သတင်း

လေကြောင်းတိုက်ခိုက်မှုအပြီး မိုးကုတ်မြို့နယ်အတွင်းရှိ PDF စခန်း လက်လွှတ်ရ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ရှိ စခန်းတစ်ခု စစ်လေယာဉ် ၃ စီးဖြင့် ဗုံးကြဲခံရပြီးနောက် စစ်ကြောင်းမှူးတစ်ဦး သေဆုံးကာ စခန်းကို စွန့်လွှတ်ခဲ့ရသည်ဟု သိရသည်။

ဇန်နဝါရီ ၂၀ မွန်းလွဲပိုင်းတွင် မိုင်းဟုန်းကျေးရွာအနီးရှိ စခန်းကို လေယာဉ် ၃ စီးက ဗုံးကြဲတိုက်ခိုက်သလို စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ခြေလျင်စစ်ကြောင်း ထိုးလာသည့် အရေအတွက်မှာ အင်အား ၂၀၀ ဝန်းကျင် ရှိနိုင်ကြောင်း ထိုတပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံ ကိုမင်းခန့်ကျော်က ပြောသည်။

“လေကြောင်းကလည်း ဗုံးတွေကြဲ၊ စက်သေနတ်တွေနဲ့ ပစ်၊ မြေပြင်ကနေလည်း လက်နက်ကြီးပေါင်းစုံ ပစ်ပြီးတော့ စခန်းကို တိုက်ခိုက်လာတာ” ဟု အသက် ၂၅ နှစ်ဝန်းကျင်အရွယ် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“စကစက အပိုင်ဆော်ခဲ့တာ၊ ကျွန်တော်တို့က အားမတန်လို့ လက်လျှော့ပြီး စခန်းဆုတ်ခဲ့ရတာ၊ ကျွန်တော်တို့ လိုအပ်ချက်တွေလည်း ရှိခဲ့တာမျိုးပေါ့”

ဗုံးသီး အလုံး ၃၀ ခန့် ကြဲချခဲ့သလို စက်သေနတ်များဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကာ မြေပြင်မှ ထိုးလာသည့် စစ်ကြောင်းကလည်း စက်သေနတ်၊ မော်တာများဖြင့် တရစပ် ပစ်ခတ် ထိုးစစ်ဆင်သည်ဟု သူက ဆိုသည်။

ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၂၀ ကျော်ဝန်းကျင် PDF တပ်ရင်း၏ စစ်ကြောင်းမှူး ကိုပက်ဂျီ (PUBG) ဗုံးစ ထိမှန်သေဆုံးခဲ့ပြီး PDF ရဲဘော် ၃ ဦးလည်း ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

စခန်းကို အလျင်အမြန် စွန့်ခွာရာတွင် လက်နက်များကို တစ်ပါတည်း သယ်ဆောင်နိုင်ခဲ့သော်လည်း အလွယ်တကူ သယ်ဆောင်နိုင်ခြင်းမရှိသည့် မီးစက်၊ စားနပ်ရိက္ခာကဲ့သို့သော ပစ္စည်းများစွာလည်း ဆုံးရှုံးခဲ့သည်ဟု ဆိုသည်။

သို့သော်လည်း ရန်သူလာမည်ကို မိနစ်ပိုင်းခန့် ကြိုတင်သတင်းရရှိခဲ့သည့်အတွက် စခန်းဝန်းကျင်သို့ ရောက်လာသော ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့သည်ဟု သိရသည်။

PDF တပ်ခွဲ တစ်ခွဲရှိသည့် အထိုင်စခန်းတွင် စစ်ကြောင်းမှူးတစ်ယောက်ရှိပြီး စစ်ကြောင်းမှူးထက် တာဝန်ရှိသူတို့မှာ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးတို့ ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရဲဘော်များကို သယ်ယူကာ စခန်းမှ ဆုတ်ခွာလာသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-၁၂၂၂ တပ်ရင်း)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) အသိအမှတ်ပြု သပိတ်ကျင်းမြို့နယ် PDF တပ်ရင်းများဖြစ်သည့် အမှတ် ၁၂၂၁ နှင့် ၁၂၂၂ တပ်ရင်းတို့သည် နယ်ချင်းဆက်နေသည့် သပိတ်ကျင်း၊ မိုးကုတ်တို့တွင် အခြေပြု လှုပ်ရှားနေသည်။

အထူးသဖြင့် မိုးကုတ်နှင့် ထိစပ်နေသော ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတချို့တွင် တိုက်ပွဲများတွင် ပါဝင်နေသည်။

ဇန်နဝါရီ ၂၀ တွင် ကြည်းတပ်နှင့် လေတပ် ပူးပေါင်းတိုက်ခိုက်မှု ခံရသည့် စခန်းမှာ ၁၂၂၂ ၏ စခန်းဖြစ်သည်။ စစ်တပ်က အာဏာသိမ်းပြီး၂၀၂၁ မေ ၂၀ တွင် သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းကာ နောက်ပိုင်းတွင် NUG ၏ အမှတ် ၁၂၂၂ တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ဆယ်စုနှစ်များစွာ တိုက်ပွဲအတွေ့အကြုံရှိသည့် အာဏာသိမ်း စစ်ကောင်စီတပ်သည် ရရာလက်နက်စွဲကိုင်ပြီး တော်လှန်နေကြသည့် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များကို ယမန်နှစ်ကတည်းက လေကြောင်းအသုံးပြု တိုက်ခိုက်နေသည်။

ထို့ပြင် လက်နက်ကိုင်၊ အရပ်သား ခွဲခြားခြင်းမရှိဘဲ လူနေကျေးရွာများကိုလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်။

မကြာသေးမီရက်များက စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်းမှ  တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာအတွင်းသို့ လေကြောင်းမှ ဗုံးကြဲခဲ့သေးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button