
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မူးမြစ်ကမ်းဘေးမှ ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က ယမန်နေ့ (ဖေဖော်ဝါရီ ၂) တွင် စီးနင်းခဲ့ရာ အသက် ၆ နှစ်အရွယ် ကလေးတစ်ဦး ပစ်သတ်ခံရပြီး အိမ် ၆၀ ကျော် မီးရှို့ခံရကြောင်း သိရသည်။
စစ်ကိုင်းမြို့အနောက်ဘက် ၁၈ မိုင်ကျော်ရှိ မြစ်ကမ်းနံဘေး တံတားဦးရွာနှင့် တာတိုင်ရွာတို့ကို အင်အား ၃၀ ခန့်ဖြင့် စစ်ကောင်စီတပ်က ပစ်ခတ်စီးနင်းခဲ့စဉ် အသက် ၆ နှစ်ရွယ် လင်းရူပါမျိုး ဆိုသည့် ကလေးငယ် ဗိုက်တွင် ကျည်ထိမှန်ကာ ပွဲချင်းပြီးသေဆုံးသွားသည်။
နံနက် ၉ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က တံတားဦးရွာကို စီးနင်းခဲ့ပြီး အိမ်တစ်လုံးကို ရှာဖွေမွှေနှောက်ပြီးနောက် အနီးဝန်းကျင်ကို သေနတ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့ဖြစ်သော တိုက်နယ်စွန် PDF မှ ပြန်ကြားရေးတာဝန်ခံ အမျိုးသားတစ်ဦးက ပြောသည်။
“ရွာမှာ တိုက်ပွဲတွေဘာတွေ မဖြစ်ဘူး (စစ်သား) တွေက မူးနေတာ။ အိမ်တစ်လုံးကိုလည်း ဝင်မွှေသွားတယ်။ အဲဒီနားမှာ တွေ့တာ အကုန်ပစ်သွားတာ ရွာထဲ ဝင်လာလို့ ရုတ်ရုတ်သဲသဲဖြစ်နေတဲ့အချိန်မှာ ထိသွားတာ။ ကလေးကို ကျူရှင်ကနေ သူ့အဒေါ်ကနေ ခေါ်လာတဲ့အချိန် မှန်သွားတာဗျ။ သူတို့ (စစ်တပ်) က အသေပစ်၊ အသေပစ်လို့ အော်ပြီးတော့ ပစ်တာ။ လူကြီးက အပင်တွေ ဘာတွေ ကွယ်တဲ့အချိန် ကလေးကို မှန်သွားတာ။ ဗိုက်မှာ ဒိုးချင်းပေါက် (ထုတ်ချင်းပေါက်) သွားတယ်” ဟု ဆိုသည်။
သေဆုံးသူ ၆ နှစ်အရွယ် မလင်းရူပါမျိုးသည် ပြင်ပကျူရှင်တစ်ခု၌ KG (သူငယ်) တန်း တက်ရောက်နေသူဖြစ်သည်။
ထို့နောက် စစ်တပ်က ကျေးရွာအတွင်း အချိန်အတော်အကြာ လှည့်ပတ်ပစ်ခတ်ပြီးနောက် ၎င်းတို့ စတင်ဝင်ရောက်စဉ်က ရှာဖွေခဲ့သော နေအိမ်ကို မီးရှို့၍ ပြန်ထွက်သွားကြောင်း အထက်ပါအမျိုးသားက ပြောသည်။
ထို့နောက် အဆိုပါစစ်ကြောင်းသည် တံတားဦးရွာမှ ထွက်ခွာသွားပြီး မွန်းလွဲတွင် ထိုနေရာမှ တောင်ဘက် ၆ မိုင်ကျော်၊ မူးမြစ်နှင့် ဧရာတီမြစ်နှစ်ခုဆုံသည့်နေရာရှိ အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိသော တာတိုင်ရွာကို ဝင်ရောက်စီးနင်းခဲ့သည်။
ထိုရွာအတွင်း ဝင်ရောက်သည်နှင့် စစ်တပ်က မီးရှို့ခဲ့သောကြောင့် နေအိမ် ၆၀ နီးပါး မီးလောင်သွားသည်ဟု နယ်မြေထိစပ်နေသည့် မြင်းမူမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ တစ်နေ့တည်းမှာပင် ထိုတပ်သည် တံတားဦးရွာနှင့် ကပ်လျက်ရှိ ညောင်ပင်ဝန်းရဲစခန်းသို့ ဦးတည်ချီတက်သွားကြောင်း၊ ထိုစခန်းသို့ ရောက်ချိန်တွင် စစ်ကိုင်းမြို့နှင့် မြင်းမူမြို့အခြေစိုက် PDF ၈ ဖွဲ့က ထိုစစ်ကြောင်းကို တာဝေးပစ်လက်နက်များဖြင့် အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု မြင်းမူ PDF က ထုတ်ပြန်ထားသည်။
“တာတိုင်ရွာကို ရှို့တဲ့အတွက်ကြောင့်မို့ Battle တော့ လုပ်လို့မရဘူး။ ညောင်ပင်ဝန်းစခန်းထဲ ရောက်နေတဲ့အချိန် မူးမြစ်တစ်ဖက်ကနေ လှမ်းပစ်တာ အဝေးပစ်နဲ့။ ကင်းတဲကို တစ်လုံးကျတယ်။ အများဆုံးကတော့ စခန်းအတွင်းထဲကို ကျတာ” ဟု မြင်းမူ PDF ပြန်ကြားရေးတာဝန်ခံ ရဲဘော်ခင်သောင်းက ပြောသည်။
ညောင်ပင်ဝန်းရဲစခန်းကို ၁၂၀ မမ အမျိုးအစား လက်လုပ်လက်နက်ကြီး ၃ လုံး၊ ၆၀ မမ အမျိုးစား လက်လုပ်လက်နက်ကြီး ၁၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးကြောင်း ရဲဘော်ခင်သောင်းက ပြောသည်။
“ကင်းတဲကို ကျတော့ နှစ်ယောက်သေတယ်။ စခန်းအတွင်းထဲကို ကျတာက ၅ ယောက်သေတယ်လို့ ပြောတယ်။ မနေ့က အလောင်းတွေကို မီးရှို့နေတယ်လို့ မျက်မြင်တွေက ပြောတယ်” ဟု ၎င်းက ပြောသည်။
စစ်ကိုင်းမြို့နယ်အတွင်း ကျေးရွာနှစ်ခုကို စီးနင်းမီးရှို့ကာ ကလေးငယ်တစ်ဦးကို ပစ်သတ်ခဲ့မှုနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်း၍ မရသေးပေ။
စစ်ကောင်စီတပ်သားတို့၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် ၆ နှစ်သမီးငယ်၏ နာရေး (စိတ်မချမ်းမြေ့ဖွယ် မြင်ကွင်းများ ပါဝင်ပါသည်)
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)