သတင်း

တနင်္သာရီတိုင်းတွင် စစ်ကောင်စီအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

ယမန်နေ့ (ဖေဖော်ဝါရီ ၁) က တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး နေအိမ်၌ ရှိနေချိန် သေနတ်ဖြင့် ၈ ချက် ပစ်သတ်ခံရပြီး သေဆုံးသွားသည်ဟု သိရသည်။

လုပ်ကြံသတ်ဖြတ်ခံရသူမှာ အသက် ၅၀ အရွယ် ဦးကျော်စိုးဆိုသူဖြစ်ကာ သရက်ချောင်းမြို့ မြောက်ဘက် သုံးမိုင်ခန့်အကွာရှိ ပိန်းတောရွာအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှူးဖြစ်လာသည့် ဦးကျော်စိုးမှာ ပျူစောထီးအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး ကျေးရွာနေ ပြည်သူများအား ခြိမ်းခြောက်နေသဖြင့် ယမန်နေ့ မွန်းလွဲ ၁ နာရီက ၎င်း၏နေအိမ်တွင် ပစ်ခတ်ရှင်းလင်းလိုက်ခြင်းဖြစ်သည်ဟု မြို့နယ်အခြေစိုက် ကာကွယ်ရေးအဖွဲ့တစ်ခုက ဆိုသည်။

“အိမ်မှာ ရှိနေတုန်း ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။ ခေါင်းနှင့် နောက်ကျောမှာ ကျည်ထိမှန် ပွဲချင်းပြီး သေသွားတယ်” ဟု ပစ်ခတ်မှုတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောသည်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို လုပ်ကြံသူများမှာ လုံခြုံသည့်နေရာတွင် မရှိသေးသဖြင့် အဖွဲ့အမည်ကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုသည်။

ဦးကျော်စိုးမှာ စစ်ကောင်စီက လှုံ့ဆော်နေသည့် လူဦးရေစာရင်းကောက်ယူမှုများအတွက် ရွာသားများအပေါ် ခြိမ်းခြောက်ဖိအားပေးမှုများရှိသည့်အပြင် စစ်အာဏာသိမ်းမှုဆန့်ကျင်သူ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) တွင် ပါဝင်နေသူများအပေါ်တွင်လည်း ခြိမ်းခြောက်လျက်ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဆန္ဒပြတုန်းကပါခဲ့တဲ့ လူငယ်တွေကို ဆက်လုပ်ရင် ရဲခေါပြီး ဖမ်းခိုင်းလိုက်ရမလားလို့ ခြိမ်းခြောက်တာတွေ လုပ်တယ်။ CDMဝန်ထမ်းတွေဆိုလည်း ထိုင်းကို ပြေးတယ်။။ ထိုင်းရဲက ဖမ်းလို့ ပြန်ပို့ခံရပြီးတော့ ပြန်ပို့ခံရသူတွေဆိုရင်လည်း မင်းကို ဖမ်းခိုင်းလိုက်ရမလားလို့ ခြိမ်းခြောက်လို့ ထပ်ပြေးနေကြရတာတွေရှိတယ်” ဟု အထက်ပါ သတင်းအရင်းမြစ်က ဆိုသည်။

“သူက အိမ်ထောင်စုစာရင်းလာပေးကြ။ လာမပေးသူကို ဖမ်းခိုင်းမယ်လို့ ပြောတာတွေရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်အတွင်းတွင်လည်း ယမန်နေ့က စစ်ကောင်စီ၏ ပျူစောထီးအဖွဲ့ခေါင်းဆောင် ဦးဆန်းတင်ကို နေအိမ်မှာ မြို့နယ် PDF က ဓားဖြင့် တိုက်ခိုက်လုပ်ကြံခဲ့သည်။​ တိုက်ခိုက်မှုအတွင်း ဦးဆန်းတင်ထံမှ M16 အမျိုးစား ရိုင်ဖယ်သေနတ် ၂ လက်နှင့် ကျည်ဆန်များ သိမ်းဆီးရမိသည်ဟု PDF က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီက ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

စစ်ကောင်စီ၏ ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်သော ကာကွယ်ရေးနှင့် လုံခြုံရေးအစည်းအဝေးတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝန်ထမ်းများအပါအဝင် အုပ်ချုပ်ရေးမှူးများ၊ အရပ်သားများ ၅,၄၄၃ ဦးကို လွန်ခဲ့သည့် နှစ်နှစ်အတွင်း PDF တို့က သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီသည် နိုင်ငံအတွင်း ၁၉၈ မြို့နယ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ပြီး မြို့နယ်ပေါင်း ၁၃၀ ကျော်တွင် လုံခြုံရေးလိုအပ်ချက်ရှိနေကြောင်းလည်း ဝန်ခံသွားခဲ့သည်။ အဆိုပါ အချက်များကို အကြောင်းပြလျက် နိုင်ငံသည် ပုံမှန်အခြေအနေမဟုတ် အရေးပေါ်အခြေအနေဖြစ်နေဆဲဆိုကာ စစ်ကောင်စီကို အာဏာသက်တမ်း ၆ လ ထပ်တိုးထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button