သတင်း

စစ်တွေရှိ စစ်ရှောင်စခန်း ၂၀ ကျော် ပိတ်သိမ်းရန် စစ်ကောင်စီ ဖိအားပေး

စစ်ကောင်စီက ရခိုင်ပြည်နယ် မြို့တော်စစ်တွေအနီးရှိ စစ်ရှောင်စခန်း ၂၅ ခုကို ပိတ်သိမ်းမည်ဖြစ်ကြောင်း စခန်းတာဝန်ခံများကို ဒီဇင်ဘာ ၂၉ တွင် ခေါ်ယူအသိပေးခဲ့သလို ခိုလှုံနေသူများကိုလည်း စခန်းမှ ထွက်ခွာရန် ဖိအားပေးလက်မှတ်ထိုးခိုင်းခဲ့ကြောင်း သိရသည်။ 

စခန်းတွင် ရှိနေသူများသည် မူလနေရပ်သို့ ပြန်ရန်၊ အခြားတစ်နေရာတွင် မိမိအစီအစဉ်ဖြင့် နေထိုင်ရန်၊ စစ်ကောင်စီ စီစဉ်ပေးသည့်နေရာတွင် နေထိုင်ရန် စသည့် ကမ်းလှမ်းချက်များထဲမှ တစ်ခုခုကို ရွေးချယ်ကြောင်း ဇန်နဝါရီလ ၂ နောက်ဆုံးထား လက်မှတ်ရေးထိုးပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ပို့ပေးလိုက်ရသည်ဟု သိရသည်။

ခိုလှုံနေသူများမှာ နေရပ်သို့ ပြန်ရန် ခက်ခဲနေသည်ဟု အမည်မဖော်လိုသည့် စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောသည်။

“မိမိနေရပ်ကို မပြန်လိုသူ တစ်ဦးမှ မရှိဘူး။ ဒုက္ခသည်စခန်းမှာ ခက်ခဲပင်ပန်းစွာနဲ့ တစ်ယောက်မှ မနေချင်ဘူး။ ပြန်သွားလို့ရှိရင် နေစရာအိမ်လည်း မရှိဘူး။ ပြီးတော့ မိုင်းအန္တရာယ်လည်း ရှိသေးတယ်။ မှတ်ချက် မပေးမနေရဆိုတော့ ရွေးချယ်စရာမရှိလို့ သူတို့စီစဉ်ပေးတဲ့နေရာမှာပဲ နေမယ်လို့ လက်မှတ်ရေးထိုးပေးလိုက်ပါတယ်” ဟု ထိုအမျိုးသားက ပြောသည်။

မူလနေရပ်ပြန်သွားမည်ဆိုပါက ငွေကျပ် ၆ သိန်းနှင့် ဆန်နှစ်အိတ် ပေးမည်၊ အခြားတစ်နေရာတွင် မိမိ အစီအစဉ်ဖြင့် နေထိုင်မည်ဆိုပါက ထောက်ပံ့ကြေးပေးမည်မဟုတ်ကြောင်း သိရသည်။

ထို့ကြောင့် စစ်ရှောင်အများစုမှာ စစ်ကောင်စီ၏ အစီအစဉ်ကိုသာ ရွေးချယ်လိုက်ရကြောင်း ပြောသည်။ 

“အဲ့သုံးချက်က တစ်ချက်ကို မဖြစ်မနေ ရွေးချယ်ရမယ်။ သူတို့စီစဉ်ပေးတဲ့နေရာမှာလည်း မနေချင်၊ ကိုယ့်မှာလည်း ဆုံးဖြတ်ပိုင်ခွင့်မရှိ။ ကိုယ့်ရွာကို ပြန်ရမလား စဉ်းစားထားတယ်။ တခြားရွေးချယ်စရာလည်း မရှိလို့ ကိုယ့်ရွာကို ပြန်မယ်ဆိုပြီး ဒီနေ့စာရွက်တွေကို ပို့လိုက်ပါပြီ” ဟု အခြားစစ်ဘေးရှောင်စခန်းတစ်ခုမှ အမျိုးသမီးတစ်ဦးက ဇန်နဝါရီ ၂ တွင် ပြောသည်။

နေရပ်ပြန်ရန် ခက်ခဲနေရသည့် အကြောင်းရင်းများတွင် မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်ပစ္စည်းများ၏ အန္တရာယ်လည်း ပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။

နေရပ်ပြန်ရန် စစ်ကောင်စီက လက်မှတ်ရေးထိုးခိုင်းသော စာရွက်အား စစ်ရှောင်တစ်ဦးက ပြသနေစဉ်။ (ဓာတ်ပုံ -Myanmar Now)

အဆိုပါအမျိုးသမီးသည် ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းကျေးရွာမှဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် ထိုရွာအနီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားအပြီး စစ်သား ၅၀၀ ခန့်က ရွာအတွင်း ကာလအတန်ကြာ တပ်စွဲနေထိုင်ခဲ့သောကြောင့် မိုင်းထောင်ထားခဲ့မည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။

ထို့ပြင် ရွာအနီးရှိ တောင်ပေါ်တွင် စစ်ကောင်စီတပ်က ဗျူဟာစခန်း အခိုင်အမာ တည်ဆောက်ထားသောကြောင့် နေရပ်ပြန်စေလိုပါက အဆိုပါစခန်းကို ရုပ်သိမ်းပေးရန်၊ ကျေးရွာနှင့် အနီးတစ်ဝိုက်ပတ်ဝန်းကျင်ကို မိုင်းရှင်းရန် လိုအပ်သည်ဟု အထက်ပါအမျိုးသမီးက ပြောသည်။

“ကိုယ့်ရွာကို ပြန်သွားရမယ်ဆိုရင် ကြောက်နေရတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ရွာမှာက စစ်တပ်ရှိလို့လေ။ မိုင်းလည်း မရှင်းလင်းသေးဘူး။ ဆိုတော့ အဲဒီနေရာမှာ ဘယ်လိုရှိမလဲမသိဘူး။ ကျွန်မတို့ဒေသမှာက တောင်ယာလုပ်ကိုင်စားသောက်တယ်။ တောင်တွေမှာ မိုင်းအန္တရာယ်ကိုလည်း ကြောက်နေရတယ်” ဟု သူက ဆိုသည်။

စစ်ကောင်စီက နေရာချထားပေးမည့်နေရာကိုလည်း မသိရသေးကြောင်း၊ ARSA လက်နက်ကိုင်အဖွဲ့ လှုပ်ရှားသည့် နယ်မြေအနီးသို့ ပို့မည်ကို စိုးရိမ်ပူပန်နေရကြောင်း စစ်ဘေးရှောင်အမျိုးသမီး နောက်တစ်ဦးကလည်း ပြောသည်။

“တိုင်းပြည်လွတ်လပ်ရေး မရသရွေ့၊ မအေးချမ်းသရွေ့ ကျွန်မတို့ နေရပ်ကို မသွားနိုင်ဘူး။ အခုတော့ သူတို့ စီစဉ်ပေးမဲ့နေရာမှာ နေမယ်လို့ ပြောလိုက်ပြီ။ ဘယ်လိုနေရာတွေမှာ ထားမယ်ဆိုတာလည်း ပြောတာ မရှိဘူး။ မောင်တောမှာ ထားမှာကိုလည်း စိုးရိမ်ရတယ်။ အဲဘက်မှာက ARSA လည်း ရှိတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် AA နှင့် စစ်ကောင်စီတပ် ခိုင်မာသည့်သဘောတူညီချက်မရှိဘဲ တိုက်ပွဲရပ်တန့်ထားခြင်း ဖြစ်သဖြင့် နေရာရွှေ့ပြီးချိန် တိုက်ပွဲပြန်ဖြစ်ပွားလာမည်ကိုလည်း စစ်ဘေးရှောင်များ  စိုးရိမ်နေကြသည်။ 

စခန်းမှ ထွက်ခွာခိုင်းနေသည့်ကိစ္စနှင့်ပတ်သက်ပြီး မီဒီယာများကို ထုတ်ဖော်မပြောရန်၊ လူမှုကွန်ရက် စာမျက်နှာများတွင် မတင်ရန် စစ်ကောင်စီဘက်က သတိပေးထားသောကြောင့် စစ်ဘေးရှောင်အများစုက သတင်းထောက်များနှင့် စကားပြောရန် ကြောက်လန့်ကြကြောင်း ပြောသည်။ 

ပြည်နယ်စစ်ကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်းဦးဆောင်ကာ ဒီဇင်ဘာ ၂၃ တွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး ဒေသတည်ငြိမ်အေးချမ်းနေပြီဖြစ်၍ စစ်ဘေးရှောင်စခန်းများကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ပြောထားသည်။

AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကမူ စစ်ဘေးရှောင်များကို နေရပ်ပြန်ခိုင်းပါက မိုင်းအန္တရာယ် အပါအဝင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည် ဖြစ်ကြောင်း Myanmar Now က ဆက်သွယ်မေးမြန်းစဉ် တုံ့ပြန် ပြောထားသည်။

ရခိုင်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် AA တို့သည် ၂၀၂၂ တစ်ကျော့ပြန်တိုက်ပွဲကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ မှ စတင်၍ အဆုံးသတ်ခဲ့သည်။ 

ယမန်နှစ် ရခိုင်တစ်ကျော့ပြန်တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၂၃၇၀၀ ခန့် ရှိခဲ့ပြီး ယခင်စစ်ဘေးရှောင်အရေအတွက်နှင့် ဆိုလျှင် စုစုပေါင်း ၉၈၅၀၀ ကျော်အထိ ရှိကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ဒီဇင်ဘာ ၈ တွင် ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ရှောင်စခန်း ၂၀ ကျော်ကို အပြီးဖျက်သိမ်းရေး လုပ်ဆောင်ရန် ကြိုးပမ်းနေကြောင်း ဒေသတွင်းမီဒီယာ မြစ်ကြီးနားဂျာနယ်တွင် ဇန်နဝါရီ ၃ က ဖော်ပြထားသည်။ 

၂၀၂၃ အတွင်း အပြီးဖျက်သိမ်းမည်ဖြစ်ကြောင်း၊ ကချင်စစ်ရှောင်များကိုလည်း ရခိုင်ပြည်နယ်ကဲ့သို့ ရွေးစရာ ၃ ခု ပေးထားကြောင်း သိရသည်။ 

ထိုစစ်ရှောင်များသည် ၂၀၁၁ က ဖြစ်ပွားခဲ့သော စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)  တို့ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာပြီး မြို့ပေါ်ရှိ စစ်ရှောင်စခန်းများတွင် နေထိုင်နေရခြင်း ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button