ဒေသတွင်း စစ်ရေးအခြေအနေတင်းမာနေသည့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် ယမန်နေ့ (ဇန်နဝါရီ ၂၉) ရက် နံနက်က လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံး မီးရှို့ခံရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်က ဘုရားသုံးဆူမြို့လယ်ရှိ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ရုံး (စရဖ)၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ လူဝင်မှုကြီးကြပ်ရေးဌာနရုံး (လဝက)၊ စည်ပင်သာယာရုံးတို့ မီးရှို့ခံရပြီးနောက် စစ်ကောင်စီ၏ ဌာနဆိုင်ရာ နောက်ထပ်ရုံးတစ်ခု မီးရှို့ခံရခြင်း ဖြစ်သည်။
“ဘုရားသုံးဆူ မြို့အလယ်ကောင်မှာပဲ။ မြေစာရင်းရုံးနဲ့ ပထမရက်က မီးရှို့ခံရတဲ့ လဝကရုံးတို့ စရဖရုံးတို့က ကပ်လျက်ပဲ။ မြေစာရင်းရုံးက စစ်တပ်နဲ့ တော်တော်နီးတယ်။ စစ်တပ်နဲ့ဆို ကိုက်သုံးရာလောက်ပဲ ဝေးတာ၊ မြို့လယ်ကောင်မှာပဲ စစ်တပ်က ရှိနေတာ” ဟု မြို့ခံတစ်ဦးက ပြောသည်။
ဘုရားသုံးဆူတွင် ဌာနဆိုင်ရာရုံးများ ဆက်တိုက်မီးရှို့ခံရသလို စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်သံများ ညစဉ် ကြားရကြောင်း မြို့ခံတချို့ထံမှ သိရသည်။
မြို့တွင်းရှိ စစ်တပ်က မြို့ပြင်ဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ် ခြောက်လှန့်နေသည်ဟု ထိုမြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်ရက်များက ဌာနဆိုင်ရာ ရုံးများ မီးရှို့မှုနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပူးပေါင်းတပ်များ၏ လက်ချက်ဖြစ်ကြောင်း မြို့ခံများက ယူဆကြသော်လည်း KNU ဘက်က အတည်ပြုခြင်း မရှိသေးပေ။
KNU တပ်မဟာ ၆ နယ်မြေဖြစ်သော ထိုဒေသအတွင်း စစ်ကောင်စီတပ်အပြင် KNU တပ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ဒီမိုကရက်တစ်ကရင့်အကျိုးပြုတပ်မတော် (DKBA) နှင့် မွန်ပြည်သစ်ပါတီ (NMSP) လက်အောက်ခံတပ်များလည်း အခြေစိုက်လှုပ်ရှားနေသည်။
ထို့ကြောင့် စစ်ကောင်စီက စစ်ရေးအခြေအနေ တင်းမာနေသော ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ဘုရားသုံးဆူမြို့နယ်နိမိတ်အတွင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ဇန်နဝါရီ ၂၆ မှ မတ် ၂၅ အထိ ထုတ်ပြန်ထားသည်။
ထိုအမိန့်တွင် လူ ၅ ဦးထက် ပိုမစုဝေးရန်၊ ညနေ ၆ နာရီမှ နံနက် ၄ နာရီအတွင်း အပြင်မထွက်ရန် တားမြစ်ထားသည်။
ညမထွက်ရအမိန့်ကြောင့် ထိုင်းနိုင်ငံနှင့် ချိတ်ဆက်၍ စီးပွားရေးနှင့် အလုပ်လုပ်ကိုင်သူများ အခက်အခဲတွေ့နေကြောင်း မြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။
မြို့တွင် နေထိုင်သူအများစုသည် ထိုင်းနိုင်ငံဘက်ခြမ်းရှိ စက်ရုံအလုပ်ရုံများတွင် နေ့ချင်းပြန် အလုပ်လုပ်ကိုင်ပြီး နံနက် ၆ နာရီခန့် မှ ည ၈ နာရီ၊ ၉ နာရီခန့်တွင် မြန်မာနိုင်ငံဘက်သို့ ပြန်လာရသည့်အတွက် ညမထွက်ရအမိန့်နှင့် ငြိစွန်းနေခြင်းကြောင့် အဆင်မပြေဖြစ်နေကြောင်း ထိုင်းဘက်တွင် စက်ရုံအလုပ်သမားအဖြစ် လုပ်ကိုင်သည့် အထက်ပါသတင်းရင်းမြစ်က ပြောသည်။
“အရင်က စည်ကားတဲ့မြို့က လက်ရှိ မြို့ပေါ်မှာ လူအသွားအလာ မရှိသလောက်ပဲ။ သူတို့ (စစ်ကောင်စီ) မာရှယ်လော (ပုဒ်မ ၁၄၄) ထုတ်ပြီးနောက်ပိုင်းကျတော့ လုပ်ငန်းတွေလည်း ဘာလုပ်ငန်းမှ မရှိတော့ဘူး။ မာရှယ်လောဆိုတော့ ညနေ ၆ နာရီနောက်ပိုင်းထွက်ရင် ပစ်ပိုင်ခွင့်ရထားတော့ အပြင်ထွက်ရင်လည်း ပစ်ခံထိမှာလည်း ကြောက်ရသေးတယ်” ဟု ၎င်းက ဆက်ပြောသည်။
ဘုရားသုံးဆူမြို့ရှိ လယ်ယာရုံး မီးရှို့ခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး KNU,PDF လက်ချက်ဖြစ်ကြောင်း စစ်ကောင်စီ၏ ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် ဘုရားသုံးဆူမြို့အနီးပတ်ဝန်းကျင်တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သလို စစ်တပ်ဘက်ကလည်း ဘုရားသုံးဆူမြို့အနီးရှိ သပြုသတ္တုမိုင်း၊ မက္ကသာဘုန်းကြီးကျောင်း စသည့်နေရာများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)