သတင်း

ရွာဘေး စစ်ကြောင်းဖြတ်စဉ် မပြေးနိုင်ဘဲ ကျန်နေခဲ့သူတစ်ဦး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်

စစ်ကိုင်းတိုင်းတောင်ပိုင်း ဆားလင်းကြီးမြို့နယ်တွင် ရွာဘေးကို စစ်ကောင်စီစစ်ကြောင်းဖြတ်စဉ် မပြေးနိုင်ဘဲ ကျန်နေခဲ့သူ အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားသည်ဟု သိရသည်။

ဆားလင်းကြီးမြို့၏ အရှေ့တောင်အရပ်ရှိ တောင်ကြားရွာအနီးသို့ ယခုလ ၉ ရက်တွင် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းဖြတ်သွားစဉ် ရွာသူရွာသားများ ထွက်ပြေးကြသော်လည်း အသက် ၆၀ အရွယ် ဦးခင်စိန်ဆိုသူမှာ မပြေးနိုင်ဘဲ ကျန်နေခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သုံးရက်အကြာ ဒီဇင်ဘာ ၁၂ ရက်တွင် ရွာသူရွာသားများ ပြန်ရောက်လာစဉ် ကြိုးဆွဲချလျက် အနေအထားဖြင့် သေဆုံးနေသည့် ဦးခင်စိန်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရွာခံတစ်ဦးက ပြောသည်။​

“ကျွန်တော်တို့တစ်ရွာလုံး စစ်ရှောင်ထွက်တဲ့အချိန်မှာ သူတစ်ယောက်တည်း ကျန်ခဲ့တာ။ ကျန်းမာရေးက မကောင်း။ ဒဏ်ခံရတာတွေ စိတ်ညစ်လို့လား မပြောတတ်ဘူး။ ပြန်ဝင်တော့ တွေ့တာ” 

ဦးခင်စိန်မှာ တစ်ကိုယ်တည်းနေသူဖြစ်ကာ မမာမကျန်းသဖြင့် ရွာခံများက စောင့်ရှောက်ပေးနေရသူဖြစ်ကြောင်း၊ ရွာသားများ ထွက်ပြေးကြချိန်တွင် တစ်ယောက်တည်း စိတ်ညစ်ညစ်ဖြင့် သတ်သေသွားခြင်း ဖြစ်နိုင်သည်ဟုလည်း အထက်ပါ ရွာခံက ဆိုသည်။

“အဲဒီအချိန်က (မပြေးခင်က) စားစရာလေး သွားထားခဲ့သေးတယ်။ အခုလိုမျိုး မပြေးကြ၊ မလွှားကြ၊ ဒုက္ခတွေ မများကြရင် သူလည်း စိတ်ညစ်မှာ မဟုတ်ဘူး”

တောင်ကြားရွာအနီးမှ ဖြတ်သွားသည့် စစ်ကြောင်းမှာ ဆားလင်းကြီးမြို့တောင်ပိုင်းရှိ ကျေးရွာများကို တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်း သိရသည်။

ယင်းစစ်ကြောင်းသည် ဆားလင်းကြီးမြို့နှင့် မကွေးတိုင်း မြိုင်မြို့နယ်အစပ်ရှိ ကျားတက်ရွာ ရဲစခန်းသို့ ချီတက်သွားလာကြစဉ် လမ်းတစ်လျှောက် ရွာ ၆ ရွာကို မီးတင်ရှို့သွားသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ဆားလင်းကြီးမြို့ တောင်ဘက် ၇ မိုင်ကျော်အကွာရှိ ရေမြိန်တောင်ရွာနှင့် မြောက်ရွာတို့ ဒီဇင်ဘာ ၅ တွင် ကနဦးမီးတင်ရှို့ခဲ့ပြီးနောက် ထိုရွာတောင်ဘက်ရှိ တရားရွာ၊ ပေတော(အုန်းတော) ရွာ၊ ရှမ်းကိုင်းအရှေ့ရွာနှင့် အနောက်ရွာတို့ကို နောက်တစ်ရက်တွင် ဆက်လက်မီးတင်ရှို့ရာ အိမ်ခြေ ၇၅ လုံး ပျက်စီးသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

အိမ်ခြေ ၃၀ ခန့်ရှိ ပေတောရွာမှာ တစ်ရွာလုံးမီးလောင်သွားခဲ့သလို တရားရွာတွင် အိမ်ခြေ ၃၅ လုံး၊ ရေမြိန်တောင်ရွာနှင့် မြောက်ရွာတို့တွင်လည်း အိမ်ခြေ ၆၀ ခန့် မီးလောင်ပျက်စီးခဲ့သည်။

ယင်းစစ်ကြောင်းမှာ ကျေးရွာများကို မီးရှို့ပြီးနောက် ကျားတက်ရဲစခန်း၌ တစ်ညအိပ်ခဲ့ကြောင်း၊ နောက်တစ်ရက်တွင် အရှေ့တောင်အရပ်ကို ဆက်လက်ချီတက်သွားသည်ဟု သိရသည်။

ထိုသို့ချီတက်စဉ် တောင်ကြားရွာအနောက်ဘက် နှစ်မိုင်အကွာ လင်းစကျက်ရွာနှင့် ရင်ဘောင်တိုင်ရွာ အကြားတွင် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်စဉ် ထိခိုက်ကျဆုံးမှုရှိသည်ဟု ဆိုသည်။

ဒေသခံ ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးနှင့် အဖွဲ့ဝင်တစ်ဦး ကျဆုံးခြင်းဖြစ်ကာ ပြောက်ကျားခေါင်းဆောင်ကို စစ်တပ်က ခေါင်းဖြတ်သတ်ဖြတ်ခဲ့သည်ဟု ဒေသကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ဆိုသော်လည်း အသေးစိတ် မသိရပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button