အတွေးအမြင်

အာဆီယံအလှည့်ကျဥက္ကဋ္ဌသစ်နှင့် မြန်မာ့အရေး ကိုင်တွယ်နိုင်မှု

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌသစ် အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၃ ဇန်နဝါရီ ၁ ရက်နေ့ကစတင်ပြီး အာဆီယံကို တစ်နှစ်တာ ဦးဆောင်ခွင့်ရပြီဖြစ်သည်။ အာဆီယံဥက္ကဋ္ဌအဖြစ် ဦးဆောင်ကြသော နိုင်ငံတိုင်းသည် သူတို့၏ တစ်နှစ်တာဦးဆောင်မှုကို ဆောင်ပုဒ်တစ်ခုဖြင့် အမြဲတစေ ဖော်ပြကြလေ့ရှိသည်။

ယခုနှစ် အင်ဒိုနီးရှားနိုင်ငံအလှည့်တွင် “ASEAN Matters: Epicentrum of Growth” ဆောင်ပုဒ်ဖြင့် အာဆီယံကို ဦးဆောင်ရန် ပြင်ဆင်ထားသည်။ အဓိပ္ပာယ်က အာဆီယံသည် ဖွံ့ဖြိုးမှု ဗဟိုချက်အဖြစ် အရေးပါသော ဒေသဖြစ်ရမည်ဟု နားလည်နိုင်ပါသည်။

ထိုဆောင်ပုဒ်အရ အလှည့်ကျဥက္ကဋ္ဌသစ် အင်ဒိုနီးရှားသည် အာဆီယံကို စတင်တည်ထောင်ခဲ့သော ရည်ရွယ်ချက်ဖြစ်သည့် ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်မှုကို အလေးထား ဖော်ဆောင်ရန် ဦးတည်ထားကြောင်း တွေ့ရမည် ဖြစ်သည်။

သို့သော် အာဆီယံအတွင်း ဖြေရှင်းနိုင်ခြင်းမရှိသေးသည့် ပြဿနာကြီး နှစ်ရပ်က အသင်းကြီး၏ စည်းလုံးညီညွတ်မှုကို စိန်ခေါ်နေဆဲဖြစ်ပြီး၊ အာဆီယံဒေသတစ်ခုလုံး၏ ဖွံ့ဖြိုးမှုကိုပါ အနှောင့်အယှက် ဖြစ်စေပါသည်။ ထိုပြဿနာ နှစ်ရပ်မှာ တောင်တရုတ်ပင်လယ်အရေးနှင့် မြန်မာ့အရေးတို့ဖြစ်သည်။

မြန်မာ့အရေး ချဉ်းကပ်ဖြေရှင်းပုံ နည်းလမ်းသစ် အင်ဒိုနီးရှားတွင် ရှိနေပြီလား

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခြင်းနှင့် နောက်ဆက်တွဲဖြစ်ပေါ်လာသော ပြည်သူတို့၏ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများ၊ စစ်တပ်က ပြည်သူကို တရားလက်လွတ် သတ်ဖြတ်မှုများက အာဆီယံအသင်းကြီး ရုံးစိုက်ရာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်အထိ ရိုက်ခတ်ခဲ့သည်။

ထိုစဉ်က အာဆီယံနိုင်ငံများထဲတွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီ (Retno Marsudi) သည် မြန်မာ့အရေး အရေးပေါ်ဖြေရှင်းရန် ရှေ့ဆုံးက ဦးဆောင်ကြိုးပမ်းခဲ့သူတစ်ဦးဖြစ်ပြီး၊ အာဆီယံ “တူညီဆန္ဒ ၅ ရပ်” ဖြစ်ပေါ်လာခြင်းကပင် အင်ဒိုနီးရှားနိုင်ငံ၏ ဦးဆောင်မှုအခန်းကဏ္ဍကို ထင်ရှားစေခဲ့သည်။

၂၀၂၁ ဧပြီလ ၂၄ ရက်နေ့ ဂျကာတာမြို့တော်တွင် အာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေး ခေါ်ယူကာ မြန်မာ့ပြဿနာ ဖြေရှင်းရန် အင်ဒိုနီးရှားက ဦးဆောင်ကြိုးပမ်းခဲ့သည်။ သို့သော်လည်း ထို “တူညီဆန္ဒ ၅ရပ်” ကို အင်ဒိုနီးရှားအလှည့်ကျဥက္ကဋ္ဌတာဝန်ယူရသော ၂၀၂၃ ခုနှစ်ရောက်ချိန်အထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါ။

စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်လုအချိန်ထိ အာဆီယံအတွင်း အလှည့်ကျဥက္ကဋ္ဌတာဝန်နှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်တာဝန် အသီးသီးရယူခဲ့သော ဘရူနိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံများလက်ထက်တွင် ဖြေရှင်းနိုင်စွမ်းမရှိသော မြန်မာ့အရေးက ယခုအခါ အင်ဒိုနီးရှားခေါင်းပေါ် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ထို့အတွက် အင်ဒိုနီးရှားတွင် မြန်မာ့အရေး ဖြေရှင်းနိုင်မည့် နည်းလမ်းသစ် ရှိနေပြီလား။ ထိုနည်းလမ်းသစ်ကို အလှည့်ကျဥက္ကဋ္ဌတာဝန် စတင်ရယူသည့် ဇန်နဝါရီလတွင် အင်ဒိုနီးရှားက ထုတ်ဖော်ပြောဆို လာမည်လား ဆိုသည်ကို လေ့လာသူများက စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်ရန်ကြောင့် နေရပ်စွန့်ခွာသွားရသူများ။ ဒေသတွင်း စစ်တပ်ဝင်ရောက်သည့် ရွာအများအပြား မီးရှို့ဖျက်ဆီးခံနေရသည်။

ကွဲပြားသော ပြဿနာဖြေရှင်းနည်းလမ်းသစ်များ လိုအပ်နေ

လွန်ခဲ့သော ၂ နှစ်လုံးလုံး မြန်မာ့ပြဿနာ ဖြေရှင်းရန် အာဆီယံ၏ ကြိုးပမ်းမှုများသည် တူညီဆန္ဒ ၅ ရပ်ကို စစ်ခေါင်းဆောင်များ လက်ခံအကောင်အထည်ဖော်ရေးကိုသာ အာရုံစိုက်ခဲ့ပြီး အာဆီယံသည် စစ်ကောင်စီကိုသာ မျက်နှာမူထားခဲ့သည်။ ထို့ကြောင့် စစ်ကောင်စီကိုသာ နည်းလမ်းအမျိုးမျိုးဖြင့် ထိတွေ့ဆက်ဆံခဲ့ပြီး ချဉ်းကပ်ဖျောင်းဖျခဲ့သည်။

၂၀၂၂ ခုနှစ် တစ်နှစ်လုံး ကမ္ဘောဒီးယား၏ ကြိုးပမ်းမှုများ မအောင်မြင်ရခြင်းမှာ မြန်မာ့ပြဿနာကို လွဲမှားစွာ တွက်ချက်ခဲ့ခြင်းကြောင့်ပင်။ စစ်ခေါင်းဆောင်များကိုလည်း နားမချနိုင်ခဲ့ပေ၊ ရလဒ်အနေဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား သဘောထားကွဲပြားမှုများကိုသာ ပိုမိုထင်ရှားစွာ တွေ့မြင်ခဲ့ရသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ထိုင်းနိုင်ငံသည် အာဆီယံခေါင်းဆောင်များချမှတ်ထားသော ဆုံးဖြတ်ချက်မှ သွေဖည်ပြီး၊ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံနိုင်ငံခြားရေး‌ဝန်ကြီးများ အလွတ်သဘောတွေ့ဆုံမှုတစ်ခုကို စီစဉ်ခဲ့သည်။ ထိုတွေ့ဆုံမှုကို ထိုင်းက အလွတ်သဘောကျင်းပသော်လည်း ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့သာ တက်ရောက်ခဲ့ပြီး၊ ဘရူနိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနှင့် ဖိလစ်ပိုင်နိုင်ငံတို့က မတက်ရောက်ခဲ့ပါ။

ထိုင်းနိုင်ငံ၏လုပ်ရပ်က မြန်မာ့အရေး အာဆီယံအတွင်း နှစ်ခြမ်းကွဲစေသော လုပ်ရပ်အဖြစ် မြင်တွေ့ ခဲ့ရပြီး၊ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်မည့်ဆဲဆဲ အင်ဒိုနီးရှားနိုင်ငံ၏ ဦးဆောင်မှုကို အနှောင့်အယှက်ပေးသလို ဖြစ်စေခဲ့သည်။

ထို့ကြောင့် အာဆီယံကို ထူထောင်သော အဓိကနိုင်ငံတစ်ခုဖြစ်သလို အာဆီယံဒေသတွင် အကြီးဆုံးဒီမိုကရေစီနိုင်ငံအဖြစ် သတ်မှတ်ထားခြင်းခံရသော အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏အလှည့်ကျဥက္ကဋ္ဌတာဝန် ရယူခြင်းနှင့်အတူ မြန်မာ့ပြဿနာကို ထိရောက်စွာဖြေရှင်းနိုင်ရေးအတွက် ကွဲပြားခြားနားသော နည်းလမ်းများ ရှာဖွေရန် အရေးတကြီး လိုအပ်လျက်ရှိသည်။

အင်ဒိုနီးရှားသည် မြန်မာ့ပြဿနာဖြေရှင်းရေး သံတမန်ရေးကစားကွက် အလှည့်အပြောင်းပြုလုပ်ရန် လိုအပ်နေပြီ ဖြစ်သည်။ ယခင်အလှည့်ကျဥက္ကဋ္ဌများကဲ့သို့ စစ်ကောင်စီနှင့်သာ တစ်ဖက်သတ် ထိတွေ့ ပြောဆိုဆက်ဆံနားချသည့် နည်းလမ်းကို စွန့်လွှတ်ပြီး၊ မြန်မာပြည်သူများ၏ ထောက်ခံမှု ရရှိထားသော အမျိုးသားညီညွတ်ရေးအစိုးရနှင့် လူသိရှင်ကြား တရားဝင်ထိတွေ့ဆက်ဆံရန် လိုအပ်လျက်ရှိသည်။ လက်တွေ့ ထိုသို့ဖြစ်လာမလား စောင့်ကြည့်ရပေလိမ့်မည်။

စစ်ကိုင်းတိုင်းအတွင်း နေအိမ်မီးရှို့ခံရမှုကြောင့် ပိုမိုလုံခြုံသည့် နေရာတစ်ခုတွင် ခိုလှုံနေရသည့် အမျိုးသမီးနှစ်ဦး

ထိပ်သီးအစည်းအဝေးဆုံးဖြတ်ချက်က အင်ဒိုနီးရှားကို NUG နှင့် ဆက်ဆံရန် လမ်းဖွင့်ပေးထား

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ ကမ္ဘောဒီးယားတွင် ကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးက ထုတ်ပြန်ခဲ့သော အာဆီယံခေါင်းဆောင်များ၏ တူညီဆန္ဒ ၅ ရပ် အကောင်အထည်ဖော်မှုကို ပြန်လည်သုံးသပ်ခြင်းနှင့် ဆုံးဖြတ်ချက်အရဆိုလျှင် အင်ဒိုနီးရှားကို NUG နှင့် တရားဝင်ထိတွေ့ဆက်ဆံနိုင်ရန် ထိပ်သီးအစည်းအဝေးက လမ်းဖွင့်ပေးထားပြီး ဖြစ်သည်။

ထိုကဲ့သို့ ဖြစ်လာမည်ဆိုပါက ကမ္ဘောဒီးယား၏ စစ်ကောင်စီနှင့်သာ တစ်ဖက်သတ်ထိတွေ့ဆက်ဆံသည့် ချဉ်းကပ်နည်းမှ သိသာစွာ လမ်းခွဲထွက်လိုက်ခြင်းကို တွေ့မြင်ရမည် ဖြစ်သည်။ သို့သော် စစ်ကောင်စီ၏ ပြင်းပြင်းထန်ထန် ဆန်ကျင့်ကန့်ကွက်မှုများက သေချာပေါက် ရှိလာပါလိမ့်မည်။

ထိုအခါ တူညီဆန္ဒ ၅ ရပ်ကို အကောင်အထည်ဖော်ရန် ပိုမိုခက်ခဲသည့်အခြေအနေသို့ ရောက်သွားနိုင်မည်လား၊ ထိုအခြေအနေကို အင်ဒိုနီးရှား မည်ကဲ့သို့ ကျော်လွှားမည်နည်း၊ စိတ်ဝင်စားစရာကောင်းပါသည်။

ထိပ်သီးအစည်းအဝေးဆုံးဖြတ်ချက်တွင် တူညီဆန္ဒ ၅ ရပ် လက်တွေ့ အကောင်အထည်ဖော်မည့်အစီအစဉ် (Implementation Plan) ကို နိုင်ငံခြားရေးဝန်ကြီးများဦးဆောင်ရေးဆွဲရန် တာဝန်ပေးထားသဖြင့်၊ အင်ဒိုနီးရှားအလှည့်ကျဥက္ကဋ္ဌလက်ထက် မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းရာတွင် အလှည့်ကျဥက္ကဋ္ဌ၏ သဘောဆန္ဒအတိုင်း ဆိုသည်ထက်၊ အဆိုပါ အကောင်အထည်ဖော်မှု အစီအစဉ်အတိုင်း ဆောင်ရွက်ရန် လိုအပ်လာပါသည်။

ကုလလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ဖြင့် အာဆီယံကို ကျားကန်ပေးမှု

အင်ဒိုနီးရှား အလှည့်ကျဥက္ကဋ္ဌတာဝန် မရယူမီ ဒီဇင်ဘာလထဲတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေး သမိုင်းဝင်ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး၊ အာဆီယံ၏ ဦးဆောင်ဖြေရှင်းမှုကို ကျားကန်ပေးခဲ့သည်။ ထို့ကြောင့် မြန်မာ့အရေးဖြေရှင်းရာတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် အာဆီယံအကြား ဆက်သွယ်မှု ပိုမိုအားကောင်းလာဖွယ်ရှိသည်။

အင်ဒိုနီးရှားနိုင်ငံက အလှည့်ကျဥက္ကဋ္ဌတာဝန်ထမ်းဆောင်မည့် ၂၀၂၃ ခုနှစ် တစ်နှစ်တာအတွင်း လုံခြုံရေးကောင်စီတွင် မြန်မာ့အရေး တိုက်ရိုက်အစီရင်ခံတင်ပြခွင့် ရရှိမည်ဖြစ်ပြီး၊ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို စစ်ကောင်စီ လိုက်နာလာစေရန် ပူးတွဲအကောင်အထည်ဖော်ရန်လည်း တစ်စိတ်တစ်ပိုင်း တာဝန်ရှိလာသည်။

အထူးသဖြင့် အာဆီယံ တူညီဆန္ဒ ၅ ရပ်တွင် မပါဝင်ဘဲ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်တွင် “သမ္မတ” ဦးဝင်းမြင့်နှင့် “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်” ဒေါ်အောင်ဆန်းစုကြည် ဟု ၎င်းတို့၏ နိုင်ငံရေးရာထူးများနှင့်တကွ သုံးနှုန်းဖော်ပြခဲ့ပြီး၊ မြန်မာနိုင်ငံ၏ တရားဝင်အစိုးရခေါင်းဆောင်များကို လွှတ်ပေးရန် တောင်းဆိုခဲ့သည့်အချက်ကို အာဆီယံက လျစ်လျူရှုရန် မဖြစ်နိုင်ပါ။

ထို့ကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီဝင်များကို မြန်မာနိုင်ငံ၏ ခေါင်းဆောင်များသဖွယ် အာဆီယံအသင်းကြီးကလည်းကောင်း၊ အဖွဲ့ဝင် တစ်နိုင်ငံကလည်းကောင်း အသိအမှတ်ပြု ဆက်ဆံမည်ဆိုပါက လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ရာ ရောက်ပေလိမ့်မည်။

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော မြန်မာနိုင်ငံ၏ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ အာဆီယံနိုင်ငံများထဲက မည်သည့်နိုင်ငံမျှ သဝဏ်လွှာပေးပို့ခြင်း မရှိသည်ကို ထူးထူးခြားခြား တွေ့မြင်ရသည်။

မြန်မာ့အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး စစ်ကောင်စီကို တစ်နည်းနည်းဖြင့် အသိအမှတ်ပြုဆက်ဆံနေသော တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအိုနှင့် ဘင်္ဂလားဒေ့ရှ် ၅ နိုင်ငံစလုံးကလည်း လွတ်လပ်ရေးနေ့သဝဏ်လွှာ ပေးပို့ခြင်း မရှိကြောင်း တွေ့ခဲ့ရသည်။ ယင်းသည် လုံခြုံရေးကောင်စီဆုံးဖြတ်ချက်၏ သက်ရောက်မှုဟု ယူဆနိုင်ပါသည်။

၂၀၂၃ ဇန်နဝါရီလဆန်းပိုင်းက ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတစ်ခုတွင် တွေ့ရသည့် မြင်ကွင်းတစ်ခု

တွေ့ဆုံဆွေးနွေးရေး “မူ” ပေါ် ရပ်တည်ခြင်းထက် ကျော်လွန်သော ဆောင်ရွက်ချက်များ လိုအပ်

တူညီဆန္ဒ ၅ ရပ်ကို အာဆီယံ ဆက်လက်စွဲကိုင်ရန် ထိပ်သီးအစည်းအဝေးက ဆုံးဖြတ်ခဲ့ပြီး၊ အကောင်အထည်ဖော်မှု အစီအစဉ်တစ်ခု ရေးဆွဲနေသည်ဟု နားလည်ထားပါသည်။

တူညီဆန္ဒ ၅ ရပ်ဟု ဆိုသော်ငြားလည်း အဓိကကျသည်မှာ ၃ ရပ်ဖြစ်သည်။ ယင်းတို့မှာ (၁) အကြမ်းဖက်မှု ရပ်စဲရေး၊ (၂) အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေး အဖြေရှာရေးနှင့် (၃) လူသားချင်းစာနာမှု အကူအညီများ အတားအဆီးမရှိ ပေးနိုင်ရေး တို့ ဖြစ်သည်။

အဆိုပါ ၃ ရပ်တွင် အာဆီယံဘက်က ရှုမြင်ထားသော အခရာအကျဆုံးအချက်မှာ တွေ့ဆုံဆွေးနွေး အဖြေရှာရေးဖြစ်‌သည်။ သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးနိုင်ခြင်းမရှိဘဲ ကျန်သည့် ၂ ရပ်ကို လက်တွေ့ကျကျ ဖြေရှင်းနိုင်မည်မဟုတ်ဟု အာဆီယံခေါင်းဆောင်များက ရှုမြင်ထားသည်။

ကမ္ဘောဒီးယား အလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားစဉ် အထူးကိုယ်စားလှယ် Prak Sokhonn က မည်သည့်ဘက်ကမျှ တွေ့ဆုံဆွေးနွေးရေးကို စိတ်မဝင်စားကြကြောင်း၊ ထို့ကြောင့် အာဆီယံအနေဖြင့် ကြားဝင်စေ့စပ်ရေးမှာ အခက်တွေ့ရကြောင်း ညည်းတွားခဲ့ဖူးသည်။

သို့သော် ကမ္ဘောဒီးယားသည် စစ်ကောင်စီကိုသာ ဆက်သွယ်သော်လည်း တွေ့ဆုံဆွေးနွေးရေးတွင် အရေးပါသော အခြားတစ်ဖက်က အဓိကအဖွဲ့အစည်းဖြစ်သည့် NUG ကို ဆက်သွယ်ခြင်းမရှိပေ။ ထိုအခြေအနေတွင် တွေ့ဆုံဆွေးနွေးရေးဆိုသည်ကို “မူ” သက်သက် ပြောဆိုနေခဲ့ခြင်းသာ ဖြစ်သည်၊ တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်လာရေး လက်တွေ့လုပ်ဆောင်ချက်များ လုံးဝမပြုလုပ်ခဲ့ပါ။ အင်ဒိုနီးရှားသည် ထိုသင်ခန်းစာကို ကောင်းစွာရယူထားပြီး ဖြစ်လိမ့်မည်ဟု မျှော်လင့်ရသည်။

သို့သော် တွေ့ဆုံဆွေးနွေးမှု (Dialogue) တိုင်းသည် နှစ်ဖက် အင်အားချိန်ခွင်လျှာ (Balance of Power) အပြောင်းအလဲရှိလာပြီး၊ မျှခြေတစ်ခုဆီရောက်မှ ဖြစ်ပေါ်တတ်သည်ဟု နိုင်ငံတကာသီအိုရီများက ဆိုသည်။ သို့ဆိုလျှင် အင်ဒိုနီးရှားအနေဖြင့် ထိုမျှခြေကို ရှာဖွေရန် အရေးကြီးပေသည်။

ဤနေရာတွင် အာဆီယံဥက္ကဋ္ဌနေရာကို ရရှိသူတိုင်းတွင် ရှိသော အတ္တအကျိုးစီးပွား (Self Interest) ကို ရှေ့တန်းမတင်မိဖို့ အရေးကြီးပါသည်။ ယင်းမှာ မိမိဥက္ကဋ္ဌတာဝန်ယူစဉ်ကာလအတွင်း ဒေသတွင်း ပြဿနာကြီးတစ်ခုကို ဦးဆောင်ဖြေရှင်းပြမည်ဟု စိတ်လောကြီးစွာ လုပ်ဆောင်ခြင်း ဖြစ်သည်။

ထိုအမှားကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ကျူးလွန်ခဲ့ပြီး ဖြစ်သည်။ ဥက္ကဋ္ဌရာထူး ရယူပြီးပြီးခြင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၇ – ၈ ရက်နေ့များတွင် နေပြည်တော်သို့ အပြေးအလွှား သွားရောက်ပြီး မင်းအောင်လှိုင်ကို လက်ဆွဲနှုတ်ဆက်ခဲ့သည်၊ သူသာလျှင် မြန်မာ့ပြဿနာကို နားလည်သဘာပေါက်သူ၊ ဖြေရှင်းနိုင်သူ ဟန်ပန်မျိုး ပြုမူခဲ့သည်။ နှစ်ကုန်ပိုင်းရောက်ချိန်မှာတော့ မြန်မာ့အရေးကို Superman ပင် ဖြေရှင်းနိုင်မည်မဟုတ်ဟု ဟွန်ဆန်၏ လက်ထောက် Prak Sokhonn က ပြောခဲ့သည်။

ဟွန်ဆန်အပြုအမူကြောင့် ကမ္ဘောဒီးယားသည် မြန်မာပြည်သူများ၏ အမျက်ဒေါသကို ကောင်းစွာ ခံခဲ့ရပြီး၊ ထိုအပြုအမူကို မြန်မာပြည်သူများက မေ့လျော့သွားမည် မဟုတ်ပါ။ အင်ဒိုနီးရှားအလှည့်တွင် အင်ဒိုနီးရှားအစိုးရသည် မြန်မာပြည်သူများ၏ ဆန္ဒကို လေးစားတန်ဖိုးထားပြီး၊ ထိုဆန္ဒပေါ်အခြေပြုသော ကြိုးပမ်းမှုများကိုသာ လုပ်ဆောင်လိမ့်မည်ဟု မျှော်လင့်ရသည်။

မြန်မာပြည်သူတွေသာ အဓိက

မည်သို့ဆိုစေ မြန်မာ့အရေးက မြန်မာပြည်သူများကိုယ်တိုင် စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် ဖြေရှင်းရပေလိမ့်မည်။ ပြင်ပနိုင်ငံများ အဖွဲ့အစည်းများသည် မြန်မာပြည်သူများ၏ စည်းလုံးညီညွတ်စွာ ရပ်တည်မှု၊ ဆန္ဒပြင်းပြမှုနှင့် ရုန်းကန်ကြိုးပမ်းမှုများကိုသာ ထောက်ခံပံ့ပိုးပေးနိုင်ပါသည်။

ကုလလုံခြုံရေးကောင်စီနှင့် အာဆီယံတို့၏ ယနေ့အချိန်ထိ မြန်မာပြည်သူများဘက်က ရပ်တည်နေခြင်းမှာ ပြည်သူများ၏ နွေဦးတော်လှန်ရေးနှင့်အတူ ၂ နှစ်ကြာ တစ်ရက်မနား ရုန်းကန်တိုက်ပွဲဝင်မှုများ၏ အကျိုးရလဒ်များသာ ဖြစ်သည်မှာ သံသယရှိစရာ မလိုပါ။

၂၀၂၃ ခုနှစ်တွင် အာဆီယံထိပ်သီးအစည်းအဝေးဆုံးဖြတ်ချက်၊ ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက်၊ မြန်မာပြည်သူများ၏ ဒီမိုကရေစီအရေး ကြိုးပမ်းမှုကို ဆယ်စုနှစ်များစွာ ရပ်တည်ထောက်ခံနေသော အမေရိကန်နိုင်ငံ၏ Burma Act စသည့် UN-ASEAN-US ဖိုခနောက်ဆိုင်ဆုံးဖြတ်ချက်များ သက်ဝင်လှုပ်ရှားလာမည့် နှစ်ဖြစ်သည်။ ထိုဖိုခနောက်ဆိုင်တွန်းအားက ပြည်သူများဘက်တွင် ရှိနေပြီးဖြစ်သည်။

ပြည်သူများ၏ ရုန်ကန်းကြိုးပမ်းမှုကို ကမ္ဘာ့အသိုက်အဝန်းက ပိုမိုအားကောင်းစွာ ထောက်ခံရပ်တည်လာမည့် နှစ်တစ်နှစ် ဖြစ်လာဖွယ်ရှိကြောင်း လေ့လာသုံးသပ်မိပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button