
စစ်ကောင်စီ၏ တနင်္သာရီတိုင်းဝန်ကြီးချုပ် ခရီးစဉ်အတွက် ထားဝယ်-ထီးခီးလမ်းမပေါ်တွင် လုံခြုံရေးယူရန် ရောက်လာသည့် အင်အားရာဂဏန်းရှိ စစ်ကြောင်းကို ယခုလ ၅ ရက်တွင် ထားဝယ်ဒေသခံ ကာကွယ်ရေးအဖွဲ့နှစ်ခု ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
ထားဝယ်မြို့မှ ဖောင်းတောကြီးရေအားလျှပ်စစ်စီမံကိန်းကို သွားရောက်မည့် ဝန်ကြီးချုပ်ဦးမြတ်ကို၏ ခရီးစဉ်မတိုင်မီ တစ်ရက်တွင် စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း DGRF အမည်ရ ထားဝယ်အခြေစိုက် ပြောက်ကျားတော်လှန်ရေးအဖွဲ့မှ ကိုမိုးသီးဆိုသူက ပြောသည်။
“သူတို့ (စစ်တပ်) ဘက်က ၅ ယောက်လောက် ကျတယ်လို့ သိရတယ်။ သူတို့ဘက်က စက်သေနတ်တွေရော အများကြီးသုံးပြီး မိုးရွာသလိုရွာနေတယ်။ ကျွန်တော်တို့ဘက်က တစ်ယောက်တော့ ထိသွားတယ်” ဟု ၎င်းက ယမန်နေ့တွင် ပြောသည်။
၎င်းတို့တပ်ဖွဲ့ဝင်မှာ ကျည်ထိမှန်ဒဏ်ရာရခဲ့သော်လည်း မစိုးရိမ်ရဘဲ ဆေးကုသမှုပေးထားပြီးဖြစ်သည်ဟုလည်း ဆိုသည်။
ထိုသို့ ကြားဖြတ်တိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးသည်ဆိုသော အချက်ကို သီးခြားအတည်မပြုနိုင်ပေ။ နိုင်ငံတစ်ဝန်းရှိ လက်နက်ကိုင်ခုခံတော်လှန်မှုများအတွင်း ၎င်းတို့ဘက်မှ ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ စစ်တပ်က သတင်းထုတ်ပြန်လေ့ မရှိပေ။
ထားဝယ်မြို့မှ ၁၀ မိုင်ကျော်အကွာ ပကာရီရဲစခန်းသို့ ရောက်ရှိလာပြီး ထားဝယ်-ထီးခီးလမ်းမပေါ်တွင် ဖြန့်ကြက်နေရာယူထားသည့် စစ်ကောင်စီစစ်ကြောင်းကို ထိုနေ့ နံနက် ၉ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု DGRF နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့သည့် ကျားသစ်နက်အဓိပ္ပာယ်ရ တော်လှန်ရေးအဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။
“လမ်းပိုင်းက ဖြတ်တိုက်တယ်။ အပြန်အလှန်ပစ်နေတုန်း ရဲဘော်တစ်ယောက်ထိတာနဲ့ အခြေအနေအရ ပြန်ဆုတ်ခဲ့တယ်ဗျ။ ပြောက်ကျားတိုက်ခိုက်တာပေါ့။ ချုံခိုသဘောလို့လည်း ပြောလို့ရတယ်။ သူတို့ မရောက်ခင်ကတည်းက စောင့်တာဆိုတော့လေ”
လုံခြုံရေးယူနေသည့် စစ်ကြောင်းကို ဝင်ရောက်တိုက်ခိုက်သည့် ရုပ်သံကိုလည်း ထိုအဖွဲ့က ထုတ်ပြန်ထားသည်။
ထိုစစ်ကြောင်းမှာ မည်သည့်တပ်ရင်းမှဖြစ်သည်ကို အတည်မပြုနိုင်ကြောင်း၊ လမ်းပြအဖြစ် ပျူစောထီးများပါဝင်ပြီး လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ကြောင်းလည်း ကျားသစ်နက်အဖွဲ့တာဝန်ခံက ဆိုသည်။
စစ်တပ်က ၎င်းတို့တိုက်ခိုက်ခံသည့်အခါ အနီးအနား ရှိကျေးရွာများကို ဖျက်ဆီးလေ့ရှိသလို ကာကွယ်ရေးအဖွဲ့များ လှုပ်ရှားရာနယ်မြေနှင့် နီးစပ်သည့်ရွာများကို ပိုပစ်မှတ်ထားလေ့ရှိသဖြင့် ဒေသခံများကို ကြိုတင်ရှောင်ခိုင်းထားရသည်ဟုလည်း ၎င်းက ပြောသည်။
အာဏာသိမ်းစစ်တပ်မှာ အခြားဒေသများနည်းတူ နိုင်ငံတောင်ဘက်စွန်းရှိ တနင်္သာရီတိုင်းတွင်လည်း ပြင်းထန်သော လက်နက်ကိုင်ပုန်ကန်တော်လှန်မှုများကို ရင်ဆိုင်နေရသည်။
ထားဝယ်ဒေသတစ်ဝိုက် လတ်တလော တော်လှန်ရေးအခြေအနေနှင့် ပတ်သက်၍ ကျားသစ်နက်အဖွဲ့တာဝန်ရှိသူက “ကျွန်တော်တို့ဘက်က နယ်စပ်နဲ့နီးတဲ့အပိုင်း ဖြစ်တာကတစ်ကြောင်း၊ လက်နက် တဖြည်းဖြည်းပြည့်စုံလာတာနဲ့အမျှ အခြေအနေတစ်ခုတော့ တဖြည်းဖြည်းပြောင်းလဲလာလိမ့်မယ်” ဟု မှတ်ချက်ပြုသည်။
ထိုင်းနှင့် မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် အရေးပါသည့် ထားဝယ်-ထီးခီးလမ်းတွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိပြီး လမ်းပိုင်းတစ်လျှောက် စစ်တပ်ယာဉ်များနှင့် နီးနီးကပ်ကပ် သွားလာခြင်းမပြုရန် ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)