သတင်း

KNU တပ်မဟာ ၁ ဌာနချုပ်ရုံးကို စစ်ကောင်စီ ဗုံးကြဲ

မွန်ပြည်နယ် သထုံခရိုင်၊ ဘီးလင်းမြို့နယ် တိုတယ်ခီးကျေးရွာရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ ဌာနချုပ်ရုံးကို စစ်ကောင်စီဘက်က တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်သည်။

စစ်အာဏာသိမ်းသည့် လုပ်ရပ်ကို လက်မခံကြောင်း အတိအလင်းပြောထားသည့် KNU ၏ တပ်မဟာ ၁ ရုံးချုပ်ကို စစ်ကောင်စီက နိုဝင်ဘာ ၂၆၊ ည ၁၂ နာရီခန့်တွင် ဗုံးလေးလုံးကြဲချခဲ့ရာ အဆောက်အဦးနှစ်လုံး ပျက်စီးသည်ဟု သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောသည်။

“လူတွေ ထိခိုက်တာတော့မရှိခဲ့ဘူး”ဟု ၎င်းက ပြောသည်။

အသေးစိတ်ကို သီးခြား အတည် မပြုနိုင်သေးသလို စစ်ကောင်စီထံ မေး၍မရပါ။

နိုဝင်ဘာ ၇ ရက် ညပိုင်းကလည်း ဘီးလင်းမြို့နယ် ဘောနော်ဝါးရွာကို စစ်ကောင်စီက ဗုံးကြဲရာ ဒေသခံတစ်ဦး ဒဏ်ရာရ၊ နေအိမ်ငါးလုံးပျက်စီးသည်ဟု KNUက ထုတ်ပြန်ထားသည်။

သထုံခရိုင်အတွင်းတွင် စစ်ကောင်စီက လူနေထိုင်ရာ ကျေးရွာများ အတွင်းကို လက်နက်ကြီးများဖြင့်လည်း ဆက်တိုက်ပစ်နေသည်ဟု ပဒိုစောအေးနိုင်က ပြောသည်။

စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း KNU တပ်မဟာ (၁) သထုံခရိုင် ၊ တပ်မဟာ (၂) တောင်ငူခရိုင်၊ တပ်မဟာ (၃) ညောင်လေးပင်ခရိုင် ၊ တပ်မဟာ (၅) ဖာပွန်ခရိုင်နှင့် တပ်မဟာ(၆) ဒူးပလာယာခရိုင်တို့တွင် လေကြောင်းမှ ဆက်တိုက်တိုက်ခိုက်နေသည်။

အာဏာသိမ်းပြီး နှစ်နှစ်နီးပါးအတွင်း နိုင်ငံအနှံ့ ခုခံမှုများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ အားပြုတုံ့ပြန်နေသည်။

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စက်တင်ဘာ ၁၆ ရက်တွင် စစ်ရဟတ်ယာဥ် သွားရောက်ပစ်ခတ်ခဲ့၍ ကလေးငယ်များ သေဆုံး၊ ဒဏ်ရာရသည့် ဖြစ်စဉ်မှာ ထင်ရှားသည်။

ထို့အတူ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါ ဒေသတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ပြုလုပ်သည့် တေးဂီတပွဲကို အောက်တိုဘာ ၂၃ ရက်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲရာ KIA အရာရှိ၊ ဝန်ထမ်း၊ ကျောက်စိမ်းစီးပွားရေးလုပ်ငန်းရှင်၊ ဂီတသမားများ အပါအဝင် ၆၀ ထက် မနည်း သေဆုံး၍ လူ၁၀၀ နီးပါး ဒဏ်ရာရဖူးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button