
စစ်ကိုင်းတိုင်း မုံရွာမြို့ အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုကို တော်လှန်ရေးအဖွဲ့ ၅ ဖွဲ့ ပေါင်း၍ ယမန်နေ့ (ဒီဇင်ဘာ ၅) နံနက် ၁၀ နာရီခန့်တွင် တိုက်ခိုက်သည်။
မုံရွာမြို့ တောင်ဘက် ရေဦးဆန်ဆိုင်ဝန်းကျင်တွင် သဲအိတ်ဘန်ကာများချ၊ အနီးရှိ သုံးထပ်တိုက်တစ်လုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ၁၀ မိနစ်ကျော်ဖြစ်ပွားသည့် ပစ်ခတ်မှုအတွင်း နှစ်ဖက် ထိခိုက်မှုရှိကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။
Golden Eagle Force-Monywa-V2, Black Dragon Special Task Force-Monywa, မိုင်းမင်းသားမြေအောက်ပြောက်ကျားတပ်ဖွဲ့၊ သပြေညိုပြောက်ကျားတပ်ဖွဲ့တို့နှင့်တူ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Monywa Ranger Army အဖွဲ့တာဝန်ခံတစ်ဦးက ပြောသည်။
“အလစ်အငိုက်ကို ဝင်ဆော်လိုက်သလိုဖြစ်သွားတော့ ဒီကောင်တွေ(စစ်တပ်) တော်တော်ကျတယ်။ ကျန်တဲ့ကောင်တွေလည်း ထိခိုက်မှုတော့ ရှိတာပေါ့” ဟု သူက ပြောသည်။
လမ်းပေါ်တွင် စစ်ဆေးရေးလုပ်နေသည့် စစ်သား ၂ ဦး၊ ဘန်ကာအတွင်းရှိ စစ်သား ၅ ဦး၊ သုံးထပ်တိုက် ဝရန်တာတွင် ရှိနေသည့် စစ်သား ၁ ဦး သေဆုံးသည်၊ ၎င်းတို့ဘက်မှ တပ်ဖွဲ့ဝင် ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရသည်ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
“ကျွန်တော်တို့ ရဲဘော်တစ်ယောက်ကျတာတော့ မှန်တယ်။ ဒါပေမဲ့ (စစ်ကောင်စီက) ခေါင်းဖြတ်ထားတာလား ဆိုတာကတော့ အတိအကျမသိဘူး။ အရပ်သားပြည်သူတွေပြောတာကတော့ သူတို့စစ်ဆေးရေးဂိတ်မှာ ဇောက်ထိုးချိတ်ထားတယ်လို့ ကြားထားတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း သွားမကြည့်နိုင်တဲ့အတွက် အဲဒါကို အတည်ပြုမပေးနိုင်သေးဘူး” ဟု သူက ပြောသည်။
ထို့အတူ ၎င်းတို့ ပြန်လည်ဆုတ်ခွာပြီးချိန်တွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ပြည်သူ နှစ်ဦး သေဆုံးသည်ဟု တော်လှန်ရေးပူးပေါင်းအဖွဲ့များက ယနေ့(ဒီဇင်ဘာ ၆) ထုတ်ပြန်ထားသည်။
“ကျွန်တော်တို့ ပစ်ခတ်မှုတွေဖြစ်ပြီးတော့ ဒီကောင်တွေက ကားနဲ့ လိုက်ပစ်တာ။ ဒီကောင်တွေက သိတဲ့အတိုင်း သူတို့အထိနာရင် ရမ်းပစ်နေတာ။ အဲဒီမှာ ပြည်သူတွေထိတယ်လို့ သိရတယ်“ ဟု Monywa Ranger Army အဖွဲ့တာဝန်ခံက ဆိုသည်။
ပစ်ခတ်မှုအတွင်း သေဆုံးသည့် အရပ်သားနှစ်ဦးအနက် တစ်ဦးမှာ အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း၊ မုံရွာမြို့အဝင် စစ်ဆေးရေးဂိတ် အနောက်ဘက် ၂ မိုင်အကွာ ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းပေါ်ရှိ လယ်ကွင်းတစ်ခုထဲ၌ ခရမ်းသီးဆွတ်ခူးနေချိန်တွင် ညဘက်ရင်အုံ ကျည်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
“သူတို့ လယ်ကွက်က ချင်းတွင်းမြစ်နဲ့ စစ်ဆေးရေးဂိတ် ကြားထဲမှာ ဖြစ်တာကို။ ကိုယ်ဘက်က သွားပစ်ပြီးကတည်းကိုက သူတို့ (စစ်ကောင်စီ)က ရမ်းသန်းပြီးပစ်နေတာဆိုတော့ ဘယ်က ပစ်လိုက်မှန်းမသိဘူး” ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မုံရွာပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF) လက်အောက်ခံတပ်ရင်းတစ်ခုဖြစ်သည့် သံမဏိတပ်ဖွဲ့ ခေါင်းဆောင် ကိုသံမဏိက ပြောသည်။
“(အရပ်သားသေဆုံးမှုတွေက) တိုက်အမြင့်ပေါ်ကနေ ပစ်လို့လား၊ ရေကြောင်းကနေ ပစ်လို့လား အဲဒီနှစ်ခုပဲ တွေးစရာရှိတယ်။ ကိုယ့်ဘက်က ပစ်မှတ်က ရေဦးဆန်ရှေ့တစ်ခုပဲ။ ကျန်တဲ့နေရာတွေ ရမ်းပစ်စရာအကြောင်းမရှိဘူး”
သေဆုံးသူ နောက်တစ်ဦးမှာ မုံရွာအဝင် စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားသည့် ကားတစ်စီးပေါ်မှ အရပ်သားဖြစ်သည်ဟု ၎င်းတို့က ပြောသည်။
သုံးထပ်တိုက်ပေါ်မှ စစ်တပ်က အနီးဝန်းကျင်ကို ပစ်ခတ်သလို၊ ချင်းတွင်းမြစ်ကြောင်းမှ စက်လှေနှစ်စီးဖြင့် ရောက်လာသည့် အင်အား ၅၀ ခန့်ပါသော စစ်ကောင်စီတပ်ဖွဲ့ကလည်း ပစ်ခတ်ခဲ့သည်ဟု တော်လှန်ရေးအင်အားစုတို့က ဆိုသည်။
အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီထံ မေး၍ မရသေးပါ။
အာဏာသိမ်းပြီး နှစ်နှစ်နီးပါးကြာချိန်အထိ နိုင်ငံအနှံ့ ခုခံမှုများကို စစ်ကောင်စီ ရင်ဆိုင်နေရဆဲဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)