်စီ လက်နက်ကိုင် ၆၀ ကျော် ကိုးတောင်ဘို့ရွာသို့ သွားရောက်ခဲ့သည်ဟု သိရသည်။
ဇန်နဝါရီ ၄ ရက်ကလည်း ဝန်းသိုမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းတစ်ခု ပိတ်ဆို့တိုက်ခိုက်ခံရသလို အဆိုပါ စစ်ကြောင်းကို စစ်ကူပေးရန် သွားသည့် စစ်ကြောင်းတစ်ခုမှာလည်း ကောလင်းမြို့နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးသည်။ လက်အောက်ခံတပ်သားများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းအမှောင်ချထားသည်။
စစ်ကိုင်း-ကချင် နယ်စပ်မျဉ်းအနီးတွင် ရှိသည့် ကောလင်း၊ ဝန်းသို၊ အင်းတော်၊ ကသာ၊ ထီးချိုင့် စသည့် မြို့နယ်များမှာ ၎င်းတို့ ဒေသအတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များကို အဆက်မပြတ်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း နည်းလမ်းမျိုးစုံဖြင့် နှိပ်ကွပ်ရန် ကြိုးစားနေသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ အင်းတော်၊ ဗန်းမောက်၊ ကောလင်း ပင်လယ်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်၊ ရေဦး စသည့်မြို့နယ် ၁၁ မြို့နယ်ကို စစ်ကောင်စီက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်အုပ်ချုပ်ရေး ကြေညာထားရာ ထိုမြို့နယ်များတွင် စစ်ရေးလှုပ်ရှားမှု၊ အရပ်သားများ ရန်ပြုခံရမှု ပိုမိုများပြားလာဖွယ်ရှိသည်ဟု လေ့လာသူတို့က ခန့်မှန်းထားကြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)