သတင်း

မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရရုံး ဖောက်ခွဲတိုက်ခိုက်ခံရ

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားရှိ စစ်ကောင်စီ၏ ပြည်နယ်အစိုးရရုံး ယမန်နေ့ (အောက်တို ဘာ ၃၀) ညနေပိုင်းက မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရသည်။

မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ ပြည်နယ်အစိုးရရုံးတွင် ယမန်နေ့ ညနေ ၆ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ကြောင်း၊ ဖျက်အားပြင်းမိုင်းဖြစ်ပြီး အသေးစိတ်အချက်အလက်များကိုမူ မသိရသေးကြောင်း မြို့ပြပြောက်ကျားအဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“၆ နာရီခွဲလောက်ဖြစ်မယ်။ ပေါက်ကွဲသံက ၁၀ မိုင်ပတ်လည်လောက်အထိ ကြားရတာပဲ” ဟု ၎င်းက ဆိုသည်။

ပေါက်ကွဲမှုကြောင့် ပြည်နယ်အစိုးရရုံးရှိ မြစ်ကြီးနားမြို့တွင် တပ်ဆင်ထားသော စောင့်ကြည့်ကင်မရာ (CCTV) များ ထိန်းချုပ်ရာနေရာ ထိခိုက်ပျက်စီးသည်ဟုလည်း အထက်ပါ နီးစပ်သူက ဆိုသည်။​

ဗုံးပေါက်ကွဲမှုကို မြစ်ကြီးနားတစ်မြို့လုံးနီးပါးမှ ကြားခဲ့ရကြောင်း၊ ယခင်က ပေါက်ကွဲဖူးသည့် ဗုံးများထက် ပိုမိုပြင်းထန်နိုင်ကြောင်း မြို့ခံတချို့က ပြောသည်။

“မနေ့က ကျွန်တော် ဘောလုံးကန်ပြီးပြန်လာတဲ့အချိန် ဗုံးပေါက်တဲ့အသံ ကြားရတာပဲ၊ တစ်မြို့လုံး ကြားရတာလေ၊ ကျွန်တော်တို့လည်း ဟိုမေး၊ သည်မေး မေးကြည့်တော့ ထွေအုပ်ရုံး ပေါက်တယ်ဆိုတာ သိရတယ်” ဟု အသက် ၃၀ အရွယ် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုကြောင့် ပြည်နယ်အစိုးရရုံးနှင့် ကပ်လျက်ရှိ ဝန်ထမ်းလိုင်းခန်းတွင်လည်း အနည်းငယ် ထိခိုက် ပျက်စီးသည်ဟု အထက်ပါ မြို့ခံက ဆိုသည်။​

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသည့်အပြင် စစ်ကောင်စီကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။​

မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့်နှစ်က မြို့နယ်တရားရုံး၌ ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် ယခု ပြည်နယ်အစိုးရရုံးပေါက်ကွဲမှုမှာ အပြင်းထန်ဆုံးဖြစ်သည်ဟု အဆိုပါမြို့ခံက ဆက်ပြောသည်။

ယနေ့နံနက်တွင် မြစ်ကြီနားမြို့တွင် စစ်ဆေးမှုအချို့ရှိသော်လည်း ပုံမှန်အတိုင်း သွားလာလှုပ်ရှားလျက်ရှိသော်လည်း ညပိုင်းတွင် စစ်ဆေးမှုများရှိနိုင်သည့်အတွက် သတိနှင့် သွားလာလှုပ်ရှားနေကြသည်ဟု မြို့ခံများထံမှ သိရသည်။

အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ ခုခံမှုပေါင်းစုံ ပေါ်ပေါက်လာရာတွင် တောတွင်းလက်နက်ကိုင်ခုခံမှုများ ရှိသလို မြို့ပေါ်ရှိ စစ်ကောင်စီထောက်တိုင် အစိုးရရုံးများကို ဦးတည်တိုက်ခိုက်မှုများလည်း ပြုလုပ်လာသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက် ညပိုင်းကလည်း မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ဘက်ထောက်လှမ်းရေးရုံး (စရဖ) ရုံးကို မြို့ပြပျောက်ကြားအဖွဲ့တစ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်မှုကြောင့် မြို့ခံတချို့ ထိခိုက်ဒဏ်ရာရခဲ့ကြသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်အခြေစိုက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားသည့်နည်းတူ နယ်မြေချင်းထိစပ်နေသော စစ်ကိုင်းတိုင်းအတွင်းမှ လက်နက်ကိုင်တော်လှန်သူများကို KIA က စစ်သင်တန်းပေးသည့်အပြင် လက်နက်ထောက်ပံ့ပေးနေသည်ဟု စစ်ကောင်စီကလည်း စွပ်စွဲထားသည်။

အောက်တိုဘာ ၂၃ ရက်က ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်း ၆၂ ပြည့်အထိမ်းအမှတ် အကြိုဂီတဖျော်ဖြေပွဲ ပြုလုပ်နေစဉ် စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် လူပေါင်း ၆၀ ကျော်သေဆုံးကာ ဒဏ်ရာရသူလည်း များပြားခဲ့သည်။

လက်ရှိတွင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်တွင် စစ်ကောင်စီနှင့် KIA တို့အကြား စစ်ရေးတင်းမာနေသည့်အပြင် နေ့စဉ်ရက်ဆက် တိုက်ပွဲများဖြစ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button