သတင်း

ဆိပ်ဖြူမြို့နယ်မှ ၇ နှစ် သမီးကို စစ်ကောင်စီတပ် ပစ်သတ် 

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်၏ ရမ်းသန်းပစ်ခတ်မှုကြောင့် အသက် ၇ နှစ် အရွယ် မိန်းကလေးတစ်ဦး ဇန်နဝါရီ ၁ က သေဆုံးသွားသည်ဟု သိရသည်။

ယင်းနေ့ နံနက် ၇ နာရီခွဲခန့်က ထမ္မကောက်ကျေးရွာစာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးအဖွဲ့ နှစ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်စဉ် စစ်သားများက အနီးဝန်းကျင်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်။ 

ထိုပစ်ခတ်မှုအတွင်း မအေမီခိုင် ကျည်ထိမှန်သေဆုံးပြီး လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးလည်း လက်မောင်းတွင် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့သည်ဟု ဆိပ်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဒုတာဝန်ခံ ကိုဒေးဗစ်က ပြောသည်။

“ရုတ်တရက် သေနတ်သံကြားတော့ အကုန်ပြေးကြတာမှာ ကလေးက မပြေးနိုင်တော့ ကျည်ထိမှန်ပြီး သေသွားတယ်” ဟု သူက ဆိုသည်။

ဆိပ်ဖြူမြို့နယ်နှင့် စစ်ကောင်စီ၏လက်နက်ထုတ်စက်ရုံ (ကပစ) -၂၂ သို့ သွားရာ ကားလမ်းဘေးတွင် ရှိသော ထမ္မကောက်ကျေးရွာ၏ အရှေ့ဘက် စာသင်ကျောင်းဝင်းအတွင်း စစ်သား ၅၀ ခန့်က ထောက်ပို့အနေဖြင့် ပုံမှန်တပ်စွဲနေခြင်း ဖြစ်သည်။

သေဆုံး၊ ဒဏ်ရာရသူ နှစ်ဦးသည် စာသင်ကျောင်း၏ မနီးမဝေးနေရာတွင် ရှိနေပြီး ထိုနေရာတွင် ပဲတီစိမ်း ခူးနေသူများ၊ ထင်းရှာနေသူများလည်း ရှိနေသည်ဟု ကိုဒေးဗစ်က ပြောသည်။

“အလောင်းကိုတော့ ရွာကနေ ကောက်ပြီး သင်္ဂြိုဟ်လိုက်ပါတယ်။ (အသက်) ၇ နှစ်ဆိုတော့ ကျောင်းမနေရသေးဘူး” ဟု ထိုအမျိုးသားက ဆိုသည်။

ဒဏ်ရာရထားသည့် အမျိုးသမီးကိုမူ ဆေးရုံသို့ ပို့ထားကြောင်း၊ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံး၊ ထိခိုက်ဒဏ်ရာ ရမရ အခြေအနေကိုမူ မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ကလည်း ဆိပ်ဖြူမြို့နယ်၊ ရေထွက်ရွာတွင် စစ်သား ၄၀ ခန့်က ဝင်ရောက် ပစ်ခတ်ရာ ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး ၁၅ နှစ်အရွယ် ယောက်ျားလေးတစ်ဦး တစ်ညတာ ဖမ်းဆီးရိုက်နှက် စစ်ဆေးခံရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှို့မှုကြောင့် ဧရာဝတီမြစ်အနောက်ဘက်ကမ်းဘေးရှိ ပခုက္ကူမြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်အတွင်း ကျေးရွာ ၆ ရွာမှ အိမ်ခြေ ၄၀၀ ကျော် မီးလောင်ခဲ့ပြီး ဒေသခံ ၇၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းအတွင်း ယမန်နှစ် နှစ်ကုန်ပိုင်းကလည်း ခင်ဦး၊ ဝက်လက်၊ ရေဦးမြို့နယ်များအပါအဝင် ဒေသအနှံ့အပြားကို စီးနင်းမီးရှို့ခဲ့သလို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရရသည်။

ပြီးခဲ့သည့် နိုဝင်ဘာအတွင်း ခင်ဦးဒေသခံ နှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နေရပ်ပြန်သူများရှိသော်လည်း အများစုက အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

အဆိုပါ ဒေသတွင်း ပစ်ခတ်မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Related Articles

Back to top button