မေးမြန်းခန်း

“အကျိုးအမြတ်ပြန်ရဖို့ စစ်တပ်က ဖားကန့်ကို ထိန်းချုပ်ချင်တယ်”၊ အင်တာဗျူး

အဖိုးတန် ကျောက်စိမ်များထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်ဒေသတွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား အပြန်အလှန် ဖမ်းဆီးသတ်ဖြတ်မှုများနှင့်အတူ တိုက်ပွဲများဖြစ်နေသည်မှာ အာဏာသိမ်းပြီးကတည်းကဖြစ်သည်။

အောက်တိုဘာလအတွင်းက ဖားကန့်မှ ၁၀ မိုင်ခန့်သာ ကွာဝေးသည့် အနန့်ပါဒေသတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်း ၆၂ နှစ်ပြည့်အကြို ဂီတဖျော်ဖြေပွဲပြုလုပ်နေစဉ် စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ရာ လူပေါင်းရာချီ သေဆုံးခဲ့သည်။ သေဆုံးသူများတွင် KIO တပ်မဟာ (၉) တာဝန်ခံဗိုလ်မှူးကြီး ရှရော်လဆိုင်း၊ KIO ၏ ဖားကန့်ဒေသ ကျောက်မျက်တာဝန်ခံ ဗိုလ်မှူးကြီးလဖိုင်လအောင် အပါအဝင် KIA အရာရှိအရာခံများနှင့် ကချင်စီးပွားရေးလုပ်ငန်းရှင်အချို့ ပါဝင်ခဲ့သည်။

ထိုသို့ဗုံးကြတိုက်ခိုက်ခံရပြီးနောက် KIA နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးအခြေအနေ ပို၍တင်းမာလာကာ တိုက်ပွဲများလည်း ဖြစ်လာသည်။​ လတ်တလော ဖားကန့်ဒေသအခြေအနေနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုအောင်ဟိန်းမင်းကို လွန်ခဲ့သော သီတင်းတပတ်ကျော်အတွင်း Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။

အသက် ၂၅ နှစ်အရွယ် ဖားကန့်သားလူငယ်မှာ လွှတ်တော်အမတ်မဖြစ်ခင်က ကျောက်တူးသမားအဖြစ် လုပ်ကိုင်ခဲ့ဖူးသူဖြစ်ကာ ဒေသအခြေစိုက်သတင်းသမားတစ်ဦးအဖြစ်လည်း လုပ်ကိုင်ခဲ့သည်။​ စစ်တပ်က အာဏာသိမ်းပြီးနောက် လွတ်မြောက်နယ်မြေတစ်ခုတွင် ခိုလှုံကာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့တွင် ပါဝင်ဆောင်ရွက်နေသည်။

မေး – လတ်တလော ဖားကန့်အခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ – ဖားကန့်က လောလောဆယ်မှာ တင်းကျပ်တဲ့ သဘောတော့ရှိတယ်။ ဗုံးကြဲမှုဖြစ်စဉ်နောက်ပိုင်းမှာ ပိုပြီးတော့ တင်းကျပ်လာတယ်။ တော်လှန်ရေးအင်အားစုတွေ ဘက်ကျတော့လည်း တော်လှန်ရေးခွန်အားအဖြစ် အသုံးချပြီးတော့ တော်လှန်ရေးအရှိန်မြှင့်ဖို့ ပြင်ဆင်လာတာတွေ မြင်ရကြားရတယ်။ စစ်ကောင်စီဘက်ကလည်း ပြင်ဆင်လာတယ်။ ပြင်ဆင်လာတဲ့အပြင်ကိုမှ သူတို့ရဲ့ပုံစံကလည်း စစ်ကိုဖိတ်ခေါ်နေသလိုပဲ။ ဗုံးကြဲမှုဖြစ်စဉ်နောက်ပိုင်းကိုမှ လူထုအပေါ်မှာ ပိုပြီးတော့ မလေးမစားလုပ်တာတွေ ပိုတွေ့လာရတယ်။ 

ပြောရရင်‌တော့ စစ်ရေးက တင်းမာနေတဲ့အနေအထားမှာ ရှိတယ်။ အချိန်မရွေးထပြီးတော့ ဝုန်းဝုန်းဒိုင်းဒိုင်းဖြစ်နိုင်တဲ့ အနေအထားမျိုးပေါ့နော်။ စီးပွားရေးအနေနဲ့ဆိုရင်တော့ ကျောက်စိမ်းကုမ္ပဏီတွေက ရှိနေတာပဲလေ။ ခဏတဖြုတ် ရပ်နားတာပဲရှိမယ်။ ဆီကားတွေမဝင်တဲ့အချိန်တို့ တခြားအခက်အခဲ တွေကြောင့် ခဏတဖြုတ် ရပ်နားတာပဲ ရှိမယ်။ တခါတလေ ဆန်အိတ်တွေကတော့ ဈေးတက်သွား တယ်ပေါ့နော်။

လမ်းပိတ်လိုက်ရင် ကုန်ဈေးနှုန်းတွေကတော့ တက်လာတာပေါ့။ အဲဒီလိုအခြေအနေရှိတယ်။ ချုပ်ပြော ရရင်တော့ အဆင်ပြေနေတာတော့ မဟုတ်ဘူးပေါ့၊ စစ်ကလည်း အချိန်မရွေးထဖြစ်နိုင်တဲ့အတွက် အားလုံးကတော့ ကျီးလန့်စာစားနေရတာပေါ့၊ ဘယ်အချိန် ဘာဖြစ်မလဲ မသိတော့ တထိတ်ထိတ်နဲ့ လှုပ်ရှားနေရတဲ့အနေအထားတော့ရှိပါတယ်။

မေး – အနန့်ပါ ဗုံးကြဲတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး နောက်ဆုံးအခြေအနေ ဘာသိရပါသလဲ။

‌ဖြေ – ဗုံးကြဲမှုမှာ ဒဏ်ရာရတဲ့သူတွေလည်းများတယ်၊ သေဆုံးတာကတော့ KIA ကလည်း ထပ်မထုတ် ပြန်တဲ့အတွက် အတိအကျ ထပ်မသိရဘူး။ အဲဒီနေရာက အရပ်သားတွေလည်း အလွယ်တကူ ဝင်ထွက်လို့ရတဲ့နေရာ မဟုတ်တော့ ကျွန်တော်တို့လည်း အတိအကျတော့ မသိဘူး။ မီဒီယာတွေမှာ ဖော်ပြသလောက်ပဲသိရတယ်။ 

ဒါပေမဲ့ အထိအခိုက်တော့ တော်တော်များသွားတယ်။ ကျဆုံးသွားတာကလည်း ကျွန်တော်တို့ ခန့်မှန်းထား တာထက် ပိုများမယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ပွဲကျင်းပနေတဲ့ အလယ်ခေါင်တည့်တည့်ကို ဗုံးကျတာဖြစ်တဲ့အတွက် အများကြီး သေဆုံးမှုရှိနိုင်တယ်လို့တော့ တွက်ချက်လို့ရတယ်။ ကျွန်တော်တို့ လည်း မမြင်ရ၊  ထပ်ထုတ်ပြန်တာလည်းမရှိတဲ့အတွက် အတိအကျတော့ မသိရဘူး။

အနန့်ပါဗုံးကြဲမှုအပြီး စစ်ရေးတင်းမာလာသည့် ဖားကန့်

မေး – ဗုံးကြဲပြီးတော့ ဖားကန့်မှာ ဘာတွေဆက်ဖြစ်နေလဲ။

ဖြေ – ပိတ်ဆို့တာတွေ၊ ဖြတ်တောက်တာတွေလုပ်တဲ့အတွက် ကုန်ဈေးနှုန်းတွေက တက်တာပဲ။ အတက်က တော့ ကြမ်းတာပေါ့။ ဖားကန့်က အဲဒီလိုပဲ စစ်ဖြစ်ပြီဆိုရင် ကုန်းဈေးနှုန်းက တက်နေကျပဲ။ ဘာဖြစ်လို့လဲ ဆိုရင် ဝင်ထွက်တဲ့လမ်းကလည်း အဓိက သုံးလို့ရတာတစ်လမ်းပဲ။ ပွင့်လင်းရာသီမှာ နှစ်လမ်းရှိပေမယ့် အဓိကသုံးတဲ့တစ်လမ်းတည်းဆိုတော့ လမ်းဖြတ်တောက်ထားလိုက်ရင် ကုန်ဈေးနှုန်းတက်တာတော့ သဘာဝပဲ။ 

အခု ဆိုရင်လည်း ဆန်ဈေးက တစ်အိတ်ကို တစ်သိန်းကျော် ထိတက်တယ်။ ဆန်ဈေးရော၊ ဆီဈေးရော ကုန်စိမ်းနှုန်းတွေက တက်တာပါပဲ။ နည်းနည်းပါးပါး ပြန်ဖွင့်ပေးလိုက်ပြီဆိုရင် နည်းနည်းပြန်ကျတယ်။ 

ဗုံးကြဲပြီးနောက် ဖြစ်စဉ်ကနေ ထွက်လာတဲ့သူတွေကို ဆေးကုသမယ့်နေရာတွေကို စောင့်ကြည့်တာတွေ ဘာတွေ လုပ်တယ်။ ဆေးရုံ၊ ဆေးခန်း တွေမှာ စောင့်ကြည့်တာတွေလုပ်တယ်လို့ သိရတယ်။ ဆေးတွေ ဖြတ်တောက်ထားလားဆိုတာတော့ အသေအချာ မသိရဘူးဗျ။

ကချင်ပြည်နယ် ဖားကန့်မြိုက ကျောက်စိမ်းတူးဖော်နေမှုများ။ (ပုံ-Getty Images)

မေး – စစ်ရေးပဋိပက္ခတွေကြောင့် လတ်တလော ဖားကန့်မှာ ဘာတွေပြောင်းလဲသွားလဲ။

ဖြေ – ဖားကန့်က သိသိသာသာကြီးပြောင်းလဲမှုတော့ မရှိပါဘူး။ တင်းမာမှုတွေရှိနေတယ်ဆိုပေမယ့် လုပ် လို့ရသလောက်တော့ လုပ်နေကြတာပဲ။ ဖားကန့်က ရွှေ့ပြောင်းတွေလည်း များတာကို။ စီးပွားရှာဖို့ ရောက် လာကြတာဆိုတော့ တချို့တင်းမာမှုတွေကလည်း ဒီအပေါ်မှာ လုံးလုံးကြီးမသက်ရောက်နိုင်တဲ့ အနေအ ထားဖြစ်နေတယ်။ ဘယ်လောက်အထိ တင်းမာမလဲဆိုတာမှာတော့ မူတည်တာပေါ့။ 

စီးပွားရှာဖို့ရောက်လာကြတာဆိုတော့ လုပ်လို့ ရသလောက်တော့ လုပ်ကြမှာပဲ။ အဲဒါကြောင့်မို့လို့လည်း ဖားကန့်က ပုံမှန်လိုလိုကြီးဖြစ်နေတာပေါ့။ သိသိသာသာကြီး ပြောင်းလဲမှု မရှိဘူး၊ နည်းနည်းလေး လုပ်လို့ ရရင်ရသလို လုပ်နေကြတာပေါ့။ လူဦးရေကလည်း များတဲ့အတွက်မို့ သွားလာမှုကလည်း မပြတ်ဘူး။

မေး – နှစ်ဖက်အားပြိုင်မှုရှိနေတော့ အုပ်ချုပ်ရေးပိုင်းမှာ ဘယ်လိုရှိပါသလဲ။

ဖြေ – မြို့နယ်ထွေအုပ်က‌တော့ စကစခန့်ထားတဲ့ထွေအုပ်ပါပဲ။ လက်ရှိအုပ်ချုပ်ရေးကတော့ အဲဒီလို သွားနေတာပေါ့။ ဒါကမြို့နယ်အဆင့်ပါ၊ အောက်ခြေကျေးရွာတွေအဆင့်မှာတော့ သူတို့က အဲဒီလောက် အထိ လွှမ်းမိုးအုပ်ချုပ် နိုင်တဲ့အနေအထား မရှိပါဘူး။ အုပ်ချုပ်ရေးမှူးဟောင်းတွေကလည်း CDM လုပ်ထားကြတာများတယ်။ အသစ် မခန့်နိုင်တဲ့နေရာတွေလည်း တော်တော်များများရှိတယ်ပေါ့။ 

တချို့ကျေးရွာတွေက ကိုယ့်ရပ်မိရပ်ဖတွေက တာဝန်ယူပြီးလုပ်နေတဲ့အပိုင်းလေးတွေရှိတယ်။ ဟိုဘက် ဒီဘက် လက်လှမ်းမီသလောက်တွေ လုပ်နေကြတာပေါ့ဗျာ။ အုပ်ချုပ်ရေးကို သူတို့မြို့နယ်တွေမှာ လုပ်နိုင်တယ်။ ဒါပေမဲ့ အောက်ခြေကိုတော့ မအုပ်ချုပ်နိုင်ဘူးလို့ ပြောလို့ရတယ်။

ကချင်ပြည်နယ်ကတော့ စစ်ကိုင်းတိုင်းနဲ့မတူဘူး။ မတူတော့ ပကဖတို့ ပအဖတို့တော့ မရှိဘူးပေါ့ဗျာ။ စစ်ရေးစစ်ရာနဲ့ ပတ်သက်ရင် KIA ကပဲ တာဝန်ယူပြီးတော့ ဆောင်ရွက်နေတာဖြစ်တယ်။ ကချင်ပြည်နယ် မှာရှိတဲ့ PDF တွေဆိုတာကလည်း KIA ရဲ့လက်အောက်ခံ PDF အဖြစ်နဲ့ ဆောင်ရွက်နေကြတာဖြစ်တယ်။ 

အုပ်ချုပ်ရေးပိုင်းကိုပြောရမယ်ဆိုရင်တော့ KIA ရဲ့ အုပ်ချုပ်ရေး ဆလန်ကဘာတွေဆိုတာ ဟိုးကတည်းက ရှိခဲ့တာပေါ့၊ ။ အာဏာမသိမ်းခင်ကတည်းက ရှိခဲ့တဲ့ အုပ်ချုပ်ရေးအဖွဲ့တွေရှိတယ်။ ပြောရရင်‌ ဖားကန့်မှာ အုပ်ချုပ်ရေးက နှစ်မျိုး ဖြစ်နေသေးတာပေါ့။ ဆလန်ကဘာ (KIO ခန့် အုပ်ချုပ်ရေးမှူး) တွေ ဆက်ပြီးရှိ နေသေးတယ်၊ စကစကလည်း သူ့အုပ်ချုပ်ရေးနဲ့သူ ရှိနေတာပေါ့။ ဆို‌တော့ ပကဖ၊ ပအဖတွေ မရှိတဲ့ အတွက် အုပ်ချုပ်ရေးကတော့ အရပ်ဘင်င အုပ်ချုပ်တာ မရှိဘူးလို့ ပြောရမှာပေါ့။

၂၀၂၀ ဇူလိုင်က တွေ့ရသည့် ဖားကန့်မြို.က ကျောက်စိမ်းရှာဖွေနေသူများ။ (Getty Images)

မေး – ကျောက်စိမ်းလုပ်ကွက်တွေ အခြေအနေရော ဘယ်လိုရှိပါသလဲ​။​

ဖြေ – ကျောက်စိမ်းလုပ်ကွက်တွေကတော့ ရှိနေတာပဲ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာဆိုရင် ပိုပြီး‌တော့ များလာသလိုပဲ။ ကြည့်ရမယ်ဆိုရင် စစ်တပ်ဘက်က‌တော့ အကျိုးစီးပွားနည်းနည်း နည်းသွားတယ်လို့ မြင်တယ်။ အဲဒီလိုနည်းသွားလို့လည်း စစ်ရေးအရပြန်ပြီးတော့ ဖိလာတယ်လို့ မြင်တာပေါ့နော်။ သူတို့ ကိုယ်တိုင်လုပ်ပြီး အကျိုးစီးပွားများများရနေတယ်ဆိုရင်တော့ သူတို့လည်း ငြိမ်နေကြမှာပဲလေ။ အခုနောက်ပိုင်းမှာ သူတို့ကိုယ်တိုင် တူးနိုင်တဲ့ လုပ်ကွက်သော်လည်းကောင်း၊ နယ်မြေစိုးမိုးမှုအရ သူတို့ဆီမှာရရှိတဲ့ အခွန်အခသော်လည်းကောင်း နည်းလာတယ်ပေါ့နော်။ ဒီအပေါ်မှာ နယ်မြေစိုးမိုးနိုင်ဖို့ ပြန်ပြီးတော့ ဆောင်ရွက်လာတယ်လို့တော့မြင်တယ်။ 

ဒီနေရာက အားလုံးအတွက် အကျိုးစီးပွားဖြစ်နေတဲ့နေရာပေါ့၊ အကျိုးစီးပွားကတော့ စစ်တပ်အတွက်လ ည်း ရှိတယ်၊ EAOs တွေအတွက်လည်း ရှိတယ်။ စစ်တပ်ကတော့ သူ့အတွက် အကျိုးစီးပွား မရှိဘူး၊ နည်း တယ်ဆိုရင်တော့ နယ်မြေ စိုးမိုးနိုင်ဖို့ ဆောင်ရွက်လာမှာတော့ သဘာဝပဲလေ။ ကျွန်တော်ကြားနေရတဲ့ သတင်းတွေကို ပြန်သုံးသပ်ရရင် ဒီအတွက် သူတို့ နယ်မြေစိုးမိုးနိုင်ဖို့၊ ကျောက်စိမ်းလုပ်ကွက်တွေကို ပြန်ပြီးတော့ စိုးမိုးနိုင်ဖို့၊ ဒီကနေ အကျိုးအမြတ် ပြန်ရဖို့ ဖားကန့်ကို ထိန်းချုပ်ချင်တယ်။ ပိုပြီးတော့ စိုးမိုးချင်တယ်ပေါ့နော်။ ဒါကြောင့်မို့ အခုလိုပြန်ပြီး ဆောင်ရွက်လာတယ်လို့ မြင်ပါတယ်။

ဆက်လုပ်နေတဲ့ လုပ်ကွက်တွေတော့များပါတယ်။ အများကြီးထဲမှာ သေးသေးလေးတွေရော အကြီးကြီး တွေရော၊ သေးသေးလေးတွေက ပိုပေါလာတာပေါ့။ ဒါပေမဲ့ စကစအတွက်ကတော့ နည်းနည်း အခွင့်အ လမ်း ပိုနည်းလာမယ်လို့ ထင်တယ်။ ကျွန်တော်ကြားသလောက်ဆိုရင် ကျောက်စိမ်းရုံးတို့ ဘာတို့ဆိုရင် အစိုးရအဆက်ဆက် ရဲ့ လက်တံတွေပဲလေ။ အခု စကစက အာဏာသိမ်းပြီးနောက်ပိုင်း မှာကျတော့ ကျောက်စိမ်းရုံးက သူတို့လက်အောက် ရောက်သွားတာပေါ့။ ဆိုတော့ ကျောက်စိမ်းရုံးကို အဝင်အထွက် လုပ်ပြီးတော့ အခွန်အခဆောင်တာတို့ ဘာတို့က အခု နောက်ပိုင်းမှာ နည်းလာတယ်လို့ ကျွန်တော်တို့လည်း သိရတယ်။

သူတို့အတွက် အကျိုးစီးပွားကတော့ နည်းနေတာတော့ အမှန်ပဲ။ တဖက်မှာလည်း ကျောက်စိမ်းတူးဖော် ရေးလုပ်ငန်းတွေ ရပ်နားမယ်ဆိုပြီး သူတို့က ကြွေးကြော်ထားတာလည်းရှိတယ်။ ဒါပေမဲ့ တကယ်ကြတော့ မလုပ်နိုင်ဘူး။ သူတို့ ကြွေးကြော်ရုံသက်သက်ပဲ။ ဆိုတော့ နှစ်ချက်ပေါ့နော်။ သူတို့အတွက် အကျိုးစီးပွား မရှိလို့ ရပ်ချင်တာလား၊ တစ်ဖက်ကကျတော့ ဒီလိုမျိုးအကျိုးစိးပွားတွေနည်းနေလို့ပဲ နည်မြေစိုးမိုးရေးနဲ့ ထိန်းချုပ်နိုင်ဖို့ စစ်ရေးကို ဖော်ဆောင်ချင်တာလားပေါ့။ အခုက မြေပြင်မှာ ဘယ်သူတွေရှိနေလဲဆိုတာ ကိုကြည့်ရင် သိနိုင်ပါတယ်။

မေး – စစ်ကောင်စီက သူတို့ကို အခွန်မပေးတဲ့ ကျောက်လုပ်ကွက်တွေကို ပစ်မှတ်ထားတာမျိုးရှိလား။

ဖြေ – ဒါက‌တော့ ဖြစ်နိုင်တာပေါ့။ အခွန်အခမပေးတဲ့ လုပ်ကွက်တွေကိုတော့ ပစ်မှတ်ထားမှာပေါ့၊ ဒါက သူတို့အတွက်က ရန်သူဖြစ်သွားပြီလေ။ သူတို့နဲ့ ပလဲနံပသင့်ရင်တော့ အဆင်ပြေတာပေါ့။ သူတို့နဲ့ အကျိုး တူလုပ်ရင်တော့ လက်နက်ကြီးနဲ့ ပစ်တယ်ဆိုတာက ဖြစ်နိုင်တာမှ မဟုတ်တာ။ ပစ်မှတ်ထားတယ်ဆိုတာ ကတော့ ဖြစ်နိုင်တဲ့အရာပါပဲ။

မေး – ဖားကန့်မှာ တိုက်ပွဲတွေ ဖြစ်လာနိုင်သလား။

ဖြေ – ဖားကန့်ကတော့ အချိန်မရွေး တိုက်ပွဲတွေကြီးကြီးမားမားဖြစ်လာနိုင်တဲ့နေရာဖြစ်နေတာပေါ့။ တစ်ဖက်ကလည်း တော်လှန်ရေးခွန်အားနဲ့ စစ်ရေးအရှိန်မြှင်ဖို့ ကြိုးစားတယ်။ တစ်ဖက်ကလည်း ဒီအခြေ အနေကို ကြိုတင်မျှော်လင့်ပြီးဖြစ်တဲ့အတွက် သူတို့ကလည်း ပြင်ဆင်ထားတယ်။ ပြင်ဆင်ထားတဲ့အပြင် ထိုးစစ်တွေလုပ်ဖို့အတွက် ဆောင်ရွက်နေတာတွေတွေ့ရတယ်။

ဖားကန့်မှာ တိုက်ပွဲဖြစ်ရင်တော့ တပ်စခန်းတွေနေရာမှာ ဖြစ်လာနိုင်တယ်။ တပ်စခန်းမချထားတဲ့ နေရာ တွေဆိုရင်တော့ ဘယ်လိုသိနိုင်မလဲ။

ဥပမာ အခုပြည်သူနဲ့ PDF လိုပေါ့ ခွဲခြားမရနိုင်ဘူး။ ပြည်သူကလည်း PDF ပဲ PDF လည်း ပြည်သူပဲ၊ ပြည်သူကြားထဲကနေ ပေါက်ဖွားလာတာဆိုတော့။ အဲဒီလိုပဲ စကစအနေနဲ့ KIA ကို တိုက်မယ် ဆိုရင်တော့ တပ်စခန်းတွေရှိတဲ့နေရာမှာ ဖြစ်လာနိုင်တယ်။ စခန်းမထိုင်ထားတဲ့နေရာဆို ဘယ်လိုတိုက်မလဲ KIA ဆိုတာလည်း ပြည်သူကြားထဲမှာပဲရှိနေတာဆိုတော့။ ဒါကြောင့် KIA ကို လုံးဝမရှိ အောင်တိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဒါကတော့ လုံးဝသေချာတယ်။ 

KIA ရဲ့ ဌာနချုပ်တွေကိုတိုက်တာတို့လို လှုပ်ရှားမှုကို လျှော့ချတာမျိုးလောက်ပဲလုပ်နိုင်မယ်။ မြို့ထဲရွာထဲ တွေမှာက မဖြစ်နိုင်ဘူးလေ။ မြို့ထဲမှာက သေနတ်ကြီးတွေကိုင် ယူနီဖောင်းတွေဝတ်ထားတာမျိုး မဟုတ် ဘူးလေ။​ နေကြတယ်ဆိုတာကလည်း အစွန်အဖျားလိုနေရာမျိုးမှာ နေကြတာ။ မြို့ထဲရွာထဲမှာ မရှိဘူးလား ဆိုတော့ ရှိတယ်လေ။ ဒါပေမဲ့ ဘယ်သူမှ ယူနီဖောင်း မဝတ်ထားဘူး။ တံဆိပ်မကပ်ထားဘူးဆိုတော့ မသိနိုင်ဘူး။ သေချာတာကတော့ မြို့ထဲရွာထဲတွေမှာ အဲဒီလောက်အထိ မဖြစ်နိုင်ဘူး။ တောတွင်းစခန်း တွေ ဖြစ်မယ်။ ဌာနချုပ်တွေ တပ်စခန်းထိုင်ထားတဲ့နေရာတွေပဲ အလွန်ဆုံးဖြစ်နိုင်တယ်ပေါ့။

မေး – တိုက်ပွဲတွေဖြစ်လာရင် ဖားကန့်စီးပွားရေးဘယ်လိုဖြစ်လာနိုင်သလဲ။​

ဖြေ – သေချာတာတစ်ခုကတော့ တိုက်ပွဲတွေပြင်းလာမယ်ဆိုရင် ကျောက်လုပ်ကွက်တွေက ရပ်ရမှာပဲ လေ။ တိုက်ပွဲဖြစ်လာရင် လမ်းကြောင်းဖြတ်တောက်မှုတွေက ဘယ်ဘက်ကပဲဖြစ်ဖြစ် လုပ်ကြမယ်။ လမ်းကြောင်းဖြတ်ကြရင် ဖားကန့်ကိုဝင်နေတဲ့ ကုန်စည်တွေ ရပ်မယ်၊ ဆီတွေရပ်မယ်၊ ဆီမရှိရင် ကျောက်တူးလို့ မရဘူးဗျာ။

ဆိုတော့ အဲဒီလို မငြိမ်မသက်ဖြစ်နေတဲ့ အခြေအနေမျိုးမှာ ကျောက်တူးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဆိုတော့ စစ်ဖြစ်လာရင် ကျောက်တူးဖို့ စီးပွားရေးလုပ်ဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး။ အားလုံးတော့ ခက်ခဲသွားလိမ့် မယ်လို့ မြင်တယ်။ စစ်ဘေးရှောင်တွေ ဘာတွေနဲ့ တော်တော်တော့ အလုပ်များသွားလိမ့်မယ်လို့ ထင်တယ်။

စစ်ကတော့ အချိန်မရွေးထဖြစ်နိုင်တဲ့ အနေအထားမှာရှိတဲ့အတွက် ကြိုတင်ပြင်ဆင်ထားတာကတော့ မမှားဘူးပေါ့။ အခုဆိုရင် ဆန်၊ ဆီ ကုန်ဈေးနှုန်းတွေ အကုန်တက်ကြတာပဲ။ တက်ကြပေမယ့် ချောင်လည် တဲ့အချိန် ရှိလာဦးမယ်လို့ မျှော်လင့်ရတာပေါ့။ ဒီလို အချိန်မျိုးမှာ လိုအပ်တဲ့ စားနပ်ရိက္ခာလေးတွေ စုဆောင်းထားနိုင်ရင်လည်း စုဆောင်းထားပေါ့။ မစုဆောင်းထားနိုင်ရင်လည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် ကြိုတင်ပြင်ဆင်ထားကြတာ ကောင်းပါတယ်။ 

နောက်တစ်ချက်ကတော့ တစ်ခုခုဖြစ်လာရင်လည်း ပြေးပေါက်ကတော့ ကြိုတင်ရှာထားရမှာပေါ့။ ကြို တင်ပြင်ဆင်ထားကြရင်တော့ ကောင်းပါတယ်။ ဖားကန့်ဒေသခံတွေဆိုတာက စစ်ပွဲတိုက်ပွဲအတွေ့အကြုံနဲ့ မနီးစပ်တဲ့သူ မရှိသလောက်ပါပဲ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button