
(ရန်ကုန်) – ကချင်လက်နက်ကိုင်အဖွဲ့ KIA တောင်းသည့်အခွန်ကို ပေးဆောင်သင့်မသင့် ဆုံးဖြတ်ရန် အခက်တွေ့နေကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်ရှိ ပုဂ္ဂလိကကျောင်း ကျောင်းအုပ်တချို့က Myanmar Now ကို ဇွန် ၁၁ ရက်နေ့တွင် ပြောကြားသည်။
တပ်မတော်နှင့် တိုက်ပွဲမကြာခဏဖြစ်ပွားနေသည့် KIA သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပုဂ္ဂလိကကျောင်း၂၁ ခုသို့ အခွန်ကောက်၊ ဆက်ကြေးတောင်းသည့်စာကို ဇွန် ၃ ရက်နေ့ရက်စွဲဖြင့် ပေးပို့ခဲ့ခြင်းဖြစ်သည်။
တရုတ်-မြန်မာနယ်စပ်ရှိ ပုဂ္ဂလိကကျောင်းများသည် ဆက်ကြေးပေးလျှင် အစိုးရက နာမည်ကျော် မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုခံရမည်ကို စိုးရိမ်နေကြပြီး မပေးပါကလည်း KIA နှင့် ထိပ်တိုက်တွေ့ဆုံမည့် အန္တရာယ် ရှိနေကြသည်။
“ဘာလုပ်လို့ လုပ်ရမှန်း မသိဘူး။ အခြေအနေကလည်း ရွေးချယ်စရာမရှိဘူး ဖြစ်နေတယ်” ဟု အခွန်တောင်းခံစာ လက်ခံရရှိသည့် ပုဂ္ဂလိကကျောင်းတစ်ခုမှ ကျောင်းအုပ်က Myanmar Now ကို ပြောသည်။
သူနှင့်သူ၏ကျောင်းမှ ကျောင်းသားများ၏ လုံခြုံရေးအရ အမည်မဖော်ပြရန်လည်း တောင်းဆိုခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ဇွန်လ ၇ ရက်တွင် သတင်းထုတ်ပြန်ချက်တစ်ခုတွင် အခွန်တောင်းခံစာများကို ဇွန်လ ၅ ရက်ညပိုင်းတွင် မူဆယ်ရှိ GALAXY အဆင့်မြင့်ကျောင်းသို့ အမျိုးသား တစ်ဦးက မော်တော်ဆိုင်ကယ်ဖြင့် လာရောက်၍ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အခွန်ငွေများကို ဇွန် ၁၅ နောက်ဆုံးထားပြီး ပေးဆောင်ရန် ရေးသားထားသော အဆိုပါစာများကို မူဆယ်ရှိ အခြားပုဂ္ဂလိကကျောင်းများသို့ ဖြန့်ဝေရန်လည်း ရေးသားထားသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မူဆယ်မှ ပုဂ္ဂလိကကျောင်းများသည် အစိုးရကို အခွန်ဆောင်ပြီး လည်ပတ်နေသည့်လုပ်ငန်းများ ဖြစ်သောကြောင့် ငွေတောင်းခံမှုနှင့် ပတ်သက်ပြီး အစိုးရဘက်က အကာအကွယ်ပေးရန် မျှော်လင့်ကြောင်း မူဆယ်မှ ကျောင်းအုပ်တစ်ဦးက ပြောသည်။
“ရှမ်းပြည်ဆိုတာလည်း မြန်မာပြည်ထဲမှာဆိုတော့ ကျွန်တော်တို့က အခွန်ကို နှစ်ခါဆောင်ရမှာလားပေါ့၊ လုံး၀ နားမလည်ဘူး။ ကျွန်တော်တို့က မြေစာပင်ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။
အခွန်ကောက်ခံသည့်စာနှင့် ပတ်သက်ပြီး တပ်မတော်က ဖုန်းဆက် စုံစမ်းမေးမြန်းမှသာ သိရှိရခြင်းဖြစ်ကြောင်း မူဆယ်အခြေစိုက် ပုဂ္ဂလိကကျောင်းတချို့၏ ကျောင်းအုပ်များက ပြောသည်။
ပုဂ္ဂလိကကျောင်းများ လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲကို ကူညီဖြေရှင်းပေးရန်အတွက် ဒေသခံပညာရေး အရာရှိများလည်း အခက်တွေ့နေသည်။
“ဟိုဘက်ကိုသွားပြီးတော့ မကောက်ပါနဲ့လို့လည်း သွားပြောလို့မရ၊ ဒီဘက်ကျတော့လည်း ကျွန်မတို့ ကူညီမယ်ဆိုပြီး ကိုယ့်ရင်ခွင်အောက်ထဲထည့်ထားလို့ မရဘူးလေ” ဟု မူဆယ်မြို့နယ် ပညာရေးမှူး ဒေါ်မြင့်မြင့်ဦးက ပြောသည်။
ပုဂ္ဂလိကကျောင်းများ လက်ခံရရှိသည့် စာနှင့် ပတ်သက်ပြီး တပ်မတော်နှင့် အစိုးရအာဏာပိုင်အဖွဲ့တချို့က ဆက်လက် စုံစမ်းနေကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။
အခွန်ကောက်ခံမှုအကြောင်း ရှင်းပြနိုင်မည်ဟု ယူဆရသော KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ၊ စာပေးပို့သည့် ကွတ်ခိုင်ခရိုင် အုပ်ချုပ်ရေးရုံး အမှတ်(၉) တပ်ရင်းတို့ကို ဆက်သွယ်၍ မရသေးပေ။
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် လှုပ်ရှားနေသော KIA ၏ နိုင်ငံရေးအဖွဲ့ KIO မှ အရာရှိတစ်ဦးဖြစ်သူ ဦးဒေါင်ခါးက ပြီးခဲ့သည့်နှစ်အထိ ပညာရေးလုပ်ငန်းများကို အခွန်ကောက်ခံခြင်းမရှိကြောင်း၊ မူဆယ်ရှိကျောင်းများထံ စာပို့သည်ဟူသော သတင်းနှင့် ပတ်သက်ပြီး ဖြေကြားရန် မသိရှိသေးကြောင်း ပြောသည်။
“KIA အခွန်ကောက်တယ်ဆိုတာတော့ ကျွန်တော်ပြောလို့ရတယ်။ ဒါပေမဲ့ ဘယ်ပုံဘယ်နည်း ကောက်တယ်ဆိုတာတော့ ကျွန်တော်မသိဘူး” ဟု KIO နည်းပညာ အထောက်အကူပြုအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက တယ်လီဖုန်းမှတစ်ဆင့် ပြောသည်။
မူဆယ်ရှိ ပုဂ္ဂလိကကျောင်းများအနက် GALAXY, အောင်၊ JELC, အောင်သရဖူ၊ ရွှေအောင်လံ၊ CMA, ဇွဲ၊ ကျော်၊ ICTC(1), ICTC (2), မြတ်ထူးချွန်၊ စွမ်းရည်ဂုဏ်၊ အောင်မြင်သစ်၊ ချယ်ရီ၊ ဖောင်ဒေးရှင်း၊ ကောင်းစံ၊ ကြယ်စင်လင်း၊ ရိန်းတူး၊ အောင်နန်းတော်၊ ရောင်နီဦး နှင့် MEC စသည့် ကျောင်းများကို ၉ သိန်းမှ ၁၅ သိန်းအထိ တောင်းခံသည့်စာ ပေးပို့ထားကြောင်း သိရသည်။
ယခု အကျပ်အတည်းသည် ပြည်တွင်းစစ်၏ အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာသည်ဟု ကချင်အမျိုးသမီးသမဂ္ဂမှ အစီအစဉ်မန်နေဂျာ ဒေါ်ဆွတ်ဆိုင်းထွယ်က ပြောသည်။
“အခွန်က နှစ်ခါပေးရမလိုဖြစ်နေတယ် ဟိုဘက်ကိုလည်း ပေးရတယ်၊ ဒီဘက်ကိုလည်း ပေးရတယ်ဆိုတော့ အဓိက ကြားညပ်သွားတာကတော့ ကျွန်မတို့ပြည်သူတွေပဲ” ဟု ဒေါ်ဆွတ်ဆိုင်းထွယ်က ဆိုသည်။
ယင်းပြဿနာများ အဆုံးသတ်ရေးအတွက် အမြန်ဆုံးငြိမ်းချမ်းရန် လိုအပ်သည်ဟု သူက ပြောသည်။