သတင်း

မန္တလေးတွင် ပစ်ခတ်မှုများဆက်ဖြစ်၊ အဖမ်းအဆီးကြမ်းနေ

စာပေ၊ ဂီတ၊ အနုသုခုမတို့ဖြင့် ကျော်ကြားသည့် နိုင်ငံအလယ်ပိုင်း ယဉ်ကျေးမှုမြို့တော်၌ ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေသလို ၂၀၂၂ နှစ်ကုန်ပိုင်းတွင် စစ်ကောင်စီကို ခုခံနေသည့် တော်လှန်ရေးအဖွဲ့များနှင့် ဆက်စပ်သည်ဟု ယူဆရသည့် ၁၆ ဦးဖမ်းဆီးခံရပြီး ထိုအထဲတွင် ကျောင်းထိုင် ဘုန်းတော်ကြီး တစ်ပါးပါ ပါဝင်သည်။

၂၀၂၂ ဒီဇင်ဘာ ၃၁ ရက်ညတွင် ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက် ၄၉ လမ်းနှင့် ၁၀၈ လမ်း အနီးတွင် လူငယ်နှစ်ဦး ဖမ်းမိခဲ့ရာမှ Mandalay Young Force(MYF) နှင့် ဝက်လက်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တပ်ဖွဲ့ဝင် ၁၆ ဦးကို လက်လုပ်မိုင်းများနှင့်အတူ ဖမ်းမိသည်ဟု စစ်ကောင်စီက ဇန်နဝါရီ ၂​ ရက်တွင် သတင်းထုတ်ပြန်သည်။

ကျောင်းထိုင်ဆရာတော်မှာ ချမ်းအေးသာစံမြို့နယ်ရှိ မလွန်ကျောင်းတိုက်မှ ဦးအိန္ဒြာစက္က ခေါ် ဦးအေးကို ဖြစ်သည်။ ကျန်သူများမှာ အသက် ၁၈ နှစ်မှ ၂၀ ဝန်းကျင် လူငယ်များဖြစ်ကြကာ အမျိုးသမီး ၇ ဦးပါဝင်သည်။ မြို့ပြပြောက်ကျားအဖွဲ့ဝင်များ ဖမ်းခံရသည်ဟု မန္တလေးမြို့ အခြေစိုက် တော်လှန်ရေးသမားတစ်ဦးက အတည်ပြုသည်။

“ပစ္စည်းတွေက ဘုန်းကြီးကျောင်းမှာ မိတာဆိုပြီး ဆရာတော်ကိုပါ ဖမ်းတာပေါ့။ စဖမ်းတဲ့နှစ်ဦးကိုတော့ တော်တော်နှိပ်စက်ထားတယ်။ သေနတ်လည်း ထိထားတယ်လို့ ကြားတယ်။ လက်ရှိမှာ ခေါင်းဆောင်တွေကို ဖော်ခိုင်းနေသလို ပစ္စည်းလမ်းကြောင်းထောက်ပို့တွေပါ ဖော်ခိုင်းနေတယ် ကြားတယ်” ဟု ၎င်းက ဆိုသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ အာဏာသိမ်းမှုကို အစောဆုံးဆန့်ကျင်ပြခဲ့သည့် မန္တလေးသည် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို ခုခံမှုများတွင်လည်း ဆက်လက်ပါဝင်နေပြီး ယမန်နေ့ (ဒီဇင်ဘာ ၂ ) ကပင် အမျိုးသားနှစ်ဦး ပစ်သတ်ခံခဲ့ရသည်။

ထိုနေ့နံနက် ၈ နာရီဝန်းကျင်တွင် ချမ်းအေးသာစံမြို့နယ်(၃၄) လမ်း၊ (၈၉) လမ်းနှင့် လမ်း (၉၀) အနီး ဆိုင်ကယ်စီးလာသည့် အသက် ၅၀ အရွယ် ကျောက်ပွဲစား ဦးဝင်းအောင်ဆိုသူ သေနတ်ဖြင့် ပစ်ခံရရာ ပွဲချင်းပြီးသေဆုံးသွားသည်ဟု မျက်မြင်များကို ကိုးကား၍ ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

“ဆေးရုံကို မရောက်လိုက်ဘူး။ scoppy ဆိုင်ကယ်လေးနဲ့ သူက မောင်းလာတာ။ ဘယ်ဘက်က (စစ်ကောင်စီ သို့မဟုတ် တော်လှန်ရေးအဖွဲ့က) ပစ်တယ်၊ ဘယ်သူပစ်တယ် ခုထိ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။

ထို့အပြင် ဒီဇင်ဘာ ၂ရက် မွန်းလွဲ ၁နာရီခန့်က ပုသိမ်ကြီးမြို့နယ်၊ ရေထွက်လမ်းပေါ်တွင် ဦးအောင်ကျော်မြင့်ဆိုသူ ပစ်သတ်ခံရကြောင်း၊ ထိုသူမှာ စစ်ကောင်စီသတင်းပေးဟု ကျော်ကြားသူ ဆယ်အိမ်မှူးဟောင်းဖြစ်ကြောင်း သတင်းထွက်ပေါ်နေသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ အသေးစိတ်များကို သီးခြားအတည်မပြုနိုင်သေးပေ။

စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သည့် မန္တလေးမြို့တွင် ၂၀၂၂ စက်တင်ဘာလမှစတင်ကာ လေးလအတွင်း ဆရာဝန်များ၊ သံဃာတော်များ၊ ပြောက်ကျားတပ်ဖွဲ့ဝင်များအပါအဝင် ဒေသခံ ၁၀၀ နီးပါး ဖမ်းဆီးခံထားရသည်ဟု တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button