သတင်း

အင်းတော်မြို့တွင် ဓားစာခံ ၃ ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်အတွင်း ရွာစဉ်လှည့် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဓားစာခံ ၃ သုံးဦးကို သတ်ဖြတ်ခဲ့ကြောင်း အင်းတော် PDF ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

အသတ်ခံရသူတို့မှာ ထီးချိုင့်မြို့နယ် လယ်မီးရွာဒေသခံများဖြစ်ကြပြီး ရုပ်အလောင်းများကို ဇန်နဝါရီ ၂၁ ရက်နေ့က အင်းတော်မြို့တောင်ဘက် မိုင်၂၀ ခန့်အကွာ ဦးသျှစ်ကုန်းကျေးရွာအနီး တောထဲတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရုပ်အလောင်းများတွင် ရက်ရက်စက်စက်ရိုက်နှက်ရာမှ ရရှိထားသည်ဟု ယူဆရသည့် ဒဏ်ရာများ တွေ့ရကြောင်း အင်းတော်မြို့နယ် PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“တစ်ယောက်ကတော့ ခေါင်းပြားအောင် ထုရိုက်ခံထားရတယ်။ နှစ်ယောက်ကတော့ လည်ပင်းပြတ်ရှ ဒဏ်ရာရှိတယ်၊ သေနတ်နဲ့ မပစ်သတ်ဘဲနဲ့ ရိုက်နှက်ပြီး သတ်ဖြတ်သွားတာပေါ့” ဟု ဆိုသည်။

သတ်ဖြတ်ခံရသူများမှာ အသက် ၃၅ နှစ်အရွယ် ကိုရဲဝင်းအောင်၊ ကိုညိုအေးနှင့် အသက် ၄၀ အရွယ် ကိုစန်းဝေတို့ဖြစ်ကြောင်းသိရသည်။

သတ်ဖြတ်ရသည့် အကြောင်းရင်း၊ ဓားစာခံအဖြစ် စတင်ဖမ်းဆီးခံရချိန်တို့ကို မသိရသေးသလို ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်က ရွာများကို စစ်ကြောင်းထိုးစဉ် အရပ်သားများကို ဓားစာခံအဖြစ် ခေါ်ဆောင်သွားလာခြင်းမှာ တိုက်ခိုက်ခံရခြင်းမှ ကာကွယ်ရေးအတွက် ဖြစ်သည်ဟု သိရသည်။

စစ်သားများ လူသားဒိုင်းအကာအကွယ်သုံးခြင်းမျိုးကို တိုင်းရင်းသားဒေသ စစ်ဆင်ရေးများတွင်လည်း နှစ်ပေါင်းများစွာ တွေ့ခဲ့ရသည်။

ဇန်နဝါရီ ၂၀ရက်နေ့ကလည်း အလောင်းများတွေ့ရှိခဲ့သည့် ဦးသျှစ်ကုန်းရွာနှင့် တစ်မိုင်အကွာ ကြိမ်ချောင်းရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်အကျအဆုံးရှိခဲ့ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“တိုက်ပွဲကတော့ နာရီဝက်လောက်ပဲ ဖြစ်တာ၊ သူတို့ဘက်က ၄ ယောက် ထိခိုက်တယ်၊ ၁ ယောက် သေတယ်။ အလောင်းကို မြှုပ်ထားခဲ့တာ” ဟု အင်းတော် PDF ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

စစ်တပ်ဘက်မှ မြှုပ်နှံထားသော အလောင်းနှင့်အတူ တွေ့ရသော အမိန့်ပြန်တမ်းစာ။ (ဓာတ်ပုံ -Indaw Revolution)

မြေမြှုပ်ထားသည့် စစ်သားရုပ်အလောင်းတွင် တွေ့ရသော အမိန့်ပြန်စာအရ သေဆုံးသူသည် တပ်သားချမ်းငြိမ်းနိုင် (တ-၅၅၄၂၀၈) ဖြစ်သည်ဟု သိရသည်။

တိုက်ပွဲတွင် ပူးပေါင်းတပ်မှ အသက်၂၀ ခန့်အရွယ် ပကဖအဖွဲ့ဝင်တစ်ဦးသေဆုံး၊ PDF နှစ်ဦး ဒဏ်ရာရကြောင်း သိရသည်။

ထိုဒေသရှိ လက်နက်ကိုင်တော်လှန်ရေးသမားများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပူးပေါင်းဆောင်ရွက်နေသည်ဟု သိရသည်။

အင်အား ၁၃၀ ခန့်ပါ အဆိုပါစစ်ကြောင်းသည် တပ်မ ၈၈ လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) ၃၀၁ နှင့် ခလရ ၄၁၆ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်ကြောင်း ဒေသခံနှင့် PDF ထံမှ သိရသည်။

ထိုစစ်ကြောင်းမှ အင်အား တစ်ဝက်ခန့်သည် အင်းတော်မြို့အတွင်း ပြန်လည်ဝင်ရောက်သွားပြီး ကျန်တစ်ဝက်ခန့် သည့် နဘားကျေးရွာအနီး ယနေ့အထိ စစ်ကြောင်းထိုးနေဆဲဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် စစ်ကြောင်းနှင့်အတူ ဒေသခံများကို ဓားစာခံအဖြစ် ဖမ်းဆီးလေ့ရှိကာ ရွာစဉ်တစ်လျှောက် စစ်ကြောင်းထိုးစဉ် ဖမ်းခေါ်သွားပြီး ပြန်လွှတ်ပေးသူများရှိသလို သတ်ဖြတ်ခံရသူများလည်း ရှိသည်။

ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးမှ ရွာများကို စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျောက်ဖြူတိုင်ရွာသား ၃၆ နှစ်အရွယ် ကိုခိုင်စိုးကို ဖမ်းဆီးသွားပြီးနောက် ၆ ရက်အကြာ (ဇန်နဝါရီ ၁၉)  ထုရိုက်ခံထားရသည့် ဒဏ်ရာများနှင့် ရုပ်အလောင်းအဖြစ် နေထိုင်ရာရွာမှ ၅ မိုင်ခန့်အကွာ ထန်းတောထဲတွင် တွေ့ရှိခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button