သတင်း

အင်းစိန်ထောင် ထောင်ဝင်စာ အဆောက်အအုံသစ် နောက်လတွင် စဆောက်မည်

(ရန်ကုန်) — အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ ရာနှုန်းပြည့် ငွေကြေးအကူအညီဖြင့် ဆောက်လုပ်မည့် အင်းစိန်ဗဟိုအကျဉ်းထောင် ထောင်ဝင်စာ အဆောက်အအုံသစ်ကို ဇူလိုင်လတွင် တည်ဆောက်ရေး စတင်မည်ဟု အင်းစိန်အကျဉ်းထောင် ထောင်ပိုင် ဦးမျိုးဦးက ပြောသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးအကျဉ်းထောင်ဖြစ်သည့် အင်းစိန်ဗဟိုအကျဉ်းထောင်ရှိ လက်ရှိ ထောင်ဝင်စာ တွေ့သည့် အဆောက်အအုံမှာ သက်တမ်းကြာမြင့်နေပြီဖြစ်သဖြင့် အသံပိုလုံ၍ အလင်းရောင် ပိုမိုရရှိစေရန်အတွက် အသစ်ဆောက်ရခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

“အကျဉ်းသားတွေ မိသားစုနဲ့တွေ့ဆုံတဲ့အခါမှာ ပိုပြီးတော့ နွေးနွေးထွေးထွေးဖြစ်အောင် အဆောက်အအုံအသစ် ဆောက်လုပ်တဲ့အခါမှာ စီစဉ်ထားပါတယ်” ဟု ၎င်းက ပြောသည်။

ICRC က အင်းစိန်ဗဟိုအကျဉ်းထောင် ထောင်ဝင်စာ အဆောက်အအုံသစ်အကြောင်း ယခုလ ၁၆ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်တွင် ကျပ်သိန်း ၄၀၀၀ ကုန်ကျမည့် ထိုစီမံကိန်းကို ဖော်ဆောင်ဖို့ ICRC နှင့် အကျဉ်းဦးစီးဌာနတို့ ၂၀၁၇ ခုနှစ်ကတည်းက စီစဉ်ခဲ့ခြင်းဖြစ်ပြီး အကျဉ်းသားနှင့် မိသားစုများကြား ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးရဖို့ တည်ဆောက်ရခြင်းဖြစ်သည်ဟု ပါရှိသည်။

“ဒါဟာ ကွဲကွာနေရခြင်းဆိုတဲ့ ခံစားမှုကို လျှော့ချပေးနိုင်ဖို့ မျှော်လင့်ယုံကြည်တဲ့အပြင် လွတ်မြောက်ပြီးသူများကလည်း ထောင်ကို ပြန်လည်ရောက်ရှိလာနိုင်မယ့် အခွင့်အလမ်းကိုလည်း  လျော့ကျစေမှာ ဖြစ်ပါတယ်”ဟု ထိုထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ထောင်ဝင်စာ အဆောက်အအုံအသစ်တွင် ကော်ဖီဆိုင်၊ ကလေးကစားကွင်းနှင့် သန့်စင်ခန်းအသစ်များ ပါဝင်မည်ဖြစ်ပြီး ၂၀၁၉ နှစ်စတွင် စီမံကိန်း အပြီးသတ်ဖို့ မျှော်လင့်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

အကျဉ်းထောင်က လက်ခံနိုင်သည့် အရေအတွက်ထက် ပိုမိုနေသည့် အကျဉ်းသားအရေအတွက်ကို မလျှော့ချနိုင်ပါက အဆောက်အအုံအသစ် ဆောက်လုပ်သော်လည်း ထူးခြားမည်မဟုတ်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) အဖွဲ့ မြန်မာပြည်တာဝန်ခံ ဦးအောင်မျိုးကျော်က ပြောသည်။

“ အင်းစိန်ထောင်က လူ ၅၀၀ဝပဲ ဆန့်တယ်၊ အခုဆိုရင် လူ ၁၀,၀၀၀ ကျော်လောက် ရှိနေတယ်။ ဒါကြောင့် ဒီအဆောက်အအုံသစ်ကိုဆောက်လည်း မိသားစုတွေ ထောင်ဝင်စာ တွေ့ကြတဲ့အခါ မှာ ဆူညံပွက်လောရိုက်ပြီး ဒုက္ခ၊ သုက္ခတွေရောက်နေရတဲ့ အခြေအနေကတော့ ဖြစ်နေဦးမှာပါပဲ” ဟု ပြောသည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင် ၄၆ ခုတွင် အကျဉ်းသား၊ အချုပ်သား ၅၈,၀၀၀ ဦး ရှိနေပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းများတွင် အကျဉ်းသား ၁၅,၀၀၀ ခန့် ရှိနေသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၄ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဖြေကြားဖူးသည်။

Show More

Related Articles

Back to top button