သတင်း

အာဏာသိမ်းနှစ်နှစ်ပြည့်လုချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို အပြီးသတ်အမိန့်ချ 

ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မပေါင်းများစွာဖြင့် အမှုပေါင်း ၁၉ မှုအထိ တရားစွဲဆိုခဲ့သည့် စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်ပြည်လုနီးပါးအချိန်တွင် လက်ကျန်ငါးမှုအတွက် ယနေ့၌ (ဒီဇင်ဘာ ၃၀) ထောင် ၇ နှစ် အပြီးသတ်ချလိုက်သည်။

အာဏာသိမ်းသည့်နေ့ကတည်းက ဖမ်းဆီးခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌကို စစ်ကောင်စီက ထောင်ဒဏ်နှစ် ၂၀၀ ကျော်အထိ ချမှတ်နိုင်သော ပုဒ်မများဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကာ အမှုပေါင်း ၁၉ မှုအတွက် စုစုပေါင်းထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့သည်။

ယနေ့ အပြီးသတ်အမိန့်ချသော အမှုများမှာ NLD အစိုးရလက်ထက်က သဘာဝဘေးအန္တရာယ် ကျရောက်ပါက အသုံးပြုရန် စီစဉ်ခဲ့သော ရဟတ်ယာဉ် ငှားရမ်းမှုနှင့် ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပါ ပုဒ်မ ၅၅ ဖြင့် စွဲဆိုခဲ့သောအမှုများဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နည်းတူ သမ္မတဦးဝင်းမြင့်ကိုလည်း လက်ကျန်ငါးမှုအတွက် ထောင်ဒဏ် ၇ နှစ် အပြီးသတ်အမိန့်ချခဲ့သည်ဟု တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။ အပြီးသတ်အမိန့်ချမှတ်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ဘက်မှ အယူခံတက်မည်ဟုလည်း သိရသည်။

ယခင်ချမှတ်ခဲ့သော အမှုများနှင့် ပတ်သက်၍ အယူခံတက်ခဲ့သော်လည်း စစ်ကောင်စီဘက် စစ်ဆေးခြင်းပင် မရှိဘဲ အဆင့်ဆင့်ပယ်ချခဲ့သည်။

နေပြည်တော်အချုပ်ထောင်တွင်း အထူးတရားခွင်၌ ယနေ့ အပြီးသတ်အမိန့်ချသူမှာ မန္တလေးတိုင်း တရားလွှတ်တော်တရားသူကြီး ဦးမြင့်ဆန်းဖြစ်သည်ဟု သိရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့နှစ်ဦးလုံး ကျန်းမာရေးကောင်းမွန်သည်ဟုလည်း တရားရုံးနှင့် နီးစပ်သူထံမှ ထပ်ဆင့်သိရသည်။

နေပြည်တော်အချုပ်ထောင်၌ ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့ရန်ရှိသည်ဟုလည်း သိရသော်လည်း မည်သည့်နေရာကို ရွှေ့ပြောင်းမည်ဟု အတိအကျ မသိရသေးပေ။

“အမှုအားလုံး ပြီးပြီဆိုတော့ နေပြည်တော်အချုပ်ကနေ နေရာပြောင်းမယ်လို့တော့ ကြားတယ်။။ ဘယ်ကို ပြောင်းမယ်၊ ဘယ်နေ့ပြောင်းမယ်ဆိုတာတော့ အသေးစိတ် မသိသေးပါဘူ” ဟု အထက်ပါ တရားရုံးနှင့် နီးစပ်သူက ဆိုသည်။​

၂၀၂၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပြတ်အသတ်အနိုင်ရရှိပြီးနောက် မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်က မဲစာရင်းအကြောင်းပြကာ အာဏာသိမ်းယူခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးဖြင့် အစိုးရအဖွဲ့ကို ဦးဆောင်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် အပါအဝင် NLD ထိပ်ပိုင်းခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ဝင်များ အားလုံးနီးပါးမှာ စစ်တပ်က အာဏာသိမ်း  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံခဲ့ရသည်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်၌ သီးသန့်ထိန်းသိမ်းထားပြီး သမ္မတဦးဝင်းမြင့်ကိုမူ မည်သည့်နေရာမှန်း မသိရသည့် လျှို့ဝှက်တစ်နေရာတွင် ထိန်းသိမ်းထားသည်။

အာဏာရှင်ဟောင်းများသည် ၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲနီးကပ်လာချိန်တွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေး၍ နိုင်ငံတကာထောက်ခံမှုနှင့် ယုံကြည်မှုရရှိစေရန် ဆောင်ရွက်ခဲ့သည့် သာဓကများရှိ၍ အာဏာရှင်ပေါက်စ မင်းအောင်လှိုင်အနေဖြင့် မည်သို့ဆောင်ရွက်မည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း တရားရုံးဆိုင်ရာ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်နည်းတူ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့် ကျောင်းသားလူငယ်များကိုလည်း ယခုရက်ပိုင်းအတွင်း အပြီးသတ်အမိန့်ချနေသည်ကို တွေ့ရှိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button