သတင်း

မန္တလေးတိုက်ခိုက်မှုများတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး သေဆုံး

မန္တလေးတွင် ၂ ရက်အတွင်း ပစ်ခတ် တိုက်ခိုက်မှု ၃ ခု ဖြစ်ပွားရာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၁ ဦး သေဆုံးသွားကြောင်း သိရသည်။

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် ၁၂၂ လမ်းနှင့် ၅၁ လမ်းအနီး သင်ပန်းကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသာဌေးကို သေနတ်သမားတို့က ဖေဖော်ဝါရီ ၄ နံနက်ပိုင်းတွင် ပစ်ခတ်ကြသည်ဟု ယင်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးက Myanmar Now ကို ပြောသည်။

ရပ်ကွက်အတွင်း ကျူးကျော်နေထိုင်သူဟု စွပ်စွဲခံရသူတို့၏ နေအိမ်များ ဖျက်ဆီးရာတွင် ပါဝင်မှုကြောင့် ပစ်သတ်ခံရခြင်း ဖြစ်နိုင်သည်ဟု ၎င်းက ယူဆသည်။

“သူက ရပ်ကွက်ထဲမှာ ကျူးရှင်းတာတွေ၊ ဧည့်စာရင်းကောက်တာတွေတို့မှာ စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်တာတွေရှိတယ်။ အဲဒါကြောင့်မို့ သူ့ကို ဒါတွေဆက်မလုပ်ဖို့ တော်လှန်ရေးအဖွဲ့တွေက သတိပေးတယ်လို့လည်း ကြားခဲ့ရတယ်။ ဒါပေမဲ့ ရာထူးက မထွက်ဘဲ ဆက်လုပ်နေတဲ့အတွက် အသတ်ခံရတယ်လို့ ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။

အသက် ၆၉ နှစ်အရွယ် ဦးသာဌေးသည် ယခင်က ထိုရပ်ကွက်၏ ရာအိမ်မှူးတစ်ဦးဖြစ်ပြီး စစ်ကောင်စီက ရာထူးတိုးပေးထားသည်မှာ မကြာသေးကြောင်း ထိုသူက ဆက်ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကောင်းကြောင်း ရေးသားလေ့ရှိသည့် စာမျက်နှာများတွင် ထိုပစ်ခတ်မှုအကြောင်း ဖော်ပြထားကြသည်ကို တွေ့ရသည်။

ဆိုင်ကယ် ၃ စီးဖြင့် ရောက်လာသူ ၆ ဦးက ဦးသာဌေးကို သေနတ်ဖြင့် ၃ ချက် ပစ်သွားကြောင်း ဖော်ပြထားသည်။

ဦးသာဌေးသည် ရပ်ကွက်နေပြည်သူများကို ဖိနှိပ်လျက်ရှိပြီး ကျူးကျော်များရှင်းလင်းရေးတွင် ဦးဆောင်သူဖြစ်ကြောင်း၊ ဧည့်စာရင်း၊ မဲစာရင်းများကို စစ်ကောင်စီနှင့် ပူးပေါင်းကာ ဦးဆောင်လုပ်ကိုင်ခဲ့ကြောင်း မန္တလေး မြို့ပြပြောက်ကျားတပ်ဖွဲ့အချို့ ပူးပေါင်းလုပ်ဆောင်နေသည့် အောင်စည်တော်စစ်ဆင်ရေး (AST-MDY)  သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုဖြစ်စဉ်အပြီး နောက်တစ်နေ့ ဖေဖော်ဝါရီ ၅ နံနက်တွင်လည်း မန္တလေး အောင်မြေသာစံမြို့နယ်၊ ၂၆ လမ်း၊ ၈၃ လမ်းနှင့် ၈၄ လမ်းကြား အင်းဝဘဏ်ရှေ့ရဲကင်းကို ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ သေဆုံးဒဏ်ရာရမှု အခြေအနေအသေးစိတ်ကို မသိရှိရသေးကြောင်း AST-MDY က ဖော်ပြသည်။

ယင်းနောက် ညပိုင်း ၈ နာရီခန့်တွင် ၅၈ လမ်းနှင့် ၁၂၃ လမ်းအနီး ပြည်ကြီးတံခွန် (စ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးဖောက်ခွဲတိုက်ခိုက်ခံခဲ့ရသည်၊ အစောင့်ကျစစ်သားများက အနီးဝန်းကျင်ကို ပစ်ခတ်ကာ လမ်းသွားလမ်းလာပြည်သူများကို ရှာဖွေစစ်ဆေးကြောင်း ပြည်ကြီးတံခွန်မြို့နယ်တွင် နေထိုင်သူများက ဆိုသည်။

ထိခိုက်သူမရှိသည့် ထိုရုံးတိုက်ခိုက်မှုကိုမူ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ကြောင်း ထုတ်ပြန်ထားခြင်း မရှိသေးပေ။

မန္တလေး မြို့ပြပြောက်ကျားအဖွဲ့အချို့ ပူးပေါင်းလုပ်ဆောင်နေသည့် အောင်စည်တော်စစ်ဆင်ရေးသည် ဇန်နဝါရီလ (၂၇) ရက်နေ့တွင် လူမူကွန်ရက် ဖေ့ဘုတ်စာမျက်နှာ စတင်ဖွဲ့စည်းကာ တစ်ပတ်အတွင်း အုပ်ချုပ်ရေးမှူးနှစ်ဦး၊ သတင်းပေး (ဒလန်) တစ်ဦးကို လုပ်ကြံခဲ့ပြီး ဗုံးခွဲတိုက်ခိုက်မှု ၂ နေရာ လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။

၎င်းတို့က စစ်ကောင်စီကို အားပေးကူညီနေသည့် မည်သည့်ထောက်တိုင်ကိုမဆို ပစ်မှတ်ထားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button