သတင်း

ပြည်သူ့အရေးဂျာနယ် ထုတ်ဝေမှုရပ်နား

(ရန်ကုန်) — နိုင်ငံရေးသတင်းနှင့် ဆောင်းပါးများကို အဓိက အလေးပေးရေးသားသည့် “ပြည်သူ့အရေးဂျာနယ်” သည် ဇွန် ၅ ရက် ယနေ့မှစ၍ ထုတ်ဝေမှု ရပ်နားလိုက်သည်။

အပတ်စဉ် အင်္ဂါနေ့တိုင်း ထုတ်ဝေသည့် ပြည်သူ့အရေးရပ်နားရခြင်း အဓိကအကြောင်းရင်းမှာ ငွေကြေးလိုအပ်ချက်ကြောင့် ဖြစ်ပြီး လစဉ်ထုတ်အနေဖြင့် ထုတ်ဝေနိုင်အောင် ကြိုးစားမည်ဟု ဂျာနယ်အယ်ဒီတာအဖွဲ့ဝင် ဦးရဲမြင့်က ပြောသည်။

“ရှစ်နှစ်သက်တမ်းလောက် ရပ်တည်လာရတော့ ပင်ပန်းနေတာလည်း ပါတယ်။ ကြော်ငြာက ရလိုက်၊ မရလိုက်ဖြစ်နေတော့ အရှုံးပေါ်တယ်။ ရပ်တည်လို့ မရပါဘူး။ လစဉ်ထုတ်လေး ပြန်လုပ်ဖို့တော့ စဉ်းစားနေပါတယ်။ ၂ဝ၁၉မှာ ပြန်ထုတ်နိုင်ဖို့တော့ ကြိုးစားပါအုံးမယ်။ အားတော့ယူရအုံးမယ်” ဟု ဦးရဲမြင့်က ပြောသည်။

ရန်ကုန်အခြေစိုက် ပြည်သူ့အရေး အပတ်စဉ်ဂျာနယ်သည် ၂ဝ၁ဝ တွင် “ပြည်သူ့ခေတ်” ဂျာနယ်မှ စတင် သန္ဓေတည်ကာ ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး၊ ထုတ်ဝေခွင့်လိုင်စင်ခွဲဝေမှု အခက်အခဲများကြောင့် ၂ဝ၁၄ခုနှစ်၊ စက်တင်ဘာလတွင် “ပြည်သူ့အရေး” ဂျာနယ်အဖြစ် ရပ်တည်ခဲ့ရသည်ဟု ဂျာနယ်၏တာဝန်ရှိသူများက Myanmar Now ကို ဇွန်လ ၅ရက်တွင် ပြောသည်။

ပြည်သူ့အရေးသန္ဓေတည်ရာအစတွင် စာရေးဆရာ မောင်ဝံသ၊ ပြန်ကြားရေးဝန်ကြီးဖြစ်လာမည့် ဦးဖေမြင့်၊ ကိုမျိုးညွန့် (စာပေလောက)၊ ကိုရဲ(သရဖူ)၊ ကိုမော်လင်း၊ ကိုဝင်းချို(ဓူဝံစာပေ)  နှင့် ဆရာအာသာ (Success Language) တို့ ပါဝင်ကာ စုစုပေါင်း ၇ယောက်အားဖြင့် စတင်ခဲ့သည်ဟု “ပြည်သူ့အရေး” နောက်ဆုံးထုတ်ဂျာနယ် အတွဲ၄၊ အမှတ်၁၈၉ “နောက်ဆုံးနှုတ်ဆက်ချိန်” ဆောင်းပါးတွင် ဖော်ပြထားသည်။

ပြန်ကြားရေးဝန်ကြီးဦးဖေမြင့်သည် ၂ဝ၁၆ ခုနှစ် ဝန်ကြီးအဖြစ် တာဝန်ယူချိန်မှစ၍ ပြည်သူ့အရေးဂျာနယ်တွင် အတိုင်ပင်ခံအယ်ဒီတာတာဝန်မှ တရားဝင်နုတ်ထွက်ခဲ့သည်။

အွန်လိုင်း၊ ရုပ်သံမီဒီယာများအဖြစ် ပုံစံပြောင်းလဲရပ်တည်ရမှု ပိုမိုများပြားလာကာ ပုံနှိပ်မီဒီယာတို့သည် ၂နှစ်ခန့်အတွင်း ထုတ်ဝေမှု ရပ်နားလာရပြီး၊ ရပ်တည်ရန် ခက်ခဲလာသည်ဟု မြန်မာတိုင်းမ်မီဒီယာ၏ အမှုဆောင်အယ်ဒီတာ ဦးသီဟစောက ပြောသည်။

“ပုံနှိပ်မီဒီယာတွေသည် တစ်ခုပြီးတစ်ခု ပြုတ်ကျနေတယ်။ အခြေအနေ မကောင်းပါဘူး။ ဝန်ကြီး ပါဝင်ပတ်သက်ခဲ့ဖူးတဲ့ ဂျာနယ်တောင် ပြုတ်ကျတယ်ဆိုတော့ ကျန်တဲ့ ဂျာနယ်တွေတော့ စဉ်းစားကြည့်ပေါ့။ အရှုံးလည်း ပေါ်နေပါတယ်။ ဒါကြောင့် ပုံနှိပ်မီဒီယာမှာ လူတွေက နည်းသထက်နည်းလာပြီ” ဟု ၎င်းက ပြောသည်။

ယခုနှစ် ဧပြီလတွင်ပင် ပရိသတ်အခိုင်အမာဖြင့် နှစ်ပေါင်း(၂ဝ)ကြာ ရပ်တည်ခဲ့သည့် “အလင်းတန်းဂျာနယ်” လည်း ထုတ်ဝေမှုရပ်နားခဲ့သည်။

Show More

Related Articles

Back to top button