
ရခိုင်တွင် တကျော့ပြန် တိုက်ပွဲများ ဖြစ်လာသည့်နောက်ပိုင်းတွင် စစ်ကောင်စီတပ်က ဒေသခံများကိုသာမက ကျေးရွာအုပ်ချုပ်ရေးပိုင်းကိုပါ စောင့်ကြည့်ကာ အများအပြားကို ဖမ်းဆီးနေသည်။
ယခုနှစ် မေလ မှ နိုဝင်ဘာလလယ်အထိ မြို့နယ်အသီးသီးမှ ရပ်ကျေး အုပ်ချုပ်ရေးမှူး ၁၀ ဦးထက်မနည်းကို ထိန်းသိမ်းခဲ့သည်။ ဖမ်းဆီးပြီးနောက် မိသားစုနှင့်ပင် တွေ့ဆုံခွင့်မပေးသကဲ့သို့ တချို့ကို မတရားအသင်း ဆက်သွယ်ရေးဥပဒေပုဒ်မ ဖြင့် အမှုဖွင့်ထားသည်။
အောက်တိုဘာ ၈ တွင် မင်းပြားမြို့ ဥက္ကာပျံရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လှ ခေါ် ညီဒေါင်းချေ အပါအဝင် ဒေသခံ ၅ ဦး ၎င်းတို့၏ နေအိမ်များတွင် အဖမ်းခံရသည်။
အောက်တိုဘာ ၁၁ တွင် ဘူးသီးတောင်၊ ညောင်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၄၀ အရွယ် ဦးလင်းလင်း ဘူးသီးတောင်မြို့ ဈေးအနီး စက်လှေဆိပ်တွင် အဖမ်းခံရသည်။
အောက်တိုဘာ ၃၁ တွင် ကျောက်ဖြူမြို့ စေတီယျ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ အုပ်ချုပ်ရေးမှူးရုံးစာရေးနှင့် ရာအိမ်မှူး တစ်ဦး အဖမ်းခံရသည်။
စက်တင်ဘာ ၃ တွင် ဘူးသီးတောင်တပ်ရင်း(၂၃၄)စစ်ဗျူဟာက အနီးအနားမှကျေးရွာအုပ်ချုပ်ရေးမှူး ၁၂ ဦးကို အစည်းအဝေးခေါ်ခဲ့ပြီး အားလုံးကို ဖမ်းထားလိုက်သည်။
စက်တင်ဘာလ ၄ ရက်နေ့တွင် အများစုကို ပြန်လွှတ်လိုက်ပြီး မီးကျောင်းဈေးကျေးရွာ အသက် ၆၀ အရွယ် ဦးအာမီဟူဆောင်း၊ တပ်မင်းချောင်းကျေးရွာမှ ၆၆ နှစ်အရွယ် ဦးကျော်လှတို့ကို ဆက်ဖမ်းထားလိုက်သည်။
အဆိုပါအုပ်ချုပ်ရေးမှူးနှစ်ဦးကို အပြင်းအထန် နှိပ်စက် စစ်ဆေးသည့်အပြင် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့်လည်း အမှုဖွင့်တရားစွဲဆိုထားသည်ဟု သိရသည်။
ဇူလိုင် ၁၉ တွင်လည်း မောင်တောမြို့နယ်မြောက်ပိုင်း သာယာကုန်းကျေးရွာမှ ကျေးရွာတာဝန်ခံနှင့် သင်္ဘောလှကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို တောင်ပြိုဗျုဟာကုန်း နယ်ခြားစောင့်တပ်ဖွဲ့ခွဲ အစည်းအဝေးတွင် ဖမ်းဆီးခံလိုက်ရသည်။
မောင်တောမြို့နယ်မြောက်ပိုင်း နယ်ခြားစောင့်ရဲကား တိုက်ခိုက်ခံခဲ့ရသည့် နေရာအနီးရှိ ကြိမ်ချောင်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဘုန်းကိုနိုင် အပါအဝင် သုံးဦးကို စစ်တပ်က ဇူလိုင် ၂၀ တွင် ဖမ်းဆီးထားသည်။
ယင်းမတိုင်မီ မေလ ၂၆ ရက်နေ့ကလည်း ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်ပတ်ဝန်းကျင်အနီးရှိ အဘောင်သားကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးသာထွန်းအောင်နှင့် ကျေးရွာသား ၂ ဦး တို့ကို စစ်ကောင်စီတပ်က တစ်လကြာ ဖမ်းဆီးထားခဲ့သည်။
မေ ၃ နှင့် ၄ တွင် စစ်တွေမြို့နယ်မှ မွတ်ဆလင်(၇)ဦးနှင့် ရခိုင် ၁ ဦးတို့ကို ဖမ်းဆီး စစ်ဆေးကာ မေ ၅ တွင် ယင်းအထဲမှ မွတ်ဆလင် ၆ ဦးကို ပြန်လွတ်ပေးသည်။
ဘောဒူပ(မွတ်ဆလင်)ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကြက်ကိုင်းတန်းကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို မေ ၂၀ ရက်နေ့ ရောက်မှ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။
အစုလိုက်အပြုံလိုက် နုတ်ထွက်မှု
ရခိုင်ပြည်အတွင်းက တစ်ကျော့ပြန်တိုက်ပွဲတွင် အရပ်သားများအပါအဝင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အရပ်ဖက်အဖွဲ့အစည်းတွင် လုပ်ကိုင်သူများ ပစ်မှတ်ဖြစ်လာချိန်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ဆက်လက် တာဝန်ထမ်းလိုခြင်း မရှိတော့ပေ။
ပုဏ္ဏားကျွန်းမြို့နယ်ရှိ အောင်ဖြူပြင်၊ ဘုရားကြီး၊ ပဲစိနမ်း၊ ဘဲခိုးကြိမ်ချောင်းအပါအဝင် ကျေးရွာ ၉ ရွာမှ အုပ်ချုပ်ရေးမှူးများ နိုဝင်ဘာ ၁၅ ရက်နေ့က နုတ်ထွက်စာတင်ခဲ့ကြသည်။
စစ်ကောင်စီက အုပ်ချုပ်ရေးမှူးတို့ကို ရက္ခိုင့်တပ်တော် (AA)၊ ၎င်း၏နိုင်ငံရေးအဖွဲ့အစည်းဖြစ် သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) တို့နှင့် ပတ်သက်ပြီး သတင်းပို့ရန် ညွှန်ကြားထားသည်။
ULA က ဒေသအများအပြားတွင် လုပ်ငန်းချဲ့ထွင်နေရာ အုပ်ချုပ်ရေးမှူးများသည် နှစ်ဘက်လုံးနှင့် သင့်မြတ်စွာ ဆက်ဆံနေရသည်ဟု ထွက်စာ တင်ထားသူ အမည်မဖော်လိုသည့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကပြောသည်။
“လက်ရှိအခြေအနေမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဟာ အုပ်ချုပ်ရေး နှစ်ခုကြား ညပ်နေတယ်။ ULA သတင်းကို မပို့ဘူး၊ AA နဲ့ပေါင်းတယ်ဆိုပြီး စစ်ကောင်စီက ကျွန်တော်တို့ကို ဖမ်းဆီးလာတယ်။ အခြားတစ်ဖက်ကလည်း စစ်ကောင်စီခေါ်တဲ့အစည်းအဝေးတွေကို သွားတက်ရတဲ့အခါ ကျွန်တော်တို့ကို အမြင်စောင်းတာရှိတယ်။ ဒါကြောင့် အခုလို တိုက်ပွဲပြင်းထန်ချိန်မှာ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့ အလုပ်က နေ နုတ်ထွက်တာက ပိုကောင်းတယ်။ ဒါကြောင့် နုတ်ထွက်စာတင်ပါတယ်” ဟု သူက ပြောသည်။
ဇူလိုင်လက တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သော မောင်တောမြို့နယ်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှစ်ဦးနှင့် ကျေးရွာတာဝန်ခံတစ်ဦးကို တပ်က ဖမ်းပြီး နောက်ပိုင်း ဒေသတွင်းအုပ်ချုပ်ရေးမှူးတချို့ ထွက်စာတင်ကြသည်။
ရခိုင်တွင် ပြီးခဲ့သည့် ၂၀၁၉၊ ၂၀၂၀ တိုက်ပွဲကာလကလည်း စစ်တပ်က ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများကို ပစ်မှတ်ထားခဲ့သည့်အတွက် ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားတို့တွင်လည်း အလားတူထွက်စာတင်ခဲ့ကြသည်။
၂၀၂၀ အောက်တိုဘာ၃ တွင် စစ်တွေမြို့နယ် တောကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းကျော်လှိုင်ကို တပ်မတော်စစ်ကြောင်းက ဖမ်းဆီးသွားရာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၆၀ ကျော်က မြို့နယ်အုပ်ချုပ်ရေးမှူးကို တောင်းဆိုသည့်အတွက် နောက်တစ်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။
၂၀၁၉ ဇန်နဝါရီတွင် ထိုပြသနာ များကို ဖြေရှင်းပေးရန် ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးကို ကျေးရွာအုပ်ချုပ်ရေးမှူး အယောက် ၃၀ က သွားရောက် တင်ပြခဲ့သည်။
၂၀၁၉ ဖေဖော်ဝါရီ ၂၈ တွင် မြောက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ လပတ်အစည်းအဝေးပြုလုပ်နေစဉ် ရဲတပ်ဖွဲ့က တချို့ကို ဝင်ရောက်ဖမ်းဆီးသွားသည့်အတွက် အုပ်ချုပ်ရေးမှူး ၁ဝဝ ကျော် ထွက်စာတင်ကြသည်။
၂ဝ၁၉ ဇွန်တွင် ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာမှ ကျေးရွာတာဝန်ခံ ၁ ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦးကို စစ်တပ်ကဖမ်းဆီးအမှုဖွင့်သည့်အတွက် ထွက်စာတင်သူ ၅၀ ရှိခဲ့သည်။
၂၀၂၀ မေ ၃၀ တွင် မြေပုံမြို့နယ် အငူသစ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဇော်၊ ရွာသစ်ကေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်တို့ကို အစည်းအဝေးမှ ပြန်ခွင့် မပေးဘဲ AA နှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ဖြင့် အမှုဖွင့်ခဲ့သည်။ယင်းဖြစ်ရပ်ကြောင့် လုပ်ဖော်ကိုင်ဖက် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၇၀ နီးပါး ထွက်စာတင်ခဲ့သည်။
လက်ရှိ ရခိုင်တွင် တိုက်ပွဲများ ဆက်တိုက် ပြင်းထန်နေရာ အထိနာလာသည့် စစ်ကောင်စီတပ်က ကျေးရွာအုပ်ချုပ်ရေးမှူးများကို ခေါ်ယူခြိမ်းခြောက်သလို၊ အရပ်သားများကို ဖမ်းဆီးနေသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးအများစုသည်လည်း စစ်ရေးတင်းမာမှု၊ အပြန်အလှန်ဖမ်းဆီးမှုများကြောင့် လုံခြုံမှု ကင်းမဲ့လာပြီး နုတ်ထွက်စာတင်ရန် ဆုံးဖြတ်ထားကြပြီဟု ပြောဆိုလာကြသည်။
မောင်တောမြောက်ပိုင်းတွင် ဇူလိုင် ၁၈ တိုက်ပွဲအပြီး ကြိမ်ချောင်းအုပ်ချုပ်ရေးမှူး၊ ရွာသား ၂ ဦး၊ သာယာကုန်းကျေးရွာ တာဝန်ခံတို့ဖမ်းဆီးခံခဲ့ရသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦး ထွက်စာတင်ခဲ့သည်။
ယခုအခါ အုပ်ချုပ်ရေးမှူးများမှာ သာမန်လူများထက် ပိုမို အန္တရာယ်ရှိလာသည်ဟု ဘူးသီးတောင်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။
“ကျွန်တော်တို့ အုပ်ချုပ်ရေးမှူးတွေဆိုတာက သူတို့အစည်းအဝေးခေါ်ရင် သွားရတယ်။ အုပ်ချုပ်ရေးမှူးတွေက နှစ်ဘက်စလုံးမှာ ကြားညှပ်နေရတယ်။ တစ်ခုခုဖြစ်ရင် ကျွန်တော်တို့ဘက်က တာဝန်ယူမယ့်လူမရှိဘူး”ဟု သူက မှတ်ချက်ပြုသည်။
ကျေးရွာအုပ်ချပ်ရေးမှူးများမှာ ဒေသဖွံ့ဖြိုးရေး၊ ကျေးရွာသာယာရေးကို အဓိကလုပ်ကိုင်နေကြသူများဖြစ်သဖြင့် သံသယဖြင့်ဖမ်းဆီးခြင်းမှာ မဖြစ်သင့်ဟုလည်း ပြောဆိုကြသည်။
စစ်ကောင်စီစိုးရိမ်မှု
ယခင် နုတ်ထွက်မှု များပြားစဉ်က အုပ်ချုပ်ရေးယန္တရား ပျက်ပြားသည်အထိ ပူပန်စရာမရှိဟု အုပ်ချုပ်ရေးပိုင်းက ပြောဆိုခဲ့သော်လည်း ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရားကို ဆက်ထိန်းနိုင်ခြင်းမရှိတော့ပေ။
၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းခါနီးတွင် ရခိုင်ဒေသ စစ်ပွဲများ ရုတ်တရက် ရပ်ဆိုင်းခဲ့ပြီးနောက် AA သည် ၎င်းတို့ ထိမ်းချုပ်ရာ ဒေသတွင် တရားစီရင်ရေး၊ အုပ်ချုပ်ရေးကဏ္ဍများကို လုပ်ဆောင်ခဲ့သည်။ ယင်းသို့ စင်ပြိုင်အစိုးရတစ်ရပ်ကဲ့သို့ တရားဥပဒေ စိုးမိုးရေးနှင့် အခွန်အခကောက်ခံမှုများကို လုပ်လာသည့် လုပ်ဆောင်မှုကို မခံချမခံသာ ဖြစ်လာသည့် စစ်ကောင်စီသည် ၎င်းတပ်ကို တစ်ရွာဝင်တစ်ရွာထွက် အင်အားပြလှုပ်ရှားစေကာ ULA အဖွဲ့ဝင်များကို ရှာဖွေဖမ်းဆီးလာခဲ့သည်။
ယခုအခါ အုပ်ချုပ်ရေးယန္တရားပျက်စီးနေဟု ဘူးသီးတောင် မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက မှတ်ချက်ပြုသည်။
“စစ်ကောင်စီက သူတို့ခန့်ထားတဲ့အုပ်ချုပ်ရေးမှူးတွေကို မယုံကြည်ဖြစ်နေတယ်။ အုပ်ချုပ်ရေးမှူးတွေကို ဖမ်းတယ်ဆိုကတည်းက သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားတွေက ပျက်စီးနေပြီဆိုတာပေါ်လွင်တယ်” ဟု သူက ပြောသည်။
စစ်ကောင်စီသည် ကျေးရွာအုပ်ချုပ်ရေးမှူး လုပ်ငန်းစွမ်းရည်မြှင့်သင်တန်းများပေးကာ စည်းရုံးရန် ကြိုးစားခဲ့သေးသည်။
မေလ နောက်ဆုံးအပတ်က စစ်တွေမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၆၀ ဦးကို လုပ်ငန်းစွမ်းရည်မြှင့် ရက်တိုသင်တန်းပေးခဲ့သည်။ ယင်းသင်တန်းဖွင့်ပွဲကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးတို့ပါ ရောက်လာသည်။
သင်တန်းတွင် တပ်မတော်၊ ကျန်းမာရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဉပဒေ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန တို့မှ သင်တန်းနည်းပြများက သက်ဆိုင်ရာကဏ္ဍအလိုက် သင်ခန်းစာများ ပို့ချသည်ဟု သိရသည်။
စစ်ကောင်စီသည် အာဏာသိမ်းစက ရခိုင်လူထု ထောက်ခံမှုရရေးအတွက် ရခိုင်အများစု ထောက်ခံသည့်ပါတီ ခေါင်းဆောင် တချို့ကို နေရာပေးခြင်း၊ လူထုကို သြဇာသက်ရောက်နိုင်သူ တချို့ကို ဝန်ကြီးနေရာပေးခြင်းစသည့် နည်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့သော်လည်း ကြိုးစားသမျှမှာ အချည်းနှီးသာဖြစ်သွားသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးများကို ယခုကဲ့သို့ သံသယဖြင့် စောင့်ကြည့်ကာ ဖမ်းဆီးမှုများဆက်ရှိလာလျှင် အစုလိုက်အပြုံလိုက် နုတ်ထွက်မှုများ ထပ်မံ ပေါ်လာနိုင်သည်ဟုလည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ထောက်ပြပြောဆိုကြသည်။
များမကြာသေးမီ ကလည်း ငပလီအခြေစိုက် ခလရ ၅၆၆ စစ်ကောင်စီ တပ်ရင်းမှူးက နိုဝင်ဘာလ ပထမအပတ်တွင် အစည်းအဝေး ခေါ်ယူကာ သံတွဲမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၇၀ ကျော် ထဲမှ ၅၀ ခန့်မှာ ULA နှင့် ပတ်သက်နေသည်ဟု စွပ်စွဲပြီး ဆက်လက် ပတ်သက်နေပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခဲ့သည်။
အလားတူ သံတွဲခရိုင်ထွေအုပ်ရုံးမှ စာရေး ၂ ဦးကို ULA နှင့်ဆက်သွယ်သည်ဟု စွပ်စွဲကာ မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) ဖြင့် ဖမ်းဆီး အမှုဖွင့် ထားသည်။
ဆက်တိုက်ဖမ်းဆီး ခံလာရသည့် ပြည်သူများ
ရခိုင်တွင် အပြစ်မဲ့အရပ်သားများကို မတရားဖမ်းဆီးခြင်း၊ စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်ခြင်း ၊ ကြီးလေးသည့်ပုဒ်မဖြင့် တရားစွဲခြင်းတို့ ကြောင့် ပြည်သူများ၏ အသက်အန္တရာယ်လုံခြုံရေးအတွက် အလွန်စိုးရိမ်စရာကောင်းလာသည်။

ခရီးသွားပြည်သူများကို တိုးချဲ့ချထားသည့် စစ်ဆေးရေးဂိတ်များတွင် အသေးစိတ် စစ်ဆေးမေးမြန်းခြင်းများကို ဆက်တိုက်ပြုလုပ်လာနေသည့် အပြင် ဖုန်းများတွင် AA နှင့် ပတ်သက်သည့် အချက်အလက်များ၊ ပုံများ တွေ့လျှင် ဖမ်းဆီးနေသည့်အတွက် ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် ဖုန်းများကို ရှင်းလင်းပြီးမှ သွားလာကြရန်လည်း အချင်းချင်းသတိပေးနေကြသည်။
ဤအခြေအနေကြောင့် AA ကလည်း သေရေး၊ရှင်ရေး နှင့် မလွှဲမရှောင်သာမှသာ ခရီးသွားကြရန် ဇူလိုင်လ ၂၁ ရက် နေ့ကတည်းက သတိပေးထုတ်ပြန်ခဲ့သည်။
စစ်တပ်က တိုက်ပွဲ တွင် အကျအဆုံးများသည့်အခါတိုင်း တိုက်ပွဲနှင့်မည်သို့မျှ မသက်ဆိုင်သည့် လူနေကျေးရွာများ သို့ လက်နက်ကြီးဖြင့် ပစ်ခတ်လေ့ရှိသည်။
နိုဝင်ဘာ ၁၆ ရက်နေ့တစ်နေ့တည်းတွင်ပင် ကျောက်တော်မြို့နယ် ချောင်းတူ ရွာထဲ လက်နက်ကြီးကျ၍ ဒေသခံ သုံးဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရရှိခဲ့သည်။ အလားတူ မောင်တောမြို့နယ် မြောက်ပိုင်း ဂြိစ်ချောင်းကျေးရွာ အတွင်း လက်နက်ကြီးကျရောက်သဖြင့် ကလေးငယ်များအပါအဝင် ဒေသခံ ၁၁ ဦး သေဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
ရခိုင်ပြည်နယ် ၊ချင်းပြည်နယ် ပလက်၀ ဒေသတိုင်ပွဲများတွင်သာမက မြန်မာပြည်အနှံ့ ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများ၌ အထိနာ၊ အသေအဆုံးများ၍ စိတ်ဓာတ်ပျက်ပြားနေသော စစ်ကောင်စီတပ်သည် ၎င်းတို့အထိနာတိုင်း ပြုလုပ်နေကျ လုပ်ရပ်များထဲမှ ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက် ခြင်း၊ အပြစ်မဲ့ ပြည်သူများကို အကြောင်း အမျိုးမျိုးပြဖမ်းဆီးခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်း ၊ ရပ်ရွာများကို မီးရှို့ဖျက်ဆီးခြင်း စသည့် လုပ်ရပ်များကို ဆက်တိုက်ကျူးလွန်နေပြီး စစ်ကောင်စီ၏ လူမဆန်သော လုပ်ရပ်များကို မြန်မာနိုင်ငံအနှံ့ အထင်အရှားတွေ့မြင် နိုင်သည်ဟု ULA ကြေညာချက်တွင် ဖော်ပြသည်။

အခြားတစ်ဖက်တွင် စစ်ကောင်စီခေါင်းဆောင်များသည် လူစိတ်ကင်းမဲ့ပြီး သွေးရူးသွေးတန်း ဖြစ်ကာ စစ်ရာဇဝတ်မှု ကို ဦးတည်စေသော အမိန့်ပေးခြင်းမျိုးနှင့် လုပ်ရပ်များကို နိုင်ငံအနှံ့ ဆက်တိုက် လုပ်ဆောင်ရှိသည့်အပြင် ပြည်သူ လူထုတိုင်းကို ရန်သူ ဟု သဘောထားကာ မလုပ်သင့်မလုပ်ထိုက်သော အလုပ်များကို မလုပ်သင့်သော နည်းလမ်းများ ဖြင့် အကောင်အထည်ဖော်လုပ်ဆောင်လျက်ရှိသည်ဟု လည်း အဆိုပါ ULA ကြေညာချက်တွင် ရေးသားထားသည်။
ULA ကြေညာချက်နှင့် ပတ်သက်ပြီး စစ်တပ်က တုံ့ပြန်ခြင်း မရှိသေးပေ။ဤအတောအတွင်း သံသယနှင့် ဖမ်းဆီးခံထားရသူများထဲတွင် ဌာနဆိုင်ရာ ဝန်ထမ်း ၂၀ ထက်မနည်း ပါဝင်နေကြောင်း သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)