
စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့နယ်တွင် စစ်ကောင်စီက ရဟတ်ယာဉ်လေးစီးဖြင့် ပစ်ခတ်စီးနင်းခဲ့စဉ် အမျိုးသမီးတစ်ဦး ဦးခေါင်းကျည်ထိ သေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
ကောလင်းမြို့အရှေ့တောင်ဘက် ၁၈ မိုင်ခန့်အကွာ မန္တလေး-မြစ်ကြီးနားလမ်းပေါ်ရှိ ကုက္ကိုကုန်းရွာအနီးတွင် ယခုလ ၂၇ ရက်၌ စစ်ကောင်စီတပ်က MI 17 အမျိုးအစား သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်နှစ်စီးဖြင့် စစ်သား ၆၀ ခန့် ချပြီးနောက် တိုက်ခိုက်ရေးရဟတ်ယာဉ်နှစ်စီးဖြင့် ပစ်ခတ်ခဲ့သည်။
တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြစ်သော MI 35 နှစ်စီးမှ စက်သေနတ်ဖြင့် ကုက္ကိုကုန်းရွာ အနီးတစ်ဝိုက်ကို တစ်နာရီခွဲခန့်ကြာ ပစ်ခတ်ခဲ့သည်ဟု ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဆိုသည်။
ထိုသို့ပစ်ခတ်စဉ် အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ဦးခေါင်းကို ထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ရဟတ်ယာဉ်မှ ချသွားသော စစ်သားများက ရွာကို ဝိုင်းပတ်ပိတ်ဆို့ကာ စီးနင်းခဲ့သည်ဟု ပကဖအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“သူက ယောက်ျားလေးလို နေတာ။ အဲဒီနေ့က ရွာထဲမှာ သွားနေတုန်း ရဟတ်ယာဉ်က ပစ်တဲ့အချိန်မှာ တစ်ခါတည်း ခေါင်းကို မှန်ပြီး သေတာပဲ” ဟု ၎င်းက ပြောသည်။
စစ်သားများက ရွာကို စီးနင်းစဉ် ဆိုင်ကယ်ဖြင့် ထွက်ပြေးသည့် ကောလင်း-ပအဖ အဖွဲ့ဝင် အသက် ၄၀ ခန့်ရှိသည့် အမျိုးသားတစ်ဦးလည်း ကျည်ထိမှန်ခဲ့ကာ ဆေးကုသမှု ခံယူနေရသည်ဟု ကောလင်းပကဖ တာဝန်ရှိသူက ဆက်ပြောသည်။
အိမ်ခြေရာချီရှိသည့် ရွာကြီးတစ်ရွာဖြစ်သော ကုက္ကိုကုန်းရွာကို ထိုစစ်ကြောင်းက နှစ်ရက်ကြာ စီးနင်းပြီး မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၀ လုံးခန့် မီးလောင်ခဲ့ကာ ဇန်နဝါရီ ၂၉ ရက် မွန်းလွဲပိုင်းတွင် ထိုရွာမှ ထွက်ခွာသွားပြီးနောက် စစ်တပ်က အနီးအနားရှိ ကျောက်တန်းရွာကို ဝင်ရောက်စီးနင်းခဲ့သည်ဟု သိရသည်။
ကုက္ကိုကုန်းရွာစီးနင်းခံရချိန်နှင့် တစ်ချိန်တည်း၌ပင် ကောလင်းမြို့ အရှေ့တောင်ဘက် ၁၄ မိုင်ခန့်အကွာရှိ တောင်ဘို့လှရွာကို အမှတ် ၃၆၃ ခြေမြန်တပ်ရင်းမှ အင်အား ၅၀ ကျော်က ဝင်ရောက်စီးနင်းခဲ့သည်။
လေကြောင်းထိုးစစ်နှင့်အတူ မြေပြင်တပ်ပါ ပူးပေါင်းစစ်ကြောင်းထိုးမှုကြောင့် ကုက္ကိုကုန်းရွာ၊ သုံးမိုင်ကျော်ခန့်ဝေးသည့် တောင်ဘို့လှရွာတို့အပြင် အခြားရွာများမှာ ဒေသခံ ၃၅၀၀ ကျော်မှာ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။
စစ်တပ်က ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့တွင် လက်နက်ကိုင် ခုခံတော်လှန်မှုများ ဖြစ်ပွားနေပြီး စစ်ကိုင်းတိုင်းတွင် အပြင်းထန်ဆုံးဖြစ်သည်။
စစ်ကိုင်း-ကချင်နယ်စပ်မျဉ်းအနီးတွင်ရှိသည့် ကောလင်း၊ ဝန်းသို၊ အင်းတော်၊ ကသာ၊ ထီးချိုင့် စသည့် မြို့နယ်များမှာ ၎င်းတို့ဒေသအတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များကို တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း နည်းလမ်းမျိုးစုံဖြင့် ထိုးစစ်ဆင်နှိပ်ကွပ်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)