သတင်း

အသက် ၇၈ နှစ်အရွယ် နိုင်ကျဉ်းဟောင်း ဦးရွှေထူးကို ထောင် ၁၇ နှစ်ချ

မန္တလေးမြို့ခံ အသက် ၈၀ အရွယ် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးရွှေထူးကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မဖြင့် စွပ်စွဲ၍ အိုးဘိုထောင်တွင်း စစ်ဆေးပြီး ဒီဇင်ဘာ ၁၂ ရက်တွင် ထောင် ၁၇ နှစ်ချလိုက်သည်။

နေရပ် ပြင်ဦးလွင်မြို့၊ အနီးစခန်းရပ်ကွက် စိုက်ပျိုးရေးခြံတွင် ဧပြီ ၂၉ ရက်က ဦးရွှေထူးနှင့် မိတ်ဆွေများဖြစ်သည့် အသက် ၅၇ နှစ်အရွယ်​ ဦးစိန်လင်း၊ ၄၀ ဝန်းကျင် ဦးဗညားတို့ကို စစ်ကောင်စီက ဖမ်းခဲ့သည်။

ထို့နောက် မန္တလေးတောင်ခြေရှိ အိုးဘိုထောင်တွင် ၎င်းတို့အားချုပ်နှောင်ထားပြီး ၈လဝန်းကျင်အကြာ၌  အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ နှစ်ခုဖြင့် ဦးရွှေထူးအပါအဝင် သုံးဦးစလုံးကို ထိုသို့ အမိန့်ချလိုက်ခြင်းဖြစ်သည်။ ဦးရွှေထူး အမိန့်ချခံရသည့် ပုဒ်မ နှစ်ခုကို အသေးစိတ်အတည်ပြုနေဆဲဖြစ်သည်။

“ပြင်ဦးလွင်ခရိုင်တရားရုံးကနေ ချလိုက်တာပါ။ အိုးဘိုထောင်တရားရုံးမှာ ရုံးထုတ်ပြီး Video Conferencing နဲ့ အမိန့်ချတာလို့ သိရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ မိသားစုနှင့် နီးစပ်သူက ပြောသည်။

“သူတို့ (စစ်ကောင်စီ) က အကြမ်းဖက်ဆိုပြီး တရားစွဲဆိုတာပေါ့နော်။ ကျွန်တော်တို့ သိသလောက် အဲဒီလို မရှိပါဘူး။ ဒီအတိုင်း နိုင်ငံရေးသမားဖြစ်လို့ပဲ မတရားစွဲဆိုအမိန့်ချခံရတာပါ” ဟု ၎င်းက ဆက်ပြောသည်။

အိုးဘိုထောင်ရှိ ဦးရွှေထူးမှာ မိသားစုနှင့် တွေ့ခွင့်မရသဖြင့် ကျန်းမာရေးအခြေအနေ မည်သို့ရှိသည်ကို မခန့်မှန်းနိုင်သေးဟု ထိုသတင်းရင်းမြစ်ထံမှ သိရသည်။

“ဖမ်းထားတုန်းကတော့ အဆက်အသွယ်တော့မရဘူး။ ကျန်းမာရေးကောင်းသလားတော့ မသိရဘူး။ အိုးဘိုထောင်ကို စရောက်ခါစကတော့ လိုအပ်တဲ့ အဝတ်အထည်လေးတွေ၊ အစားအသောက်လေးတွေ မိသားစုကို လှမ်းတောင်းတာမျိုးတော့ကြားရတယ်”။

၁၉၄၄ ခုနှစ်တွင် မွေးဖွားသည့် ဦးရွှေထူးသည် ဇေယျကျော်ထင်ဘွဲ့ရ ဗိုလ်မှူးကြီး ဘဖြူ၏ သားဖြစ်သည်ဟု မိုးမခသတင်းဌာနက ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထားသည်။

၁၉၈၈ ကာလမတိုင်မီတွင် ကျောင်းဆရာအဖြစ်မှ အငြိမ်းစားယူခဲ့ကာ ၈၈ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံကြီးအတွင်း မန္တလေးသပိတ်ကော်မတီတွင် တက်ကြွစွာပါဝင်ခဲ့မှုဖြင့် အာဏာရှင်ဟောင်း ဦးသန်းရွှေခတ်တွင် ထောင်ဒဏ်နှစ်ရှည်ချခံရဖူးသည်။

ထို့နောက် နှစ်၂၀ကျော်အကြာ ၂၀၁၂ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက်ပိုင်းတွင်လည်း ဦးရွှေထူးသည် နိုင်ငံရေးလှုပ်ရှားမှုများအတွင်း ဆက်လက်ပါဝင်ခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ပြည်သူ့ပါတီထူထောင်စတွင် ဦးရွှေထူးမှာ မန္တလေးတိုင်း ပါတီနာယကအဖြစ် တာဝန်ယူခဲ့သည်။ ၂၀၂၁ တွင် စစ်တပ်က တစ်ကျော့ပြန် အာဏာသိမ်းပြီးနောက်တွင် ဦးရွှေထူးက ပြည်သူ့ပါတီမှ နုတ်ထွက်ခဲ့သည်ဟု ၎င်းနှင့် နီးစပ်သူအချို့ထံမှ စုံစမ်းသိရှိရသည်။

“အသက်အရွယ်အရရော သူ့ရဲ့ဂုဏ်သိက္ခာအရရော (စစ်ကောင်စီက) လျှော့ပေါ့စဉ်းစားသင့်တယ်။ ဒီလို အသက်အရွယ်၊ ဒီလိုပုဂ္ဂိုလ်မျိုးတွေကို တလေးတစား ဆက်ဆံပြီးတော့ ပြုမူဆောင်ရွက်သင့်တယ်။ ဆရာကြီးက ဒီမိုကရေစီအရေးအတွက်ရော၊ လူ့အခွင့်အရေးအတွက်ရော စွမ်းစွမ်းတမံ ကြိုးစားနေသူဖြစ်လို့ ကျွန်တော်တို့ကတော့ အမြဲလေးစားဂုဏ်ယူနေပါတယ်” ဟု မန္တလေးမြို့ခံ နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button