သတင်း

စစ်အုပ်ချုပ်ရေးကြေညာထားသည့် ခင်ဦးမြို့တွင် နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရ

အာဏာသိမ်းစစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ယနေ့ (ဖေဖော်ဝါရီ ၃ ရက်) နံနက်ပိုင်းက မြို့လယ်ကောင်တွင် နယ်ထိန်း ရဲတပ်ကြပ်တစ်ဦးကို တော်လှန်ရေးအဖွဲ့က ပစ်သတ်ကာ လက်နက်ကို သိမ်းယူခဲ့သည်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့လယ် အောင်ချမ်းသာရပ်ကွက်ရှိ ဗိုလ်ချုပ်ကြေးရုပ်အနီး တပ်စွဲထားသော စစ်စခန်းနှင့် ပေ ၁၀၀၀ ပင် မဝေးသည့် နေရာတွင် နယ်ထိန်းရဲ ရဲတပ်ကြပ် ထက်ဝေစိုးကို ခင်ဦးမြို့နယ်ပကဖဦးဆောင်ပြီး၊ မြို့ပေါ်ပြောက်ကျားတပ်ဖွဲ့များက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့တပ်စွဲထားတဲ့ မင်းသိုက်ဆေးဆိုင် (ဗိုလ်ချုပ်ကြေးရုပ်နှင့် မျက်နှာချင်းဆိုင်တွင်ရှိ) အဆောက်အအုံထဲက ထွက်လာတဲ့အချိန် သုတ်သင်နိုင်ခဲ့တာပါ။ သူအသင့်ပါလာတဲ့ သေနတ်နဲ့ ပြန်တိုက်ခိုက်ဖို့ လုပ်သေးပေမဲ့ ကျွန်တော်တို့ နှစ်ချက်ပစ်ပြီး လက်ဦးမှုယူလိုက်နိုင်တယ်” ဟု ရဲတပ်ကြပ်ကို လုပ်ကြံသည့် ခင်ဦးဖီးနစ် ပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ပြောသည်။

စစ်စခန်းအတွင်းမှ ဆိုင်ကယ်ဖြင့် ထွက်လာသည့် နယ်ထိန်းရဲကို စောင့်ကြည့်ပြီး စခန်းဘက်သို့ ပြန်လာစဉ်မှာပင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပစ်ခတ်မှုသည် ခင်ဦးမြို့နယ်ကို စစ်အုပ်ချုပ်ရေး စတင် ကြေညာအပြီး ၁၄ နာရီအကြာတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

နယ်ထိန်းကို ပစ်ခတ်လိုက်ပြီးချိန်တွင် လမ်းသွယ်သုံးခုသာ ခြားသည့် စစ်စခန်းက ပြန်လည်ပစ်ခတ်နေသည့်ကြားမှ ရဲတပ်ကြပ် ကိုင်ဆောင်သည့် G3 အမျိုးအစား ရိုင်ဖယ်သေနတ်ကို ကောက်ယူနိုင်ခဲ့ကြောင်း ခင်ဦးဖီးနစ်ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောသည်။

“အာဏာမသိမ်းခင်က ဒီကောင်က ရဲတပ်သားပဲ အာဏာသိမ်းပြီးတော့ ရာထူးတိုးပြီး၊ နယ်ထိန်းဖြစ်လာတာ အတော်ဆိုးတဲ့ကောင်၊ မြို့ထဲမှာလည်း နာမည်ကြီးတယ်။ ဆန္ဒပြစဉ်အချိန်တွေကတည်းက ရပ်ကွက်တွေ ဝင်စီးတာ၊ ဆဲဆိုကြိမ်းမောင်းတာ ဖမ်းခံရတဲ့သူတွေကို နှိက်စက်တာတွေဆို ခွေးအစစ်တွေထက်ကို ဆိုးတယ်” ဟု သုတ်သင်ခံရသူ နယ်ထိန်းရဲအကြောင်း ခင်ဦးမြို့ခံတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီသည် ယင်းကို ခုခံအားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်း ၃၄ မြို့နယ်အနက် ခင်ဦးမြို့နယ် အပါအဝင် ၁၁ မြို့နယ်ကို ဖေဖော်ဝါရီ ၂ ရက်တွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသည်။

“ကျွန်တော်တို့မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာတဲ့အထဲမှာ တွေ့လိုက်တယ်။ ဒါပေမဲ့ ဒါက ဘာမှ ထူးမသွားဘူး။ သူတို့ဟာသူတို့ ဘာပဲကြေညာချက်ထုတ်ထုတ် ကျွန်တော့်တို့လုပ်နေတဲ့‌ တော်လှန်ရေးကိုလည်း မထိခိုက်ဘူး။ သူတို့ဘက်ကနေ ဒီထက်လည်း ဘာမှ ပိုလုပ်လာနိုင်မှာ မဟုတ်တော့ဘူး။ တစ်ခုပဲ ကျွန်တော်တို့နယ်သားတွေရဲ့ တော်လှန်စိတ်ကိုတောင် ပိုပြီး လှုံ့ဆော်ပေးသလိုပဲ ဒီထက် ဘာမှ ထူးခြားမသွားပါဘူး” ဟု ခင်ဦးဖီးနစ် ပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ပြောသည်။

ခင်ဦးဖီးနစ်ပြောက်ကျားတပ်ဖွဲ့ သိမ်းဆည်းမိသည့် သေနတ်

လက်ရှိအခြေအနေတွင် ခင်ဦးမြို့လယ်ရှိ မင်းသိုက်ဆေးတိုက်အဆောက်အအုံနှင့် မြို့အဝင်တွင်ရှိသည့် ဝန်ထမ်းအိမ်ရာတိုက်တန်းတို့တွင် စစ်ကောင်စီတပ်သားများ ခြေကုပ်ယူ တပ်စွဲထားပြီး ခင်ဦးမြို့၏ အရှေ့ဘက်တစ်ခြမ်းကိုသာ ထိန်းချုပ်နိုင်သည်ဟု ဒေသခံများကဆိုသည်။ ခင်ဦးမြို့၏ အနောက်ဘက်အခြမ်းသို့ စစ်ကောင်စီတပ်သားများ သွားလာခြင်း နည်းပါးပြီး စစ်ကြောင်းထိုးသည့်အချိန်များတွင်သာ လှုပ်ရှားနိုင်သည်ဟု ဆိုကြသည်။

ခင်ဦးနယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များက စစ်စခန်းများရှိနေသည့်ကြားမှပင် အာဏာသိမ်းစစ်တပ်၏ ထောက်တိုင်များကို အခါအခွင့်သင့်တိုင်း တိုက်ခိုက်လျက်ရှိနေသည်။

စစ်ကောင်စီသည် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၁၁ မြို့နယ်၊ ချင်းပြည်နယ်အတွင်းရှိ ၇ မြို့နယ်၊ မကွေးတိုင်းနှင့် ပဲခူး ၅ မြို့နယ်စီနှင့် ကယားပြည်နယ်တွင် ၄ မြို့နယ်၊ ကရင်ပြည်နယ် ၂ မြို့နယ်နှင့် မွန်ပြည်တွင် ၁ မြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး ကြေညာထားသည်။

စစ်ခေါင်းဆောင်၏ စစ်အုပ်ချုပ်ရေးအမိန့်အရ ပြစ်မှုကျူးလွန်သူများကို စစ်ခုံရုံးက တရားစီရင်မည်ဖြစ်ပြီး သေဒဏ်၊ နှစ်အကန့်အသတ်မရှိ အလုပ်နှင့် ထောင်ဒဏ်များ ချမှတ်မည်ဖြစ်ကာ အယူခံဝင်ခွင့် မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button