သတင်း

မိုင်းဆွဲခံရပြီးနောက် စစ်တပ်က တွေ့ကရာလူငယ်နှစ်ဦးကိုဖမ်း 

ရခိုင်ပြည်နယ်အစပ်ဖြစ်သော မကွေးတိုင်း ငဖဲမြို့နယ်တွင် ယမန်နေ့ (ဇန်နဝါရီ ၁) က စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က တွေ့ကရာ လူငယ်နှစ်ဦးကို ဖမ်းဆီးထားသည်ဟု သိရသည်။

ယမန်နေ့ နံနက် ၈ နာရီခွဲခန့်က ငဖဲမြို့နယ်အနောက်ပိုင်း ဂုတ်ကြီးရွာနှင့် မြေလတ်ရွာအကြားတွင် စစ်ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်မှာ မကွေးဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သော People’s Revolution Alliance (PRA-Magway) ဖြစ်သည်။

စစ်ကားတွင် အင်အား ၂၅ ဦးခန့်ပါပြီး ငဖဲဖြို့နယ် ပဒါန်းရွာအနီးရှိ အမှတ် ၉၀၅ အမြောက်တပ်မှ စစ်သားများဖြစ်ကြောင်း PRA-Magway တာဝန်ခံက ကိုဟာကျူလီက ပြောသည်။ 

“ဂုတ်ကြီး ရဲစခန်းကနေ ထွက်လာတာ။ မိုင်းကွဲထဲ အရောက်မှာ ခွဲလိုက်နိုင်တယ်။… စစ်ကောင်စီဘက်ကတော့ ကျွန်တော်တို့ မိုင်းဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရမှုတော့ တော်တော်လေးတွေ့ရတယ်။ တချို့လည်း အသည်းအသန်ဖြစ်လို့ ဆေးရုံကြီးပို့ရတယ်။ တချို့လည်း တပ်တွင်ဆေးခန်းမှာပဲ ကုနေတယ်လို့ သိရတယ်” ဟု ၎င်းက ဆိုသည်။

ပဒေသာမိုင်းဖြင့် ချုံခိုတိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများသော်လည်း အသေးစိတ်ကိုမူ စုံစမ်းနေဆဲဖြစ်သည်ဟု PRA-Magway က ယမန့်နေ့ညပိုင်းတွင် ထုတ်ပြန်သည်။ မကွေးတိုင်း မင်းဘူးမြို့နယ်နှင့် ရခိုင်ပြည်နယ် အမ်းမြို့နယ်ကို ဆက်သွယ်သည့် ကားလမ်းပေါ်တွင် စစ်ကားမိုင်းခွဲတိုက်ခိုက်ခဲ့သည့် ရုပ်သံကိုလည်း ၎င်းတို့အဖွဲ့က ထုတ်ပြန်ထားသည်။​

ဂုတ်ကြီးရဲစခန်းအရှေ့ဘက် နှစ်မိုင်ခန့်အကွာမှ မြေလတ်ရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်သားများက ထိုနေရာတစ်ဝိုက်ကို ရှာဖွေစီးနင်းကာ ဒေသခံ လူငယ်နှစ်ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည် ဟု သိရသည်။ 

“ဘာမှ မသက်ဆိုင်တဲ့လူငယ်နှစ်ဦးကို ဖမ်းသွားတယ်။ သူတို့ဟာနဲ့သူတို့ပဲ သူတို့ခရီးစဉ်နဲ့ သူတို့သွားနေတဲ့ဟာကို ဖမ်းသွားတယ်လို့ သိရပါတယ်” ဟု ကိုဟာကျူလီက ပြောသည်။ 

စစ်တပ်က ဖမ်းဆီးသွားသည့် လူငယ်နှစ်ဦးနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကိုမူ မသိရပေ။ မိုင်းဆွဲတိုက်ခိုက်ခံရသည့်အပေါ် စစ်ကောင်စီကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိပေ။ 

ရခိုင်ပြည်နယ်အစပ်ဖြစ်သော မကွေးတိုင်းတောင်ပိုင်းတွင်လည်း အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်နေသော ဒေသကာကွယ်ရေးအဖွဲ့များ ရှိနေရာ ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏဖြစ်ပေါ်နေသည်။​

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလဆန်းပိုင်းကလည်း ငဖဲမြို့နယ်အတွင်းရှိ ဂုတ်ကြီးရဲစခန်းမှ ရဲများကို ချုံခိုတိုက်ခိုက်စဉ် တပ်ကြပ်အဆင့်ရှိ နယ်ထိန်းရဲအရာရှိတစ်ဦး သေဆုံးကာ လက်နက်ခဲယမ်းများကို PRA-Magway က သိမ်းဆိမ်းရမိခဲ့သည်။ အဆိုပါနယ်ထိန်းနှင့်အတူ ပါလာသည့် အခြားရဲများမှာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button