
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်အတွင်း လက်နက်ခဲယမ်းတင်ဆောင်လာသည့် စစ်ကောင်စီကားတစ်စီးကို ခရစ္စမတ်နေ့ (ဒီဇင်ဘာ ၂၅) ည ၁၀ နာရီခွဲခန့်တွင် တော်လှန်ရေးအဖွဲ့က နေရာသုံးခု၌ မိုင်းဆွဲတိုက်ခိုက်သည်။
မုံရွာ-မန္တလေးလမ်းအတိုင်း စစ်ကိုင်းမြို့နယ် အုန်းတောရွာမှ ထွက်ခွာလာသည့် စစ်သုံးထရပ်ကားကို မြင်းမူမြို့နယ်အတွင်း ရောက်ချိန်တွင် ပဒေသာမိုင်း ခေါ် အတွဲလိုက်ပေါက်ကွဲသည့်မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က လေးဦး ဒဏ်ရာပြင်းထန်စွာ ရသွားသည်ဟု မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဘက်က ပြောသည်။
ပျော့ရွာအနီး၊ ထိုနေရာမှ အနောက်ဘက် နှစ်ဖာလုံကျော်၊ မြင်းမူမြို့အနီး ထီးဆောင်ရွာ ဝန်းကျင်တွင် တိုက်ခိုက်ခဲ့ကြောင်း၊ ထီးဆောင်ရွာအနီး တတိယအကြိမ် တိုက်ခိုက်ခံရပြီး နောက်တွင် စစ်ကား ဆက်လက်မောင်းနှင်နိုင်ခြင်းမရှိတော့ကြောင်း မြင်းမူ-PDF ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။
“အပြန်အလှန်ပစ်ခတ်မှုတော့ မဖြစ်ဘူး။ သူတို့ကလည်း ၁၀ ယောက်လောက်ပဲ ပါတာ။ ထီးဆောင်ရွာနားမှာ နောက်ဆုံးအကြိမ် ဆွဲလိုက်ပြီးတော့ အဲဒီမှာပဲ ကားရပ်သွားတယ်။ လောလောဆယ်ထိ ထွက်မသွားသေးဘူး။ ခိုက်မိတဲ့သူတွေကို ကုနေတယ်” ဟု ၎င်းက ယနေ့ (ဒီဇင်ဘာ ၂၆) တွင် ပြောသည်။
ထီးဆောင်ရွာသည် အရာတော်-မြင်းမူ မြို့နယ်ချင်းဆက်လမ်းနှင့် မုံရွာ- မန္တလေးလမ်းတို့ ဆုံရာနေရာဖြစ်ပြီး ထိုရွာတွင် တပ်မ ၃၃ နှင့် တပ်မ ၉၉ လက်အောက်ခံ စစ်သား ၇၀ ခန့် တပ်စွဲထားသည်ဟု ဒေသခံတော်လှန်ရေးအဖွဲ့များထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ကလည်း ထီးဆောင်ရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြင်းမူ PDF အပါအဝင် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့ ၇ ဖွဲ့ ပူးပေါင်း၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့သလို ၎င်းတို့ တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသည်ဟု မြင်းမူ PDF ဘက်က အတည်ပြုထားသည်။
အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးပေ။
အာဏာသိမ်းပြီး နှစ်နှစ်နီးပါးအတွင်း ဆန္ဒပြရုံဖြင့် သေနတ်ကျည်သင့်သည့် အခြေအနေတွင် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံတော်လှန်နေကြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)