သတင်း

တနင်္သာရီတိုင်းအလယ်ပိုင်းတွင် စစ်ကောင်စီတပ်  ၅ ရက်ဆက် ချုံခိုတိုက်ခံရ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်ကို ၅ ရက်ဆက်တိုက် ချုံခိုတိုက်ခိုက်ခဲ့ကြောင်း ဒေသအခြေစိုက်လှုပ်ရှားနေသည့် ကာကွယ်ရေးတပ်များထံမှ သိရသည်။ 

မြိတ်မြို့မှ ထွက်လာသည့် စစ်ကြောင်း နှစ်ကြောင်း၊ ထားဝယ်မှ မြိတ်သို့သွားမည့် စစ်ကြောင်းတစ်ကြောင်းတို့ ဒီဇင်ဘာ ၂၉ ရက်မှ ဇန်နဝါရီလ ၂ အတွင်း ပုလောမြို့နယ်အတွင်း ဖြတ်သန်းသွားလာစဉ် တိုက်ခိုက်ခဲ့သည်၊ ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းထားသည့် Crocodile Column, ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF-ပုလောနှင့် ဒေသအခြေစိုက် PDF များ ပူးတွဲ စစ်ဆင်ခြင်းဖြစ်သည်။

လွတ်လပ်ရေးနေ့အခမ်းအနားအတွက် သရုပ်ပြရန် နေပြည်တော်သို့ သွားမည့် အင်အား ၁၀၀ ခန့်ပါသည့် စစ်ကြောင်းကို  ဒီဇင်ဘာ၂၉ တွင် မြိတ်နှင့် ပုလောမြို့နယ်အစပ်ရှိ တပိုရွာအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု Crocodile Column ၏ ပြောရေးဆိုခွင့်ရှိသူ ကိုမြဇံက Myanmar Now ကို ဇန်နဝါရီ ၅ တွင် ပြောသည်။ 

မိုင်းထိစစ်ကြောင်း ဆက်လက်ချီတက်သွားပြီး ပုလောမြို့မရောက်မီ ၁၀ မိုင်အကွာရှိ ပလမြို့ တပ်စခန်းတွင် ညအိပ်ခဲ့သည်၊ နောက်တစ်နေ့ နံနက် ၇နာရီခန့်တွင် ပလမြို့မှ ဆက်လက်ခရီးနှင်ရာ တစ်မိုင်ခွဲအကွာရှိ တိုရွာအနီးတွင် ပူးပေါင်းတပ်က ထပ်မံတိုက်ခိုက်သည်၊ အတိုက်ခံရသည့် စစ်တပ်က အရပ်သားများကို သွားရောက် ရန်ပြုသည်ဟု ဆိုသည်။

“မိုင်းဆွဲပြီးတော့ တိုက်တာ။ ရွာထဲကနေ ပြန်ဆုတ်တဲ့အချိန်မှာ နေအိမ်တွေကို စမီးရှို့တယ်။ ဖောက်ထွင်းတာတွေ လုပ်တယ်” ဟု ကိုမြဇံက ဆိုသည်။ 

စစ်ကောင်စီတပ်က မီးရှို့နေချိန်တွင် ပူးပေါင်းတပ်က တိုရွာမြောက်ဘက် တစ်မိုင်အကွာရှိ သင်္ကန်းတောရွာအနီးတွင် မိုင်းဆွဲရန် ပြင်ဆင်ခဲ့ကြောင်း သူက ဆက်ပြောသည်။

“သူတို့က မီးရှို့ပြီး ထွက်လာတဲ့အချိန် အထကကျောင်းနားမှာ မိုင်းဆွဲလိုက်တယ်။ ၂ စီးထိတယ်။ သူတို့ဘက်က သေတဲ့လူတွေ များတယ်။ အဲဒီမှာပဲ ကျွန်တော်တို့ဘက်က စနိုက်ပါနဲ့လည်း ပစ်တယ်” ဟု ကိုမြဇံက ပြောသည်။ 

၅ရက်ကြာဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးသေဆုံးသည်ဟု တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်ဟု ကိုမြဇံက ပြောသည်။ 

ဇန်နဝါရီ ၂ရက်နေ့က တပိုရွာအနီးဖြစ်ပွားသည့် တိုက်ပွဲအတွင်း အသက် ၂၀ ကျော်အရွယ် KPDF-ပုလော အဖွဲ့ဝင်တစ်ဦး သေဆုံးသည်ဟု ဆိုသည်။ 

သင်္ကန်းတောရွာအနီး စစ်ကားနှစ်စီး မိုင်းထိသွားသည်၊ မှန်ပြောင်းတပ်ရိုင်ဖယ်ဖြင့် ဆက်လက်ပစ်ခတ်ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးသည်ဟု ၎င်းက ဆိုသည်။ 

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က မီးရှို့သဖြင့် သင်္ကန်းတောရွာမှ အိမ် ၉ လုံး၊ ရွာချင်းကပ်လျက်ရှိသော တန်းရှင်းရွာမှ အိမ် ၂ လုံး ပျက်စီးသွားသည်ဟု သိရသည်။

မီးရှို့ခံထားရသည့် သင်္ကန်းတောရွာရှိ အိမ်တစ်အိမ်

မီးရှို့သည့် ထိုစစ်ကြောင်း မြောက်ဘက် ပုလောမြို့ဘက်သို့ ချီတက်လာကြစဉ် နှစ်မိုင်ကျော်အကွာရှိ ကဒဲရွာအနီးတွင် ကာကွယ်ရေးအဖွဲ့များက ဆက်လက်စောင့်ကြို တိုက်ခိုက်ခဲ့ကြသေးသည်။ 

“သူတို့ဘက်က ထိသူများတယ်။ ကဒဲလမ်းဆုံမှာက တိုက်ပွဲက ပြင်းတယ်။ သူတို့ဘက်က ဆက်တိုးလို့မရဘူး။ ခြေလျင်စစ်ကူတွေလည်းရှိတော့ တစ်နာရီခွဲလောက်ဖြစ်သွားတယ်” ဟု ကိုမြဇံက ပြောသည်။  

“တိုက်ပွဲဖြစ်တဲ့နေရာမှာ ထိခိုက်တဲ့ဟာတွေကို ကားပေါ် တင်သွားတာပဲ တွေ့ရတယ်”

နောက်တစ်နေ့ နံနက် (ဒီဇင်ဘာ ၃၁) တွင်လည်း ပုလောမြို့ တောင်ဘက် ၈ မိုင်ခန့်ရှိ ကဒဲရွာအနီးတွင် အထက်ပါစစ်ကြောင်းနှင့် တိုက်ပွဲဆက်ဖြစ်သလို ပုလောမြို့ မြောက်ဘက် ၁၂ မိုင်ခန့်အကွာရှိ ထမင်းမစားရွာနှင့် နန်းပရုတ်ရွာအကြားတွင်လည်း ထားဝယ်မှ ဆင်းလာသည့် စစ်ကြောင်းနှင့် ထပ်မံ တိုက်ခိုက်ခဲ့ကြသည်ဟု ဆိုသည်။ 

ဒီဇင်ဘာ ၃၁ မွန်းလွဲ ၁ နာရီခန့်တွင် ထားဝယ်မှ ဆင်းလာသည့် ဆီဘောက်ဆာကား နှစ်စီးနှင့် စစ်ကား ၈ စီးကို ပုလောမြို့မြောက်ဘက်ရှိ ထမင်းမစားရွာနှင့် နန်းပရုပ်ရွာအကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြသည်။ 

ဒီဇယ်တင်ဆောင်လာသည်ဟူသော ဆီဘောက်ဆာကားနှစ်စီးနောက်မှ ပါလာသော စစ်ကားရှစ်စီးကိုသာ ပစ်မှတ်ထားခဲ့သည်ဟု ကိုမြဇံက ပြောသည်။ 

ဆီဘောက်ဆာကားယာဉ်တန်းမှာ မွန်းလွဲ ၂ နာရီခန့်တွင် ပုလောမြို့သို့ ရောက်ရှိသွားကြောင်း၊ တစ်ဖက်တွင်လည်း မြို့တောင်ဘက်ရှိ ကဒဲရွာလမ်းပေါ်တွင် ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပူးပေါင်းအဖွဲ့က ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ RPG နှစ်လုံး၊ ၄၀ မမကျည် နှစ်လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ၎င်းက ပြောသည်။ 

ထို့နေ့က အဆိုပါစစ်ကြောင်းနှစ်လုံးမှာ ပုလောမြို့ပေါ် အခြေစိုက် အမှတ် ၂၈၅  ခြေလျင်တပ်ရင်းတွင် ညအိပ်ခဲ့ကြကြောင်း၊ ဆီဘောက်ဆာကားနှစ်စီးပါ စစ်ယာဉ်တန်းမှာ ဇန်နဝါရီ ၁ နံနက်တွင် မြိတ်မြို့သို့  ဆက်လက်ချီတက်ကြစဉ် မြို့တောင်ဘက် ၃ မိုင်ခန့်ရှိ ကျောက်ပုဇွန်တောင်အနီးတွင် PDFပူးပေါင်းအဖွဲ့က ထပ်မံမိုင်းဆွဲတိုက်ခိုက်ကြောင်း သိရသည်။

ပုလောမြို့အနီးတစ်ဝိုက်တွင် စစ်ကောင်စီယာဉ်တန်းများကို PDFပူးပေါင်းအဖွဲ့က အကြိမ်ကြိမ် ချုံခိုတိုက်ခိုက်မှုများပြုလုပ်နေချိန် မြိတ်မြို့မှ ထားဝယ်သို့ ကား ၁၁စီးပါသည့် စစ်ယာဉ်တန်းမှာ ဇန်နဝါရီ ၁ နေ့က ထပ်မံချီတက်လာသဖြင့် ထိုယာဉ်တန်းကိုလည်း မြို့မြောက်ဘက်ရှိ နန်းပရုပ်ရွာအနီးတွင် မွန်းလွဲ ၂နာရီခန့်က တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြသေးသည်။ ထိုယာဉ်တန်းမှာ ထားဝယ်သို့ နေ့ချင်း ခရီးဆက်သွားခဲ့ကြောင်း သိရသည်။ 

ပလမြို့တွင် ညအိပ်တပ်စွဲနေသည့် ဆီဘောက်ဆာကားနှစ်စီးပါ စစ်ယာဉ်တန်းမှာ ဇန်နဝါရီ ၂ တွင် မြိတ်သို့ ဆက်လက်ခရီးနှင်ခဲ့ကြောင်း၊ ထိုယာဉ်တန်းကိုလည်း မြို့နယ်နှစ်ခုအစပ်ရှိ တပိုရွာအနီး ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။  

အတိုက်ခံရသည့်တပ်က တပိုရွာကို ထပ်မံမီးရှို့ခဲ့သည်ဟု ဆိုသည်။

ဒီဇင်ဘာ ၂၉မှ ဇန်နဝါရီ ၂ အတွင်း တပိုရွာ၊ သင်္ကန်းတောရွာနှင့် တန်းရှင်းရွာတို့တွင် မီးရှို့ခံရသည့် အိမ်ခြေ ၄၀ ကျော် ရှိသည်ဟု သိရသည်။ 

ပုလောမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီက ထုတ်ပြန်ခြင်းမရှိသေးပေ။

ယခင်ကမူ စစ်ကောင်စီက အရပ်သားတို့၏နေအိမ်များကို မီးရှို့ခြင်း မရှိကြောင်း မကြာခဏ ပြောဆိုခဲ့ဖူးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button