
ကချင်ပြည်နယ် ကျောက်စိမ်းမြို့တော် ဖားကန့်တွင် ပြီးခဲ့သည့် နှစ်ရက်အတွင်း အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် နေရာအချို့တွင် ပေါက်ကွဲမှု ဖြစ်ခဲ့သလို အမျိုးသားနှစ်ဦးလည်း သတ်ဖြတ်ခံရသည်ဟု ဒေသခံများက ပြောသည်။
ဇန်နဝါရီ ၂၁ တွင် ဖားကန့်မြို့ပေါ်ရှိ ထွေအုပ်ရုံး တည်ရှိရာ စုပေါင်းရုံးကို တော်လှန်ရေးအဖွဲ့တစ်ခုက လက်ပစ်ဗုံး ၈ လုံးဖြင့် ပစ်ခတ်အပြီး ဝန်ထမ်းအချို့ ဒဏ်ရာရခဲ့သည်ဟု အသက် ၃၀ ကျော်အရွယ် ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“စုပေါင်းရုံးမှာ ဗုံးကွဲတော့ သူတို့တွေ အထိအခိုက်ရှိတော့ စုပေါင်းရုံးအပေါ်မှာ မြို့ဦးစေတီဆိုတာရှိတယ်၊ အဲဒီမှာ လက်နက်ကြီးအထိုင်ချထားတော့ အဲဒီက လက်နက်ကြီးလှမ်းပစ်တယ်” ဟု သူက ဆိုသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရုံးအတွင်း သွေးကွက်များ တွေ့ရသည်၊ ဒဏ်ရာရသူများကို လူနာတင်ယာဉ်များက သယ်သွားသည်ဟု မျက်မြင်တွေ့ရှိသူ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
ဗုံးကွဲပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် အနီးဝန်းကျင်ကို ပစ်ခတ်သည့်အတွက် စုပေါင်းရုံး အနီးဝန်းကျင်မှ ဒေသခံများ ရှောင်တိမ်းကြရသည်ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။
ရုပ်အလောင်း နှစ်ခုနှင့် တိုက်ပွဲများ
ယမန်နေ့ (ဇန်နဝါရီ ၂၂) နံနက်က ဖားကန့်မှ လုံးခင်းသို့သွားသည့် လမ်းပေါ်တွင် လူငယ်အမျိုးသား နှစ်ဦး၏ အလောင်းများ စွန့်ပစ်ထားသည်ကို တွေ့ရကြောင်း သိရသည်။
သေဆုံးသူနှစ်ဦးမှာ PDF များနှင့် ဆက်စပ်သူများဖြစ်နိုင်သလို ၎င်းတို့နှစ်ဦးကို သတ်ဖြတ်သူများမှာ တပ်မ (၃၃) လက်အောက်ခံတပ်မှ ဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆသည်။
ထိုနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဖားကန့်မြို့ ဥရုရတနာကျောက်စိမ်းတံတားနှင့် ပန်းတင်တံတားတို့တွင်လည်း ဗုံးပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပွားခဲ့သည်ဟု ဖားကန့်ဒေသခံအချို့က ပြောသည်။
ယနေ့နံနက် ၆ နာရီခန့်က ဖားကန့်မြို့နယ် ယူမာရပ်ကွက်ရှိ အဲဗားဝင်းနားကျောက်စိမ်း ကုမ္ပဏီဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KIA နှင့် PDF များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲမှာ တစ်နာရီခန့် ကြာမြင့်ခဲ့သည်။
PDF အဖွဲ့နှင့် နီးစပ်သူ အသက် ၄၀ ကျော်အရွယ်ရှိသည့် ဒေသခံ အမျိုးသားတစ်ဦးကလည်း စစ်ကောင်စီတပ်မှ ထိခိုက်၊ သေဆုံးသူအချို့ ရှိကြောင်း မျက်မြင်ဒေသခံအချို့ကို ကိုးကားပြီး ပြောသည်။
“ဆိုင်းတောင်နဲ့ ဖားကန့်ကြားက ယူမာရပ်ကွက်မှာ အဲဗားကုမ္ပဏီဝင်းထဲမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ချတာ၊ အထိအခိုက်တော့ တိတိကျကျ မသိရသေးဘူး၊ သူတို့ဘက်က ထိတာတော့ ရှိတယ်” ဟု သူက ဆိုသည်။
ယနေ့နံနက်တွင်မူ ဖားကန့်ကျောက်ဝိုင်းအတွင်း အရပ်ဝတ် စစ်ကောင်စီတပ်သားများက ရွေးကောက်ပွဲအတွက်ဟု ယူဆနေကြသည့် လူဦးရေစာရင်းကောက်နေသလို မြို့ပေါ်တွင်လည်း အစစ်အဆေးများရှိနေသည်ဟု သိရသည်။
တပ်က အာဏာသိမ်းပြီးနောက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသည့် တိုင်းရင်းသားဒေသများတွင် ကချင်ပြည်နယ်လည်း အပါအဝင်ဖြစ်သည်။ အာဏာသိမ်းနှစ်နှစ်နီးပါး ကာလအတွင်း ဖားကန့်သည် ကချင်ပြည်နယ်တွင် တိုက်ပွဲအများဆုံး ဖြစ်ပွားသည့် မြို့နယ်ဖြစ်သည်။
၂၀၂၂ အောက်တိုဘာ ၂၃ ရက်က ဖားကန့်မြို့နယ် အရှေ့မြောက်ဘက်ရှိ အနန့်ပါဒေသကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် KIA အရာရှိအချို့အပါအဝင် အရပ်သားများစွာ သေဆုံးခဲ့သည်။ လကုန်ပိုင်းတွင် ပြည်နယ်မြို့တော် မြစ်ကြီးနားရှိ စုပေါင်းရုံးဟု ခေါ်သော စစ်ကောင်စီ၏ ပြည်နယ်အစိုးရရုံးဝင်းအတွင်း မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရသည်။
KIA က နယ်မြေချင်းထိစပ်နေသော စစ်ကိုင်းတိုင်းအတွင်းမှ လက်နက်ကိုင်တော်လှန်သူများကို စစ်သင်တန်းပေးသည့်အပြင် လက်နက်ထောက်ပံ့ပေးနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)