သတင်း

ဗိုလ်ရှုခံအတွက် နေပြည်တော်ရှိ ဝန်ထမ်းများ မိုးမလင်းမီ လေ့ကျင့်နေရ

၂၀၂၃၊ ဇန်နဝါရီ ၁ရက်တွင် ကျရောက်မည့် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် အာဏာသိမ်း စစ်ခေါင်းဆောင် အလေးပြုခံမည့် ဗိုလ်ရှုသဘင်အတွက် နေပြည်တော်ရှိ အစိုးရဝန်ထမ်းများ မိုးမလင်းမီကပင် လေ့ကျင့်နေကြရသည်။

အာဏာသိမ်းပြီး နှစ်နှစ်အတွင်း စစ်သုံးလက်နက်နှင့် ယာဉ်များ၊ စစ်သည်၊ ဝန်ထမ်းများက ချီတက်၍  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဒုတိယအကြိမ်အဖြစ် အလေးပြုမည့် ထိုအစီအစဉ်အတွက် နံနက် ၄ နာရီမှစ၍ သုံးနာရီကြာ လေ့ကျင့်ရသည်ဟု ဝန်ထမ်းအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

အိမ်ရာများမှ ဝန်ထမ်းများကို ရုံးသုံးကြိုပို့ယာဉ်များဖြင့် ဥပါတ္တသန္တိစေတီရှေ့ တပေါင်းကွင်းသို့ ခေါ်ဆောင်ကာ ထိုမှ ၆ မိုင်ဝန်းကျင်အကွာရှိ သမ္မတအိမ်တော်နှင့် လွှတ်တော်ဝင်ပေါက်အနီး ဗိုလ်ရှုံခံစင်မြင့်ရှိရာသို့ ရာဇဌာနီလမ်းအတိုင်း စီတန်းလမ်းလျှောက်ရကြောင်း၊ တစ်ချို့ဌာနများက ထိုနေ့အတွက် ပိတ်ရက်အဖြစ် သတ်မှတ်ပေးကြောင်း သိရသည်။

“ဝန်ကြီးဌာန တစ်ခုနဲ့တစ်ခုတော့ မတူဘူးဗျ။ လေ့ကျင့်ခဲ့အချိန်ကရော၊ နံနက်လေးနာရီက အစောဆုံးပဲ။ အနားယူခွင့်ပေးတယ်ဆိုတာကလည်း ဌာနအလုပ်အပေါ်မှာ မူတည်ပြီး ပေးကြတာပေါ့”ဟု လုံခြုံရေးအရ ကိုယ်ရေးအချက်အလက် ထုတ်မပြောလိုသည့် အမျိုးသားဝန်ထမ်းတစ်ဦးက ပြောသည်။

ထိုသို့ လေ့ကျင့်ချိန်များတွင် ရာဇဌာနီလမ်းအပြင် ရာဇသင်္ဂဟလမ်းပေါ်ရှိ ရေပန်းဉယျာဉ်မှ ရာဇသင်္ဂဟအဝိုင်း အရပ်ခေါ် (ရှားပင်ကုန်းအဝိုင်း) ထိ လမ်းများကို ပိတ်ထားသည်။ ထို့အပြင် ဗိုလ်ရှုံခံစင်မြင့်ကို ဖြတ်သန်းသွားလာနိုင်သည့် ရာဇဌာနီလမ်းကို ဇေယျဌာနီလမ်းနှင့်ဆုံရာ ကြာပန်းအဝိုင်းမှ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရှိရာ ဇဝနလမ်းထိပ်အထိ အမြဲပိတ်ထားသည်။

“စစ်ဆေးတာကတော့ ပုံမှန်ပဲ။ သူတို့သံဆူးကြိုးကာထားတဲ့ နေရာကို ဖြတ်မသွားနဲ့ ရတယ်။ မှားပြီး ဝင်လာရင်တော့ ဝန်ထမ်းဆိုရင်တောင် အရစ်ခံရတယ်။ သာမန်လူဆိုရင်တော့ လုံခြုံရေးအကြောင်းပြပြီး အတွယ်ခံရနိုင်တယ်” ဟု နောက်ထပ် ဝန်ထမ်းတစ်ဦးက ပြောသည်။

စစ်ခေါင်းဆောင်ကို ဝန်ထမ်းများနည်းတူ တိုက်လေယာဉ်၊ ရဟတ်ယာဉ်များ အပါအဝင် စစ်လက်နက်ပစ္စည်းများဖြင့် ချီတက်အလေးပြုရမည့် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင်များ၏ လေ့ကျင့်မှုများလည်း ဗိုလ်ရှုခံစင်မြင့်ရှိရာ ဧရိယာအတွင်း စတင်နှင့်ပြီးဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သူအချို့ထံမှ သိရသည်။

နေပြည်တော်ရှိ မိုးကောင်းကင်များ၌ နံနက်ပိုင်းနှင့် ညနေပိုင်းများတွင် တိုက်လေယာဉ်သစ်များ ပျံသန်းလေ့ကျင့်မှု နေ့စဉ်ပြုလုပ်နေပြီး ထိုအခမ်းအနားတွင် ထည့်သွင်းပြသဖွယ်ရှိကြောင်း စစ်တပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“လက်နက်အသစ်တွေ တိုက်လေယာဉ်အသစ်တွေကို တော်လှန်ရေးအင်အားစုတွေ သိအောင်ပြသမဲ့ သဘောရှိတယ်။ ခုပြင်ဆင်လေ့ကျင့်နေတာတွေ ကြည့်ရရင် ဉီးသိန်းစိန်တုန်းကလုပ်တဲ့ ဗိုလ်ရှုခံထက် ပိုပြီး ကြီးကျယ်အောင် လုပ်မယ် ထင်တယ်” ဟု ၎င်းက ဆိုသည်။

လွတ်လပ်ရေးရပြီးခေတ်ဦး ပါလီမန်ဒီမိုကရေစီခေတ်တွင် နိုင်ငံတော်သမ္မတများကို စစ်ကြောင်းများဖြင့် ချီတက် အလေးပြုသည့် အစဉ်အလာကို ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရကာလ ၂၀၁၅ ခုနှစ်တွင် ကျပ် ၆၀ ဘီလီယံကျော်သုံးကာ ပြန်လည် အသက်သွင်းခဲ့ခြင်းဖြစ်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရခေတ်တွင် စစ်တပ်အာဏာမသိမ်းမီ ၂၀၂၁ ဖေဖော်ဝါရီအထိ ဗိုလ်ရှုခံအခမ်းအနား ပြုလုပ်ခဲ့ခြင်းမရှိပေ။ ၂၀၂၀ ရွေးကောက်ပွဲအပြီး NLD ထပ်မံအနိုင်ရသည့် ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင်မူ ဗိုလ်ရှုသဘင်ကို နှစ်နှစ်ဆက်ကျင်းပရန် ပြင်ဆင်နေခြင်းဖြစ်သည်။

အာဏာသိမ်းပြီး နှစ်နှစ်အတွင်း နိုင်ငံအနှံ့ ခုခံတော်လှန်မှုများ မြင့်တက်နေသော်လည်း စစ်ကောင်စီက ၎င်းတို့ ရုံးစိုက်ရာ နေပြည်တော်ကို လုံခြုံရေးအထူးတင်းကျပ်ကာ ပျော်ပွဲရွှင်ပွဲများဖြင့် ပုံမှန်နီးပါး ဖြစ်နေစေရန် စီမံထားသည်။ နေပြည်တော်ရှိ အချက်အချာကျရာ လမ်းဆုံ၊ လမ်းခွများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဘန်ကာ၊ ကတုတ်ကျင်းများဖြင့် အခိုင်အမာနေရာယူထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button