သတင်း

စစ်ကောင်စီတပ်နှင့် KNU တို့ ကော့ကရိတ်မြို့အနီးတွင် တိုက်ပွဲများ ဆက်ဖြစ်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အခြေစိုက် အမှတ် ၂၃၁ ခြေလျင်တပ်ရင်းကို သွားရောက် တိုက်ခိုက်ပြီးနောက် ထိုမြို့ဝန်းကျင်တွင် တိုက်ပွဲများဆက်ဖြစ်နေသည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်းမှူးက ပြောသည်။

ဒီဇင်ဘာ ၁၆ တွင် တပ်ရင်း  -၂၃၁ အတိုက်ခံရပြီးနောက် စစ်တပ်က ကော့ကရိတ်မြို့ အနီးပတ်ဝန်းကျင်ကို စစ်ကြောင်းထိုးနေသည့်အတွက် တိုက်ပွဲများဆက်ဖြစ်နေခြင်းဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ KNLA တပ်ရင်း ၂၇ ၏ တပ်ရင်းမှူးက ဆိုသည်။

အာရှလမ်းဟု ဒေသခံတို့ ခေါ်ကြသည့် မြဝတီ၊ ကော့ကရိတ် အမြန်လမ်းမကြီး နယ်မြေတွင် KNLA တပ်များ လှုပ်ရှားနေသဖြင့် စစ်ကောင်စီတပ်သားများ ထွက်လာလျှင် ထိပ်တိုက်တွေ့မည်ဟု တပ်ရင်းမှူးက ဆိုသည်။

“သူတို့ထွက်လာလို့ ဖြစ်တာ ၊ ကျွန်တော်တို့ လူတွေက အာရှလမ်းနားမှာပဲ ရှိနေတာလေ။ ကော့ကရိတ်က ထွက်တာနဲ့ ဖြစ်မှာပဲ” ဟု တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောရန်နိုင်က ပြောသည်။

ဒီဇင်ဘာ ၂၀ နံနက်ပိုင်းတွင်လည်း ကော့ကရိတ်မြို့အထွက် အာရှလမ်းမကြီး အနီးတစ်ဝိုက်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။ 

ယင်းထိတွေ့တိုက်ပွဲအတွင်း KNU ဘက်က ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သလို စစ်ကောင်စီဘက်က အခြေအနေကိုလည်း မသိရှိရသေးပေ။

ယမန်နေ့ ဒီဇင်ဘာ ၁၉ တွင်လည်း ကော့ကရိတ်မြို့အရှေ့ဘက် ကော့နွဲရွာအနီး တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်ရသလို မြဝတီ-ကော့ကရိတ် ဆက်သွယ်ထားသည့် အာရှလမ်းမကြီးလည်း ယာဉ်အသွားအလာ ရပ်တန့်ခဲ့သည်။

တိုက်ပွဲဖြစ်စဉ်အတွင်း KNLA ဘက်မှ ထိခိုက်ကျဆုံးမှု မရှိကြောင်း၊ သို့သော်လည်း စစ်ကောင်စီဘက်က ရမ်းသန်းပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ကော့နွဲရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒုဗိုလ်မှူးကြီး စောရန်နိုင်က ပြောသည်။

“ဒေသခံတွေက ပြေးကြရှောင်ကြတာပေါ့၊ ဒီလောက်ရမ်းပစ်နေတာ။ တိုက်ပွဲဖြစ်တဲ့ နေရာကို ပစ်ရင် မပြောဘူး” ဟု ၎င်းက ပြောသည်။

၉ နှစ်သားနှင့် သူ၏အဘိုး ဒဏ်ရာရသွားသည်၊ အသက် ၉၀ အရွယ် အဘိုးဖြစ်သူမှာ လက်နက်ကြီးအစ ဘယ်ဘက်ရင်ဘတ်ကို ထိမှန်ထားသဖြင့် စိုးရိမ်ရသည်ဟု ကော့နွဲရွာ ဒေသခံတစ်ဦးက ဆိုသည်။ 

ကော့ကရိတ်မြို့ အနောက်ဘက် တစ်မိုင်ခန့် အကွာတွင်ရှိသည့် လှိုင်ဝနှင့် တံတားကျိုးရွာ ကြားတွင် အခြေစိုက်ထားသော အမှတ် ၃၁၂ အမြောက်တပ်ရင်းနှင့် ခြေလျင်တပ်ရင်း ၉၇ တို့က ကော့ကရိတ်မြို့ အနီးတစ်ဝိုက်ရှိ ကျေးရွာများကို လက်နက်ကြီးများနှင့် ဆက်တိုက်ဆိုသလို ပစ်ခတ်နေကြောင်း KNU ဘက်က ဆိုသည်။

ဆက်တိုက်ဖြစ်နေသော တိုက်ပွဲများ၊ လက်နက်ကြီးကျည်များ ရွာအတွင်း ကျရောက် ပေါက်ကွဲမှုတို့ကြောင့် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကော့နွဲ၊ တတံကူး၊ တောင်ကြာအင်းနှင့် မြောက်ကြာအင်း ကျေးရွာတို့မှ ဒေသခံ ၁၀၀၀ ကျော် စစ်ရှောင်နေကြရသည်။

“မြို့ထဲက သူတွေကတော့ ပြီးခဲ့တဲ့တစ်ခေါက် တိုက်ပွဲဖြစ်ကတည်းက အားလုံး သတိနဲ့ နေနေကြရတယ်။ တောင်ဘက်ပိုင်းက ကျေးရွာတွေရယ်၊ မြောက်ပိုင်းက ကျေးရွာတွေရယ်မှာ ဖြစ်တော့ အဲ့ဘက်က ဒေသခံတွေ ရှောင်နေကြရတဲ့သဘောပေါ့” ဟု ကော့နွဲရွာ ဒေသခံ စစ်ရှောင်တစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်နေရသူများသည် နီးစပ်ရာ ကျေးရွာများ ဘုန်းကြီးကျောင်းများတွင် တိမ်းရှောင်နေရပြီး စာသင်ကျောင်းများလည်း ပိတ်ထားရကြောင်း ဒီဇင်ဘာ ၁၇ ရက်နေ့က ကော့နွဲရွာ မြောက်ဘက်ခြမ်းကို စစ်လေယာဉ်က ဗုံးလာကြဲခဲ့သလို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ကော့ကရိတ်မြို့ ဒေသခံအချို့က ဆိုသည်။

စစ်ကောင်စီ ခြေလျင်တပ်ရင်း -၂၃၁ ကို ဝင်ရောက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီး အပါအဝင် ၅ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကာ KNLA ဘက်မှ တပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း KNU ဘက်က ဆိုသည်။

ကော့ကရိတ်မြို့ အနီးပတ်ဝန်းကျင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး သတင်းအမှောင်ချထားသည့် စစ်ကောင်စီဘက်ကို မေးမြန်း၍ မရသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button