သတင်း

မန္တလေးရှိ စစ်ကောင်စီပစ်မှတ် နှစ်နေရာကို မြို့ပြပြောက်ကျားအဖွဲ့များ တိုက်ခိုက်

ဒီဇင်ဘာပထမအပတ်အတွင်း မန္တလေးမြို့ တိုက်ခိုက်မှုနှစ်ခုတွင် စစ်သားနှစ်ဦး သေဆုံး၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ နှစ်ဦး ဒဏ်ရာရသွားကြောင်း မြို့ခံများ၊ ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။

ဒီဇင်ဘာ ၂ မွန်းလွဲပိုင်းက မန္တလေးမြို့အထွက် သမ္မတောကျေးရွာနှင့် သန့်စင်ကုန်းရွာကြား အောင်ပင်လယ်တိုးဂိတ်အနီး စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရသည်ဟု သန့်ဇင်ကုန်းရွာအနီး နေထိုင်သူတစ်ဦးက ပြောသည်။

“၂ ဦး သေဆုံးတယ်လို့ ကြားတယ်။ Faw ကားကို (မိုင်း) ဆွဲတာလို့ ကြားတယ်ဗျ။ မေမြို့ကနေ ဆင်းလာတဲ့ကား။ ကားခေါင်းခန်းထဲက နှစ်ဦးကျသွားတယ်လို့ ပြောတယ်။ ဒဏ်ရာရတော့ အတိအကျ မသိရသေးဘူး” ဟု သူက ပြောသည်။

ညနေ ၆ နာရီခွဲအချိန်ခန့်တွင် ထိုနေရာအနီး စစ်ကောင်စီတပ်သားအင်အား အများအပြားရောက်ရှိလာကာ အနီးရှိ သန့်ဇင်ကုန်းကျေးရွာမှ လူငယ် ၅ ဦးကို ဖမ်းဆီးသွားသည်ဟု ၎င်းက ဆိုသည်။

“ဖမ်းသွားတာက ရွာသားတွေ လူငယ်တွေချည်းပဲ။ အပုံဝိုင်း (လောင်းကစားဝိုင်း)  ဝင်ဖမ်းသလိုနဲ့ အပုံဝိုင်းကို သိမ်းခိုင်းပြီး အနီးအနားက လူတွေကို ဖမ်းသွားတာ” ဟု ဆိုသည်။

မန္တလေးတိုင်းအတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်တွင် လောင်းကစားဝိုင်းများ တွင်ကျယ်နေပြီး အုပ်ချုပ်ရေး လျော့ရဲနေသည်ဟု ဒေသခံများထံမှ သိရသည်။

ယမန်နှစ် ဖေဖော်ဝါရီ ၁၉ က မန္တလေးမြို့တွင်းမှာ တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။ (ဓာတ်ပုံ- Myanmar Now)

ပြည်သူ့ကာကွယ်ရေးနှင့် အာဏာရှင်ရှင်းလင်းသုတ်သင်ရေး (မြေခွေးအဖွဲ့) NUG:FF ဟု အမည်ပေးထားသော မန္တလေးမြို့ပြပြောက်ကျားအဖွဲ့က စစ်ကားမိုင်းဆွဲမှုသည် ၎င်းတို့လက်ချက်ဖြစ်သည်ဟု ဒီဇင်ဘာ ၂ ရက်ညက ထုတ်ပြန်ထားသည်။

ယင်းနေ့က ပြင်ဦးလွင်မြို့တွင် စစ်တက္ကသိုလ်သင်တန်းဆင်းပွဲသို့ အာဏာသိမ်းစစ်ခေါင်းဆောင် ရောက်ရှိနေသည့်အတွက် မြို့တွင်းမြို့ပြင် လုံခြုံရေးတင်းကျပ်နေသည့်ကြားမှ လုပ်ဆောင်ရခြင်းကြောင်း ထိုအဖွဲ့က Myanmar Now ကို ယမန်နေ့က ပြောသည်။

ထိုအဖွဲ့သည် မန္တလေး၊ ပုသိမ်ကြီး၊ မတ္တရာ၊ ပြင်ဦးလွင် စသည့် မြို့များတွင် လှုပ်ရှားနေပြီး တစ်နှစ်ကျော်အတွင်း ၎င်းတို့တပ်ဖွဲ့မှ ရဲဘော် ၅ ဦး သေဆုံး၊ ၂၀ ကျော် ဖမ်းဆီးခံထားရသည်ဟု သိရသည်။

အုပ်ချုပ်ရေးရုံး ဗုံးကွဲမှု

ဒီဇင်ဘာ ၃ ညနေပိုင်းက မဟာအောင်မြေမြို့နယ်တွင် အသစ်ဖွင့်ထားသည့် သံလျက်မှော် (အရှေ့) အုပ်ချုပ်ရေးရုံး ဗုံးဖြင့် တိုက်ခိုက်ခံရသည်ဟု ထိုရုံးအနီး နေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။

“ရုံးက ဖွင့်တာမှ တစ်ပတ်ရှိသေးတယ်။ ပေါက်ကွဲသံက တော်တော်ကျယ်တယ်။ ရုံးတံခါးကို အပြင်က ဆွဲဖွင့်ပြီးကို ပစ်ပြေးတာလို့ ကြားတယ်။ ခဏနေတော့ လူနာတင်ကားရောက်လာတယ်။ ကားပေါ်မှာ တစ်ဦးကတော့ ငုတ်တုတ်ကြီး ဒဏ်ရာတွေနဲ့ လိုက်သွားတာ တွေ့တယ်” ဟု သူက  ပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းဝင်းနှင့် ရုံးအဖွဲ့ဝင်တစ်ဦးတို့ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟု သိရသည်။ 

မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ Special Task Force-Mandalay (STF-MDY) က ထိုတိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ယင်းနေ့မှာပင် ထုတ်ပြန်သည်။

တိုက်ခိုက်မှုအပြီး အုပ်ချုပ်ရေးရုံးအနီး စစ်ကောင်စီတပ်သားများရောက်ရှိလာသလို ရုံးရှေ့ရှိ သင်္ဂဇာချောင်းလမ်းကို ပိတ်ကာ အကာအရံများ ချလိုက်ကြောင်း၊ နောက်တစ်နေ့ညတွင် စစ်ကား ၃ စီး ရောက်လာပြီး အုပ်ချုပ်ရေးရုံးအနီးရှိ မာလကာခြံရပ်ကွက်ကို မွှေနှောက်ရှာဖွေကာ တစ်အိမ်တက်ဆင်း ဧည့်စာရင်းစစ်ဆေးကြောင်း ထိုရပ်ကွက်တွင် နေထိုင်သူများထံမှ သိရသည်။

မြို့ပြပြောက်ကျားလှုပ်ရှားမှု အားကောင်းသော မန္တလေးတွင် ဩဂုတ်လအတွင်း ပြောက်ကျားအဖွဲ့ဝင် ၄၀ ထက်မနည်း ဖမ်းဆီးခံထားရသလို နိုဝင်ဘာလအတွင်းကလည်း အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ထားသည့် ဆရာဝန်များအပါအဝင် လူ ၄၀ ထက်မနည်း အဖမ်းခံလိုက်ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button