သတင်း

မန္တလေးတွင် ၂၄ နာရီအတွင်း တိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်

တော်လှန်ရေးအဖွဲ့ဝင် အများအပြား ဖမ်းဆီးခံထားရသည့် မန္တလေးမြို့တွင် ယမန်နေ့ (ဒီဇင်ဘာ ၁၃) က နေရာနှစ်ခု၌ ပစ်ခတ်မှု၊ ပေါက်ကွဲမှုများဖြစ်ခဲ့ရာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် အရပ်သားတစ်ဦး သေဆုံး၊ နှစ်ဦးဒဏ်ရာရသည်ဟု စုံစမ်းသိရှိရသည်။

မွန်းတည့် ၁၂ နာရီခန့်တွင် ချမ်းအေးသာစံမြို့နယ်၊လမ်း ၃၀ နှင့် ၅၅ လမ်းထောင့်ရှိ Zeus Bar တွင် မိုင်းပေါက်ကွဲမှုဖြစ်ခဲ့ပြီး ညပိုင်းတွင် မဟာအောင်မြေမြို့နယ်အတွင်း အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရသည်။

Zeus Bar ပေါက်ကွဲမှုတွင် ၃၇ နှစ်အရွယ် တစ်ဦးသေ၍ နှစ်ဦး ဒဏ်ရာရသွားကြောင်း၊ သေဆုံးထိခိုက်သူတို့မှာ အရပ်သား၊ အမျိုးသားများဖြစ်ကြောင်း ထိုနေရာအနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။

“အဲဒီနေ့မှ အဲကွန်းပြင်ဖို့ဆိုလားအလုပ်ရလို့ စလုပ်တာ။ သူ့မှာ ကလေးနှစ်ဦး ကျန်ခဲ့တယ် ကြားတယ်။ မိန်းမဆို သတိလစ်သွားရှာတာ” ဟု သေဆုံးသူမိသားစုနှင့် နီးစပ်သူကို ကိုးကား၍ ၎င်းအမျိုးသားက ပြောပြသည်။

စစ်ကောင်စီကို ငွေပေး၍ မူးယစ်ဆေး ရောင်းဝယ်နေသည့် Zeus Barကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း၊ အရပ်သားမထိခိုက်စေရန် နေ့လယ်ခင်းတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးနှင့် အာဏာရှင်သုတ်သင်ရှင်းလင်းရေးမြေခွေးတပ်ဖွဲ့ (NUG:FF) တာဝန်ခံက ပြောသည်။

“သတိပေးယုံလောက်ပဲ ခွဲခဲ့တာပါ။ လူမထိအောင် တမင်နေ့ခင်းရွေးလုပ်တာ။ အဲဒီလိုဖြစ်သွားတော့ စိတ်မကောင်းပါဘူး။ တောင်းပန်ကြောင်း ပြောချင်ပါတယ်။ သူတို့ကတော့ သတင်းဖုံးပြီး (Bar ကို) ဆက်ဖွင့်နေတယ်” ဟု ၎င်းက ဆိုသည်။

Zeus Bar တိုက်ခိုက်မှုကို မန္တလေးမြို့ အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့များဖြစ်သည့် Anonymous Force Mandalay, VOMDY-City Guys, Truth Keeping Force Amarapura နှင့် NUG:FF တို့က ပူးပေါင်းလုပ်ဆောင်ကြောင်း ယမန်နေ့ (ဒီဇင်ဘာ ၁၃) က သတင်းထုတ်ပြန်ထားသည်။

ထိုဖြစ်စဉ်အပြီး ညပိုင်းတွင် မဟာအောင်မြေမြို့နယ်၊ လမ်း ၈၀ နှင့် ၃၆ လမ်းကြားတွင် နေထိုင်သည့် ရတနာဘုမ္မိအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး အသက် ၆၅ နှစ်အရွယ် ဦးစိန်ဝင်းမှာ ၎င်း၏ နေအိမ်ရှေ့တွင် သေနတ်ဖြင့် ပစ်ခံရ၍ ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးသွားသည်။

ဦးစိန်ဝင်းကို ၎င်းတို့ ပစ်ခတ်ခြင်းဖြစ်သည်ဟု Special Tesk Force – Mandalay က ယမန်နေ့ညတွင်ပင် ထုတ်ပြန်ထားသည်။

ရတနာဘုမ္မိအရှေ့ရပ်ကွက်နေ အမျိုးသားတစ်ဦး၏ အဆိုအရ ပစ်ခတ်မှုအပြီး နာရီဝက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ရောက်လာကာ ဦးစိန်ဝင်း ပစ်ခံရသည့် နေရာအနီးရှိ လုံခြုံရေးကင်မရာ (CCTV) များ၊ လမ်းသွားလမ်းလာများကို စစ်ဆေးကာ  အော်ဟစ်၊ ဆဲဆို၊ ခြိမ်းခြောက်ကြသည်ဟု သိရသည်။

မြန်မာနိုင်ငံအလယ်ပိုင်းမှ မန္တလေးသည် ၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းသည့် လုပ်ရပ်ကို အစောဆုံးလမ်းပေါ်တက် ဆန္ဒပြခဲ့သည့် မြို့ဖြစ်သည်။ ဆန္ဒပြလျှင် ရဟန်း၊ သံဃာများပင်မချန် သေနတ်ဖြင့်ပစ်၊ ကားဖြင့်တိုက်သည့် စစ်ကောင်စီကို ရရာနည်းလမ်းဖြင့် နိုင်ငံအနှံ့ ခုခံနေကြရာတွင်လည်း မန္တလေးမြို့သည် ရှေ့ဆုံးမှ ပါဝင်သည်။

၎င်းတို့ကို ဆန့်ကျင်သူများကို ပြင်းပြင်းထန်ထန်နှိမ်နင်းနေသည့် စစ်ကောင်စီက ဩဂုတ်မှ နိုဝင်ဘာ လေးလအတွင်း၌ပင် မြို့ခံ၊ ဆရာဝန်နှင့် တော်လှန်ရေးသမား ၈၀ ထက်မနည်းကို ဖမ်းဆီးထားသည်။ 

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ တိုက်ခိုက်ခံရသည့် Bar နှင့် အုပ်ကြီး၏ မိသားစုဝင်တို့ထံ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါ။

တိုက်ခိုက်မှုများ အရှိန်မြှင့်မည်ဖြစ်၍ အာဏာသိမ်း စစ်ကောင်စီနှင့် သက်ဆိုင်သည့် နေရာများကို သွားလာခြင်းမပြုကြရန် မန္တလေးမြို့ အခြေစိုက်မြို့ပြပြောက်ကျားတပ်ဖွဲ့များက မြို့ခံများကို တိုက်တွန်းထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button