အနောက်မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ယနေ့ (ဒီဇင်ဘာ ၂၆) က စစ်ကောင်စီတပ်ဖွဲ့ကို အလစ်ဝင်ရောက်တိုက်ခိုက်ရာ သုံးဦးသေသည်ဟု တော်လှန်ရေးအဖွဲ့ထံမှ သိရသည်။
မုံရွာမြို့ နန္ဒဝန်ရပ်ကွက် သမစိတ္တလမ်း အင်ကြင်းခိုင်ဟိုတယ်အနီး ပစ်တိုင်းထောင်ကွမ်းယာဆိုင်သို့ အိမ်စီးကားဖြင့် အရပ်ဝတ်ဝတ်ဆင်ထားပြီး ရောက်လာသည့် အမှတ် ၂ ရဲစခန်းမှ စခန်းမှူးအပါအဝင် ၇ ဦးကို ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့က စောင့်ကြို၍ နှစ်မိနစ်ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်အတွင်း စခန်းမှူးအဆင့်ရှိသူတစ်ဦးအပါအဝင် သုံးဦးမှာ ကွမ်းဆိုင်ရှေ့မှာပင် သေဆုံးခဲ့သလို ဒဏ်ရာရသူများလည်းရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မုံရွာခရိုင် တပ်ရင်း ၇ လည်းဖြစ်၊ ဒေသကာကွယ်ရေးအဖွဲ့(PDF) လည်းဖြစ်သည့် Lightning People Defence Force ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“သူတို့က ကားနဲ့ ကွမ်းယာရပ်ဝယ်တာကို ကျွန်တော်တို့ကလည်း ကားနဲ့ ပြန်ပိတ်ပြီး ပစ်တာဗျ။ အပြန်အလှန် နှစ်မိနစ်လောက်တော့ ပစ်ခဲ့ရတယ်။ နောက်တော့ ခွေး (စစ်ကောင်စီ) ဘက်က တပ်ကူကားနှစ်စီးရောက်လာတော့ ပြန်ဆုတ်ခဲ့ရတာပါဗျ။ ကွမ်းဝယ်တဲ့ကောင်တွေက နေရာတင် ပွဲချင်းပြီးပဲဗျ” ဟု ၎င်းက ပြောသည်။
တိုက်ခိုက်မှုကို Black Falcon အမည်ရ မြို့ပြပြောက်ကျားအဖွဲ့၊ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့နှင့် Lightning People Defence Force တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်။ အပြန်အလှန်ပစ်ခတ်မှုအတွင်း တော်လှန်ရေးအဖွဲ့ဘက်မှ အဖွဲ့ဝင်တစ်ဦး လည်ပင်းကျည်ရှပ်မှန် ဒဏ်ရာရခဲ့သော်လည်း အသက်အန္တရာယ် မစိုးရိမ်ရဟု အထက်ပါ တော်လှန်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
ထိုနေရာအနီးနေထိုင်သည့် ဒေသခံနှစ်ဦးက ပစ်ခတ်တိုက်မှုဖြစ်ပွားသည်မှာ မှန်ကန်သည်ဟု အတည်ပြုသည်။ သို့သော် လုံခြုံရေးအခြေအနေအရ အသေးစိတ်ကို စူးစမ်းအတည်ပြုနိုင်ခြင်းမရှိကြောင်း၊ လက်ရှိတွင် စစ်ကောင်စီအဖွဲ့က အိမ်စီးကားများသုံး၍ မုံရွာမြို့အတွင်း လှည့်ပတ်စစ်ဆေးနေကြောင်း ၎င်းတို့က ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ကလည်း မုံရွာမြို့အရှေ့တောင်ဘက်တွင် စျေးဝယ်ထွက်လာသည့် အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို မြို့ခံကာကွယ်ရေးအဖွဲ့များပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြပြီး တိုက်ခိုက်အမှုတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများရှိသလို ၎င်းတို့၏ သေနတ်တစ်လက်ကို ကာကွယ်ရေးအဖွဲ့များက သိမ်းဆီးရမိခဲ့ကြသေးသည်။
အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းသည့် လုပ်ရပ်ကို နိုင်ငံအနှံ့ ပြင်းပြင်ထန်ထန် ဆန့်ကျင်ကြရာတွင် မန္တလေးမြို့ အနောက်မြောက်ဘက် ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းရှိ မုံရွာမြို့သည်လည်း ထိပ်ဆုံးမှ ပါဝင်သည်။
အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)



