သတင်း

KNU နယ်မြေရှိ သပြုသတ္တုမိုင်းကို စစ်ကောင်စီ ၃ ကြိမ်မြောက် ဗုံးကြဲ

ထိုင်း- မြန်မာ နှစ်နိုင်ငံနယ်စပ် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းရှိ သတ္တုတူးဖော်ရေး လုပ်ငန်းကို စစ်ကောင်စီက ဒီဇင်ဘာ ၁ နံနက် အစောပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့အနီးရှိ သပြုသတ္တုမိုင်း အမှတ်(၅) လုပ်ကွက် တိုက်ခိုက်မှုအတွင်း မည်မျှ ထိခိုက်သေဆုံးသည်ကို မသိရသေးကြောင်း အဆိုပါ ဒေသအနီးတွင် လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“နည်းနည်းတော့ အထိအခိုက်ရှိတယ်လို့ ပြောတယ်။ အသေးစိတ်တော့ မသိရသေးဘူး။ အထိအခိုက်ကတော့ မိုင်းလုပ်သားတွေနဲ့ ရွာသားတွေပဲ ထိမှာပဲ” ဟု ၎င်းက ဆိုသည်။ 

ဗုံးကြဲတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်ကို စုံစမ်း၍ မရသေးသလို KNU ကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

“သူတို့(စစ်ကောင်စီ) က မိုင်းတွင်းကိုပဲ ဦးစားပေး တိုက်ခိုက်နေတာပါ။ အဓိကကတော့ KNU တပ်မဟာ ၆ ရဲ့ စီးပွားရေးတွေကို ဖြတ်ဖို့အတွက် ဗုံးကြဲတာလို့ ယူဆတာပဲ” KNU သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

သပြုသတ္တုမိုင်း ဗုံးကြဲတိုက်ခိုက်ခံရမှုသည် ယခုတစ်ကြိမ်နှင့်ဆိုလျှင် တတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်နေ့ကလည်း သပြုသတ္တုမိုင်း အမှတ်(၆)လုပ်ကွက်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ခိုက်မှုအတွင်း မိုင်းလုပ်သား ၃ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများထဲတွင် တရုတ်နိုင်ငံသားတစ်ဦး ပါဝင်ခဲ့ကြောင်း KNU ကအတည်ပြုထားသည်။

ဒီဇင်ဘာ ၁ ရက် နံနက်စောစောပိုင်းက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအပြီး တွေ့ရသည့် သပြုသတ္တုမိုင်း 

ယင်းနောက် နိုဝင်ဘာ ၂၁ ရက်နေ့တွင် သပြုသတ္တုမိုင်း အမှတ်(၁)လုပ်ကွက်ကို စစ်ကောင်စီက ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း ယင်းတိုက်ခိုက်မှုတွင် လူထိခိုက်မှုမရှိဘဲ အဆောက်အအုံအချို့ ပျက်စီးခဲ့သည်။

သတ္တုမိုင်းလုပ်ကွက်များကို လေကြောင်းမှ စစ်ဆင်ခြင်းသည် အရပ်သားပစ်မှတ်များကို ဦးတည်တိုက်ခိုက်ခြင်းဖြစ်ကြောင်း KNU တပ်မဟာ ၆ ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်က နိုဝင်ဘာ ၁၆ ရက်နေ့က Myanmar Now ကို မှတ်ချက်ပေးထားသည်။

ဘုရားသုံးဆူမြို့ မြောက်ဘက်မိုင် ၂၀ ခန့်အကွာတွင် ရှိသည့် သပြုသတ္တုမိုင်းသည် ခနောက်စိမ်း ခဲသတ္တုတူးဖော်ရေးမိုင်းတွင်းဖြစ်ပြီး လုပ်ကွက် အမှတ်(၁) မှ (၁၀) အထိ ရှိသည်။

ယခင်က သတ္တုတူးဖော်မှုကို ဒေသခံများက တစ်ပိုင်တစ်နိုင် လုပ်ကိုင်ကြပြီးနောက် ၁၉၉၇ ခုနှစ်တွင် စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်လိုက်သည့် ဗိုလ်မှူးချုပ် စောသမူဟဲ ဦးဆောင်သော ဟောင်သရော ငြိမ်းချမ်းရေးအဖွဲ့ က ဆက်လက်လုပ်ကိုင်ခဲ့သည်။ နောက်ပိုင်းတွင်း KNU က ထိုအဖွဲ့ကို ဆက်လက် လုပ်ကိုင်ခွင့်မပြုတော့ဘဲ ဒေသခံလုပ်ငန်းရှင်များကို တူးဖော်ခွင့်ပေးခဲ့သည်။

KNU တပ်မဟာ ၆  ထိန်းချုပ်နယ်မြေအတွင်းရှိ သပြုသတ္တုမိုင်းလုပ်ကွက်များသည် နယ်မြေတည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေသည့်အတွက် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ထားသည်။ ထို့အပြင် ယင်းလုပ်ကွက်တွင် ရောက်နေသည့် နိုင်ငံခြားသားများသည်လည်း တရားဝင်လုပ်ကိုင်နေသူများမဟုတ်ဟု ပြောသည်။

“ဒါတွေဟာ တရားမဝင်လုပ်ငန်းကို လာရောက်လုပ်ကိုင်နေထိုင်သူတွေပဲဖြစ်ပါတယ်။ အဲဒီလူတွေ ဘယ်လိုရောက်လဲ၊ ဘယ်သူတွေက ခေါ်လာလဲဆိုတာ အဲဒီနယ်မြေမှာ လှုပ်ရှားနေတဲ့ KNU တပ်မဟာ(၆) မသိဘဲနဲ့ ရောက်လာစရာ အကြောင်းမရှိဘူးလို့ ကျွန်တော်ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button