သတင်း

နှစ်ရက်အတွင်း ဆားလင်းကြီးတောင်ပိုင်းကျေးရွာ ၆ ရွာ မီးရှို့ခံရ

အရပ်သား ၂၀ ခန့်ကို ဓားစာခံအဖြစ် စစ်ကြောင်းအတွင်း ဖမ်းဆီးခေါ်ဆောင်ကာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် တောင်ပိုင်းကျေးရွာများကို ဆက်တိုက်စီးနင်းနေသည့် စစ်ကောင်စီတပ်က နှစ်ရက်အတွင်း ကျေးရွာ ၆ ရွာကို မီးရှို့ခဲ့ရာ အိမ်ခြေ ၂၀၀ နီးပါး မီးလောင်ခဲ့ကြောင်း သိရသည်။

ဆားလင်းကြီးမြို့ပေါ်တွင် အထိုင်ချထားသည့် စစ်တပ်က အင်အား ၁၅၀ ခန့်ဖြင့် ဒီဇင်ဘာ ၃ မှ စ၍ မြို့အနောက်ဘက်၊ တောင်ဘက်ရှိ ကျေးရွာများကို တိုက်ခိုက်နေခြင်းဖြစ်သည်။

ထိုစစ်ကြောင်းသည် တောင်ဘက်ရှိ ရေမြိန်(တောင်) ရွာနှင့် ရေမြိန် (မြောက်) ရွာတို့ကို ဒီဇင်ဘာ ၅ တွင် မီးရှို့ခဲ့ပြီး ယင်းနေ့ မွန်းလွဲပိုင်းက တောင်ဘက် ၅ မိုင်အကွာရှိ တရားရွာသို့ ရောက်ရှိ ညအိပ်တပ်စွဲကာ နောက်တစ်နေ့ (ဒီဇင်ဘာ ၆) နံနက် ရွာမှအထွက် မီးရှို့ခဲ့သည်။

“ရေမြိန်တောင်ရွာ၊ မြောက်ရွာမှာ ဝင် (မီးရှို့)ပြီး တရားရွာကို ဝင်သွားတာ။ (ဒီဇင်ဘာ ၅ က) တရားရွာမှာ ညအိပ်ပြီးတော့ ဒီနေ့မနက် ပြန်ထွက်တဲ့အချိန် မီးထပ်ရှို့တာ” ဟု Salingyi Special Task Force -SSTF အမည်ရှိ ဒေသခံကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၆ တွင် Myanmar Now ကို ပြောသည်။

အိမ်ခြေ ၂၀၀ ခန့်ရှိ တရားရွာအတွင်း စစ်ကြောင်း ရောက်ရှိသည့်နေ့က ကားတစ်စီးကိုသာ မီးရှို့ခဲ့သော်လည်း ရွာမှ ပြန်ထွက်ချိန်တွင် နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု တရားကျေးရွာ ရွာခံအမျိုးသားတစ်ဦးက ပြောသည်။

ယမန်နေ့ (ဒီဇင်ဘာ ၆) နံနက် ၈ နာရီခန့်တွင် တရားရွာမှ ပြန်ထွက်သွားသော စစ်ကြောင်းသည် ထိုရွာ၏ တောင်ဘက် နှစ်မိုင်ကျော်အကွာရှိ ပေတောရွာ(အုန်းတောရွာ)၊ ရှမ်းကိုင်းအရှေ့ရွာနှင့် မြောက်ရွာတို့ကို ဆက်တိုက်စီးနင်း မီးရှို့ခဲ့ ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ရွာထဲမှာ အလောင်းတွေ ဘာတွေတော့ မတွေ့ရဘူး။ နွားတစ်ကောင် သတ်စားသွားတယ်” ဟု ၎င်းက ပြောသည်။

ရေမြိန် (တောင်) ရွာနှင့် (မြောက်) ရွာ မီးရှို့ခံရမှုတွင် အိမ်ခြေ ၆၀ ခန့်၊ တရားရွာတွင် အိမ်ခြေ ၃၅ လုံး၊ အိမ်ခြေ ၃၀ ရှိ ပေတောရွာမှာ အိမ်ခြေ ၃၀ လုံး မီးလောင်ခဲ့သည်။

အလားတူ အိမ်ခြေ ၁၇၀ ရှိသည့် ရှမ်းကိုင်းအနောက်ရွာတွင် အိမ်ခြေ ၄၀ ခန့် မီးလောင်ခဲ့သလို အိမ်ခြေ ၁၅၀ ခန့်ရှိသည့် အရှေ့ရွာတွင် အိမ်ခြေ ၃၀ လုံးခန့် မီးလောင်ပျက်စီးခဲ့သည်ဟု အထက်ပါရွာခံ အမျိုးသားက ပြောသည်။

ဆားလင်းကြီးမြို့နယ် ကျေးရွာများကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်မှာ မြိုင်မြို့နယ်နှင့် အစပ်တွင်ရှိသည့် ကျားတက်ရဲစခန်းသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ နိုဝင်ဘာ ၃၀ က ဆားလင်းကြီးမြို့ မြောက်ဘက်၊ ချင်းတွင်းမြစ်ကမ်းဘေးရှိ ထန်းဇင်၊ ဆားထုံး၊ လက်ပံကျွန်းနှင့် တောကျောင်းကလေးရွာတို့ကို မီးတင်ရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ရာ အိမ်ခြေ ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရသည်။

ထိုစီးနင်းမှုအတွင်း ကျေးရွာအသီးသီးမှ အရပ်သား ၂၀ ခန့်ကို ဖမ်းဆီး၍ ဆားလင်းကြီးမြို့တောင်ပိုင်း စစ်ကြောင်းထိုးချိန်တွင် ဓားစာခံအဖြစ် ခေါ်ဆောင်လာကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များဘက်က ဆိုသည်။ 

အရပ်သား ၂၀ ခန့်ကို စစ်ကြောင်းချီရာတွင် ဖမ်းဆီးထားမှု၊ မီးရှို့မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်တပ်ကလည်း စစ်ကြောင်းထိုးမှုများကို သတင်းအမှောင်ချထားသည်။

ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေရသောကြောင့် ထိုဓားစာခံတို့မှာ ချင်းတွင်းမြစ်ကမ်းဘေးရွာများမှ ဖြစ်သည်ဟုသာ ပြောဆိုနိုင်ကြပြီး အမည်များနှင့် အရေအတွက်အတိအကျ ရရှိရေး စုံစမ်းနေကြဆဲဖြစ်သည်။

ရွာများကို လိုက်လံဖျက်ဆီးနေသည့် ထိုစစ်ကြောင်းကို တရားရွာအထွက် ရွာတောင်ဘက်အရောက် ဒေသခံကာကွယ်ရေးအဖွဲ့ ၃ ဖွဲ့ဖြစ်သော Salingyi Special Task Force -SSTF ၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပုလဲမြို့အခြေစိုက် မြန်မာ့တော်ဝင်နဂါးတပ်က ကြားဖြတ် တိုက်ခိုက်ခဲ့သေးသည်။​

“ကျွန်တော်တို့ မိုင်းဆင်ပြီး စောင့်နေတာ။ အဲဒီနေရာကို ….တွေ ရောက်လာတော့ နည်းနည်းလေး ထိပ်တိုက်တွေ့တယ်။ ကျွန်တော်တို့ ပြန်ဆုတ်သွားတော့ ပေတော (ရွာ) ကို ထပ်ရှို့သွားတာ” ဟု Salingyi Special Task Force -SSTF မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button