သတင်း

ဖားကန့် ရှဒူဇွပ်ရွှေမှော်တွင် ပြည်သူ့စစ်အဖွဲ့နှင့် KIA စစ်ရေးတင်းမာနေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှဒူဇွပ်ရွာမှ ရွှေမှော်လုပ်ငန်းရှင်များ ဇန်နဝါရီ ၁၄ နောက်ဆုံးထား ထွက်ခွာရန် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သတိပေးပြီးနောက် ထိုဒေသကို စိုးမိုးထိန်းချုပ်ထားသည့် စစ်ကောင်စီ၏ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ကလည်း လမ်းများပိတ်ဆို့ထားလိုက်သည်ဟု ဒေသခံအချို့ထံမှ သိရသည်။

ရွာအနီး စစ်ကောင်စီ၏ အမှတ် ၂၉၇ တပ်ရင်းလည်း အခြေစိုက်ထားကြောင်း၊ ဤအခြေအနေတွင် ရွာအနောက်ဘက် မိုးကောင်းချောင်းဝန်းကျင်၌ လုပ်ကိုင်သည့် ရွှေလုပ်ငန်းရှင်များကို KIA က ဇန်နဝါရီလဆန်းအတွင်း စာထုတ်ပြန် သတိပေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

ကျေးရွာအနီးနှင့် ဆီဆိုင်များတွင် စက်သုံးဆီသိုလှောင်မှုကို ဇန်နဝါရီ ၁၁ နောက်ဆုံးထားပြီး ရပ်ဆိုင်းရမည်၊ သိုလှောင်ထားသည့် ဆီဆိုင်များကို အရေးယူမည်ဖြစ်ကြောင်း KIA တပ်မဟာ ၂ ၏ အမှတ် ၁၄ တပ်ရင်းက ဇန်နဝါရီ ၇ ရက်စွဲဖြင့် ထုတ်ပြန်သည်။

KIA ၏ ခြိမ်းခြောက်မှုအပြီး ရွှေမှော်များမှ လုပ်ငန်းရှင်အချို့နှင့် အလုပ်သမားများ ထိုရွာမှ ထွက်ခွာသွားကြပြီး လုပ်ငန်းဆက်လုပ်နေသူ အနည်းအကျဉ်းသာ ကျန်တော့သည်ဟု ရှဒူဇွပ်ရွာခံ အသက် ၄၀ ခန့်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

ပြည်သူ့စစ်အဖွဲ့ကလည်း ဇန်နဝါရီ ၇ မှစတင်ပြီး ရွှေမှော်အတွင်းရှိ လမ်းများကို ပိတ်ဆို့ထားလိုက်ပြီး လမ်းများတွင် မိုင်းထောင်ထားလိုက်သည်ဟု သတင်းရကြောင်း အဆိုပါ ဒေသခံအမျိုးသားက ဆက်ပြောသည်။

“အဓိကကတော့ သူတို့ မှော်သွားတဲ့လမ်းတွေကို စက်သုံးဆီတို့ စားနပ်ရိက္ခာတို့ဘာတို့၊ ပိတ်တာလို့ ပြောတယ်၊ အခုဆို လူလည်း အသွားအလာလုပ်လို့ မရတော့ဘူး” ဟု ဆိုသည်။

“အခုကတော့ ထွက်နေကြပြီ အကုန်လုံးက၊ ဆိုက်(လုပ်ကွက်) အကြီးကြီးတွေပေါ့၊ ယန္တရားနဲ့ တွဲလုပ်ရတဲ့ ဟာတွေဆိုရင် ထွက်သွားကြပြီ၊ နားလိုက်ကြပြီပေါ့ဗျာ၊ တချို့က ထွက်တယ်၊ တချို့က နားပြီးတော့ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြတယ်”

ပြည်သူ့စစ်အဖွဲ့ကလည်း ဇန်နဝါရီ ၈ တွင် ရှဒူဇွပ်ရွာအနီး လီဒိုလမ်းမကြီးပေါ်၌ ကုန်တင်ကားနှင့် ခရီးသည်တင်ကားများကို စစ်ဆေးနေသည်ဟု သိရသည်။

ရွာအနောက်ဘက် ၅ မိုင်မှ ၁၀ မိုင်ခန့် ဝေးသည့် ရွှေမှော်များတွင် ရွှေလုပ်ကွက်ပေါင်း ၅၀ ထက်မနည်း ရှိနေပြီး လုပ်ငန်းရှင်တို့က မြေတူးစက်ယန္တရားကြီးများပါ အသုံးပြုကာ လုပ်ကိုင်နေကြသည်ဟု ရွာခံတချို့က ပြောသည်။

ထိုရွာသည် မြစ်ကြီးနား-တနိုင်း လီဒိုလမ်းမကြီးပေါ်တွင် ရှိပြီး ရွှေလုပ်ကွက်အကျိုးစီးပွားများကြောင့် ရွာအနီး တိုက်ပွဲ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ယနေ့အထိ ပစ်ခတ်မှု မဖြစ်သေးသော်လည်း သတိဖြင့် စောင့်ကြည့်နေရသည်ဟု ရှဒူဇွပ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“စစ်ရေးကတော့ တင်းတာပေါ့၊ ဟိုဘက်ကလည်း တင်းတယ်၊ ဒီဘက်ကလည်း တင်းတယ်၊ ဒါပေမဲ့ ပစ်ခတ်တာတော့ မရှိသေးဘူး၊ ဟိုဘက် ပိတ်လိုက် ဒီဘက် ပိတ်လိုက် လုပ်နေကြတာ” ဟု ဆိုသည်။

အထက်ပါ အခြေအနေများနှင့် ပတ်သက်ပြီး ပိုမိုသိရှိရန် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို Myanmar Now က ဖုန်းဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပေ။

ကမ္ဘာကျော်ကျောက်စိမ်းများ ထွက်ရှိရာ ဖားကန့်မြို့နယ်သည် စစ်ကောင်စီတပ်၊ ပြည်သူ့စစ်များနှင့် KIA တို့အကြား ပြိုင်ဆိုင်မှုပြင်းထန်သည့် ဒေသဖြစ်ပြီး တိုက်ပွဲ ရံဖန်ရံခါ ဖြစ်ပွားတတ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button