အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နေပြည်တော်ဘူတာကြီးမှ မီးရထားဝန်ထမ်း လျှို့ဝှက်အက်ဖြင့် အမှုထပ်ဖွင့်ခံရ

နေပြည်တော်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ယာဉ်တန်းကို ရထားတစ်စီးက ဝင်တိုက်လုနီးပါးဖြစ်ခဲ့ကြောင်း Facebook တွင် မျှဝေမှုဖြင့် ဖမ်းဆီးခံထားရသည့် မီးရထားဝန်ထမ်းကို အစိုးရလျှို့ဝှက်ချက်ပေါက်ကြားမှုဖြင့် ထပ်တိုးအမှုဖွင့်လိုက်သည်။

နေပြည်တော်ဘူတာကြီးမှ အငယ်တန်းစာရေး အသက် ၃၅ နှစ်အရွယ် ဦးရဲကိုကိုသည် တရားရုံးက ထောင် ၁၄ နှစ်အထိ ချနိုင်သည့် အချက်အလက်ပေါက်ကြားမှုဆိုင်ရာ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၅(၁) ဖြင့် အမှုဖွင့်ခံထားရသည်။ 

၎င်းကို ချုပ်နှောင်ထားသည့် ပုဗ္ဗသီရိမြို့နယ် ထုံးဖိုရဲစခန်းက နိုဝင်ဘာ ၃၀ ရက်တွင် ပထမအမှုကို ထောင် ၃ နှစ်ချနိုင်သော ဆူပူစေရန် လှုံ့ဆော်မှုဆိုင်ရာပုဒ်မ ၅၀၅-က နှင့် မြို့နယ်တရားရုံးသို့ တရားစွဲတင်လိုက်ပြီဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။

“တရားရုံးစွဲတင်တဲ့နေ့ကတော့ မိသားစုနဲ့တော့ တွေ့ခွင့်ရတယ်။ သူပုံမှန်သောက်နေရတဲ့ တီဘီဆေးလည်း သောက်ခွင့်ရတယ်။ ကျန်းမာရေးလည်း ကောင်းပါတယ်” ဟု တရားရုံးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အောက်တိုဘာ ၁၉ ညနေ ၆ နာရီခန့်က ကားလမ်းနှင့် မီးရထားလမ်းဆုံရာ နေပြည်တော် ပျဉ်းမနားဘူတာအနီး မိုင်တိုင် ၂၂၆/၁၆-၁၇ တွင် မင်းအောင်လှိုင်၏ ယာဉ်တန်းဖြတ်သန်းစဉ် ရထားတစ်စင်း ဝင်တိုက်လုနီးပါး ဖြစ်ခဲ့ရာ ရထားမောင်းသူ  ဖမ်းဆီးခံရသည်ဆိုသော သတင်းကို ဦးရဲကိုကိုက သူ၏ Facebook တွင် မျှဝေမိခဲ့ခြင်းဖြစ်သည်။ ထိုဖြစ်စဉ်ကို သီးခြား အတည်မပြုနိုင်သေးပေ။

ဦးရဲကိုကို နေထိုင်သည့် ပုဗ္ဗသီရိမြို့နယ်ရှိ ဝန်ထမ်းလိုင်းခန်းသို့ နိုဝင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ရောက်လာခေါ်ဆောင်သွားခြင်းဖြစ်သည်။

“လူမှုကွန်ရက်မှာ သတင်းရှဲ(တင်)ရုံနဲ့ ပုဒ်မတွေအများကြီးနဲ့ အရေးယူတာကတော့ ခုလုပ်နေတဲ့ ဝန်ထမ်းတွေ ကြောက်အောင်လို့ပေါ့ဗျ။ တော်လှန်ရေးထဲမှာ မပါဖို့၊ ဌာနရဲ့ အတွင်းသတင်းတွေ အပြင်မထွက်ဖို့ အကြောက်တရားရှိအောင် လုပ်လိုက်တဲ့သဘောလို့ပဲ ယူဆတယ်” ဟု နေပြည်တော်မှ ဝန်ထမ်းတစ်ဦးက ပြောသည်။

နေပြည်တော်ရှိ ဝန်ကြီးဌာနရုံးများတွင်လည်း စစ်ကောင်စီက မိုင်းရှာစက်များဖြင့် ရှာဖွေသလို ဝန်ထမ်းတို့၏လက်ကိုင်ဖုန်းနှင့် လက်ဆွဲအိတ်များကိုလည်း တင်းကျပ်စွာ စစ်ဆေးနေကြောင်း စုံစမ်းသိရှိရသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် အစိုးရဝန်ထမ်းအများအပြား အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေကြရာ မီးရထားဌာနသည်လည်း ထိပ်ဆုံးမှ ပါဝင်သည်။

စစ်ကောင်စီသက်တမ်း နှစ်နှစ်ပြည့်ခါနီးအထိ တစ်နိုင်ငံလုံးတွင် မီးရထားခရီးစဉ်များစွာ ရပ်ဆိုင်း၊ ရွှေ့ဆိုင်းထားဆဲဖြစ်ရာ မီးရထားဝန်ထမ်းတို့၏ အာဏာဖီဆန်မှု သက်ရောက်မှု မည်မျှကြီးသည်ကို တွေ့မြင်နိုင်သည်။

စစ်ကောင်စီကလည်း CDM  မီးရထာဝန်ထမ်းများကို ပစ်မှတ်ထား နှိပ်ကွပ်နေပြီး နေအိမ်လိုင်းခန်းများမှ အတင်းအကျပ် ဖယ်ရှားခြင်း၊ ဖမ်းဆီးအမှုဖွင့်ခြင်းတို့ကို ဆက်တိုက်ပြုလုပ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button