
နိုင်ငံအလယ်ပိုင်း မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းတွင် အရပ်သုံး ကားတစ်စီး၊ ဆိုင်ကယ် ခြောက်စီးပါ စစ်ကောင်စီတပ်ယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ပြီး မော်တော်ယာဉ်ကို မီးရှို့လိုက်သည်။
ဒီဇင်ဘာ ၅ နံနက် ၁၀ နာရီခန့်က ဧရာဝတီမြစ် အနောက်ဘက်ကမ်း မြစ်ခြေမှ မြောက်ဘက် ၁၀ မိုင်ကျော်အကွာ မင်းတပ်-ပခုက္ကူလမ်းပေါ်ရှိ ကမ္မဘက်သို့ လာသည့် ထိုယာဉ်တန်းကို လမ်းတစ်ဝက်ရှိ ကျပ်တိုးရွာ ရဲစခန်းအနီးတွင် တိုက်ခိုက်ခြင်းဖြစ်သည်။
အရပ်ဝတ်ဖြင့် အင်အား ၁၅ ဦးဝန်းကျင်ပါသည့် ထိုယာဉ်တန်းမှ ၂ ဦးသေ၊ ၄ ဦး ဒဏ်ရာရသည်ဟု ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“သူတို့ယာဉ်တန်းရောက်လာတော့ ကျွန်တော်တို့ ကားရော ဆိုင်ကယ်တွေပါ မိုင်းဆွဲတယ်။ အတွင်းသတင်းအရတော့ အရာရှိ ၂ ဦး သေဆုံးတယ်လို့ သိရပါတယ်။ ..ကားကျန်ခဲ့တယ် ကျွန်တော်တို့ မီးရှို့ပစ်လိုက်တယ်” ဟု ၎င်းက ဆိုသည်။
ယာဉ်တန်းပါ အဖွဲ့မှာ အဖြူရောင် အိမ်စီးကား မော်တော်ယာဉ်ကို ချန်ထားခဲ့ပြီး ထွက်ပြေးသွားကြောင်း ထိုသူ့ထံမှ သိရသည်။
ယာဉ်တန်းတွင် ပြည်သူ့စစ် ခေါ် ပျူစောထီး၊ စစ်သား၊ ရဲတပ်ဖွဲ့တို့မှ အင်အား မည်မျှစီ ပါဝင်သည်၊ မည်သို့ ထိခိုက်သွားသည်ဟူသော အသေးစိတ်ကို သီးခြားအတည်မပြုနိုင်သေးပေ။
ထိုတိုက်ခိုက်မှုကို မြစ်ခြေ ကျွန်းချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MCKCDF) နှင့် ပူးပေါင်းလုပ်ဆောင်သည်ဟု PPDF ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ် မြစ်ခြေ-ကမ္မလမ်းပေါ်တွင် ဒီဇင်ဘာ ၅ ရက်က စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရသည့် ရုပ်သံ။ ကိုးကား – ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)
မိုင်းဖြင့် တိုက်ခိုက်ခံရပြီး နာရီပိုင်းအကြာတွင် အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကမ္မ-မြစ်ခြေ လမ်းတစ်လျှောက် ပြေးဆွဲသော လိုင်းကားများနှင့် လိုက်လာကာ အခင်းဖြစ်ရော နေရာတစ်ဝိုက်ကို ရမ်းသန်းပစ်ခတ်ကြသည်ဟု ၎င်းက ဆိုသည်။
ထို့အပြင် ထိုနေ့ညပိုင်းတွင် ကျပ်ထိုးကျေးရွာအုပ်စုအတွင်းရှိ အနောက်ကုန်းကျေးရွာကို စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့ဝင် အင်အား ၂၅ ဦးခန့်က မီးဝင်ရှို့သွားရာ အိမ်ခြေ ၁၁ လုံး မီးလောင်ဆုံးရှုံးခဲ့သည်ဟု ဒေသခံ တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။
အရှေ့ဘက်တွင် ဧရာဝတီမြစ်၊ အနောက်ဘက်တွင် ယောမြစ်ရှိပြီး နိုင်ငံအထက်ပိုင်း၊ အနောက်ပိုင်း၊ အလယ်ပိုင်းနှင့် အလယ်ပိုင်း ချိတ်ဆက်မှုတွင် ကုန်းလမ်း၊ ရေလမ်းအရ အရေးပါသည့် ပခုက္ကူမြို့နယ်တွင်း နိုဝင်ဘာ ၂၄ မှစ၍ နံနက် ၈ နာရီမှ ည ၆ နာရီအထိသာ ဆိုင်ကယ်စီးခွင့်ပြုမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
အာဏာသိမ်းပြီး နှစ်နှစ်နီးပါး ကြာချိန်အထိ နိုင်ငံအနှံ့ ခုခံမှုများ မြင့်တက်နေဆဲဖြစ်သည့် ဒေသများထဲတွင် မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းမှ ပခုက္ကူ၊ ရေစကြို၊ ဆိတ်ဖြူ၊ မြိုင်၊ ပေါက်မြို့နယ်များလည်း ပါဝင်သည်။
အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍ မရသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)