သတင်း

စစ်တပ်က အရာတော်ပကဖ နှစ်ဦးကို ညှဉ်းပန်းသတ်ဖြတ်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အနောက်ခြမ်းတွင် ယမန်နေ့ (ဒီဇင်ဘာ ၁၁) က မိုင်းထောင်နေသူ ၂ ဦး ဖမ်းဆီး နှိပ်စက်ညှဉ်းပန်းခံရပြီးနောက် ဦးခေါင်းကို အနီးကပ်တေ့ ပစ်သတ်ခံရသည်။

ကျောက်စရစ်ကန်ရွာနှင့် ဝါးရောင်းရွာအကြား ဖမ်းဆီးခံရသည့် အသက် ၄၀ ကျော်အရွယ်နှင့်  ၃၂ နှစ်အရွယ် ထိုအမျိုးသား ၂ ဦးသည် ကျေးရွာအဆင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်များဖြစ်ကြောင်း  မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံမှ သိရသည်။

“အလောင်းက ပြန်ရတယ်။ သတ်ပြီးတော့ ပစ်ထားခဲ့တာ။ နှိပ်စက်တာရှိတယ်။ ဝိုင်းညှပ်ဖမ်းပြီးတော့ ဓားတွေနဲ့ မွှန်းတယ်။ နားထင်ကို တေ့ပစ်ထားခဲ့တာ” ဟု အရာတော်မြို့နယ် ပအဖတာဝန်ခံ ကိုဆွေက ပြောသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသော ကျေးရွာအဆင့်ပကဖအဖွဲ့ဝင် ၂ ဦး၏ အမည်များကို ထုတ်ဖော်ပြောဆိုလိုခြင်း မရှိဟု သိရသည်။

ကျောက်စရစ်ကန်မှ ဝါးရောင်းရွာဘက်သို့ လာသည့် အင်အား ၅၀ ပါ အဆိုပါ စစ်ကြောင်း ဝါးရောင်းရွာအနီးမှ တဲ ၆ လုံးကို မီးရှို့ပြီးနောက် ကပ်လျက်ဖြစ်သော ကျောက်ပျောက်ရွာဘက်သို့ ထိုနေ့ညနေက ထွက်ခွာသွားချိန်မှ ရုပ်အလောင်းနှစ်ခုကို ကောက်ယူ သင်္ဂြိုဟ်နိုင်ခဲ့ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

စစ်ကောင်စီဝါဒဖြန့်ချန်နယ်များတွင် ကျောက်စရစ်ကန်ကျေးရွာအနီး လက်လုပ်သေနတ် ၂ လက်ဖြင့် PDF ၂ ဦး၏ ရုပ်အလောင်းများကို ဖော်ပြထားသည်ကို တွေ့ရသည်။

စစ်ကောင်စီဝါဒဖြန့်ချန်နယ်များမှ ထုတ်ပြန်သော ပကဖ အဖွဲ့ဝင်နှစ်ဦး၏ ရုပ်အလောင်းများ။ 

လက်ရှိတွင် ထိုစစ်ကြောင်းမှာ ပျူစောထီး အားကောင်းသည့် ကျောက်ပျောက်ရွာသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ကာကွယ်ရေးအဖွဲ့ဘက်က ဆိုသည်။

အလားတူဖြစ်စဉ်မျိုး ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်၊ ထိုစဉ်က မိုင်းထောင်နေသည့် ရွှေဘိုခရိုင် PDF တပ်ရင်း(၁) မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင် ၇ ဦး စစ်ကြောင်းနှင့် ထိပ်တိုက်တိုးပြီး အသတ်ခံရသည်။

ရွှေဘို-မန္တလေးကားလမ်းတစ်လျှောက် ကျေးရွာများကို စီးနင်းနေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် ပြင်စဉ်နေစဉ် အင်အား ၆၀ ခန့်ပါ စစ်ကြောင်းတစ်ခုနှင့် တိုးပြီး အသက် ၂၀ မှ ၂၅ နှစ်အတွင်း ရဲဘော် ၅ ဦး သတ်ဖြတ်ခံရသလို ၎င်းတို့ကိုင်ဆောင်သော မောင်းပြန်သေနတ် ၅ လက်လည်း ဆုံးရှုံးခဲ့သည်။

အဆိုပါ ဖြစ်စဉ်မျိုးနှင့် ပတ်သက်၍ သတိပြုရန် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပြုသည်။

“ဒီစစ်ကြောင်းက ဘယ်ကိုသွားမှာမှန်းမသိ၊ တောက်လျှောက်ကြီးဆိုတော့ Stand by ပေါ့ ။ ကိုယ်နဲ့ ခပ်လှမ်းလှမ်းမှာဆိုတော့ အေးအေးဆေးဆေးနေလိုက်ကြတာ။ အဲ့လိုနဲ့ပဲ ခံကြရတာများတာပေါ့” ဟု ထိုသူက ဆိုသည်။

အရာတော်ဒေသခံများမှာ စစ်ကြောင်းမရှိတော့သော်လည်း ရွာမပြန်ရဲသေးဘဲ ဆက်လက် ရှောင်တိမ်းနေကြဆဲဖြစ်ကြောင်း သိရသည်။

အရာတော်မြို့နယ်အတွင်း အရပ်ဝတ်လက်နက်ကိုင် ပြည်သူ့စစ် ခေါ် ပျူစောထီးအားကောင်းသည့် ကျေးရွာများရှိပြီး ထိုကျေးရွာများတွင် စစ်သား ၁၀ ဦးဝန်းကျင်နှင့် ပျူစောထီးလက်နက်ကိုင်များ အခြေချလှုပ်ရှားနေကာ သစ်ကျင်းကြီး၊ ငွေတွင်း၊ စပါးတွင်း၊ သလဲဘာရွာတို့ အပါအဝင်ဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။

ထို့ပြင် အရာတော်မြို့မ ရဲစခန်း၊ နောင်ကြီးအိုင်ရဲစခန်း၊ အမှတ် ၃၆၉ အမြောက်တပ်၊ အမှတ် ၅၀၀၄ တင့်ကားနှင့် အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ရေးတပ်တို့ အခြေစိုက်ထားသောကြောင့် ဒေသတွင်း စစ်ကောင်စီအင်အား တောင့်တင်းနေသည်။ 

သို့သော်လည်း ဒေသခံကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ ယနေ့အထိ အရာတော်မြို့နယ်တွင် အားကောင်းနေဆဲဖြစ်သည်။

 လက်ရှိအချိန်အထိ ကျေးရွာပေါင်း ၂၇ ရွာမှ အိမ်ခြေ ၁၂၀၀ ကျော် မီးလောင်ခဲ့ရကြောင်း အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကောက်ယူထားသည့် အချက်အလက်များအရ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button