
စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်တွင် ဖေဖော်ဝါရီ ၄ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းတစ်ခု ပိတ်ဆို့ တိုက်ခိုက်ခံရသည့်နေရာမှ ဖောက်ထွက်နိုင်ရန် လေတပ်အကူအညီ ယူခဲ့ရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။
ဝန်းသိုမြို့အရှေ့တောင်ဘက် ၈ မိုင်ခန့်အကွာတွင် စစ်ကြောင်းထိုးနေသည့် စစ်သား ၇၀ ကျော်ကို ဝန်းသို၊ ကောလင်းအခြေစိုက် PDF တပ်များ၊ ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) များ ပေါင်းပြီး ပိတ်ဆို့ တိုက်ခိုက်ကြသည်။
ချောင်းဆုံရွာအနီး ဖြစ်ပွားသည့် အဆိုပါတိုက်ပွဲသည် နံနက် ၉ နာရီမှစတင်၍ တစ်နေကုန်နီးပါး ဖြစ်ပွားခဲ့သည်ဟု ဝန်းသို PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အဲဒီစစ်ကြောင်းက ကျည်ကုန်သလောက်ဖြစ်နေတော့ ပိတ်မိနေတဲ့သဘောပေါ့၊ ချောင်းဆုံနားမှာရော၊ ပိန်းကန်းနား ရွာနားက တောထဲမှာ ပိတ်မိနေလို့ ဝိုင်းပစ်တာ တော်တော်အထိနာသွားတယ်” ဟု သူက ဆိုသည်။
စစ်ကောင်စီတပ် မည်မျှထိခိုက်သည်ကို အတိအကျ မသိရသေးကြောင်း၊ ပူးပေါင်းတပ်များဘက်တွင် ထိခိုက်သေဆုံးမှုမရှိကြောင်း သူက ဆက်ပြောသည်။
စစ်ကူပေးရန် ကောလင်းမြို့မှ ထွက်လာသည့် အင်အား ၆၀ ကျော်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည်လည်း ယင်းနေ့ မွန်းလွဲ ၁ နာရီခန့်တွင် ကောလင်းမြို့နယ် ရွှေတိုက်ကုန်းရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံရသည်ဟု ကောလင်း-ပကဖမှ ရှေ့တန်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဝန်းသိုမြို့ပေါ်ရှိ ခြေမြန်တပ်ရင်း (၁၁၁) နှင့် (၁၂၀) တို့ကလည်း တိုက်ခိုက်ခံရသည့် နေရာဘက်သို့ လက်နက်ကြီးများဖြင့် တစ်နေကုန်နီးပါး ပစ်ခတ်သည်၊ ည ၈ နာရီခွဲခန့်တွင် စစ်ကြောင်းနှစ်ခု ဩဂရွာတွင် ပူးပေါင်းမိခဲ့ပြီး ညအိပ်ရပ်နားသည်ဟု သိရသည်။
လက်နက်ကြီးကျည်များ ချောင်းဆုံရွာ၊ ဘုရားတောင်ရွာ၊ ကင်မွန်းချုံရွာ၊ အင်တောရွာ၊ ပုဇင်းတာရွာများအနီးသို့ ကျရောက်ခဲ့သည်၊ ချောင်းဆုံရွာမှ စာသင်ကျောင်းပျက်စီးသလို အမျိုးသားတစ်ဦးဒဏ်ရာရခဲ့ပြီး ဘုရားတောင်ရွာမှ နွား ၄ ကောင် သေဆုံးခဲ့သည်။

တိုက်ပွဲဖြစ်ပွားမှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် တိုက်ပွဲဧရိယာအနီးရှိ ရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု ကောလင်း-ပကဖအဖွဲ့က ပြောသည်။
“စစ်ကြောင်းလာသမျှ ရွာတွေကတော့ ပြေးကြရတာပဲ၊ တိုက်ပွဲဖြစ်လို့ လက်နက်ကြီးကျပြီဆိုတာနဲ့၊ စစ်ကြောင်းအနား ရောက်ပြီဆိုတာနဲ့ ပြေးကြရတာပဲ။ သူတို့ဦးတည်ရာ လမ်းကြောင်းက အကုန်ပြေးရတယ်” ဟု ကောလင်း-ပကဖမှ အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။
နောက်တစ်နေ့ (ဖေဖော်ဝါရီ ၅) နံနက် ၅ နာရီခန့်တွင် ဝန်းသိုမြို့တွင်းမှ စစ်ကား ၄ စီးက မြို့အရှေ့ဘက် အရှေ့ဘက် ၄ မိုင်ခန့်အကွာရှိ ဩဂရွာတွင်ရှိနေသည့် ဒဏ်ရာရသူများ၊ ရုပ်အလောင်းများ၊ ခြင်းကြားများ၊ လက်နက်များကို လာရောက်သယ်ယူသွားခဲ့သည်ဟု ဆိုသည်။
အင်အား ၁၀၀ ကျော်ပါ အဆိုပါ ပူးပေါင်းစစ်ကြောင်းမှာ ဩဂရွာမှ ထွက်ပြီးနောက် ဖေဖော်ဝါရီ ၅ ရက်တွင် တစ်နေကုန် စစ်ကြောင်းထိုးနေခဲ့ပြီး မွန်းလွဲ ၄ နာရီခန့်တွင် ဝန်းသိုမြို့တွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်ဟု သိရသည်။
ယနေ့နံနက်တွင်လည်း ဝန်းသိုခြေမြန်တပ်ရင်း (၁၂၀) မှ စစ်ကြောင်းတစ်ခုက ကျေးရွာများသို့ စစ်ကြောင်းထိုးနေသည်၊ ထိတွေ့တိုက်ပွဲမဖြစ်ပွားသေးဟု ဝန်းသို-PDF အဖွဲ့က ပြောသည်။
ထို့ပြင် ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ရွာမှ ထွက်လာသည့် အင်အား ၇၀ ကျော်ပါ စစ်ကြောင်းမှာ ကောလင်းမြို့နယ်အတွင်းသို့ ဝင်ရောက်လာသည့်အတွက် စောင့်ကြည့်နေသည်ဟု ကောလင်း-ပကဖအဖွဲ့က ပြောသည်။
စစ်တပ်က ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ ပြန့်ပွားလာသည့် လက်နက်ကိုင်တော်လှန်ရေးတွင် စစ်ကိုင်းတိုင်းက ရှေ့တန်းမှ ဦးဆောင်နေသည်။
စစ်ကိုင်း-ကချင် နယ်စပ်မျဉ်းအနီးတွင် ရှိသည့် ကောလင်း၊ ဝန်းသို၊ အင်းတော်၊ ကသာ၊ ထီးချိုင့် စသည့် မြို့နယ်များမှာ ၎င်းတို့ ဒေသအတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များကို အဆက်မပြတ် တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း နည်းလမ်းမျိုးစုံဖြင့် နှိပ်ကွပ်ရန် ကြိုးစားနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)