
(ရန်ကုန်) — မူးယစ်စေရန်အတွက် ကော်ရှူနေကြသည့် အလေ့အထကို ဥပဒေတစ်ခုပြဋ္ဌာန်းပြီး တားဆီးရန် လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရအရာရှိများ ဆွေးနွေးနေကြောင်း မြန်မာနိုင်ငံမူးယစ်အထူးရဲတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိ တစ်ဦးက ပြောသည်။
“ကော်ရှူတာနဲ့ပတ်သက်ပြီးတော့ ဥပဒေပြဋ္ဌာန်းဖို့ကို လွှတ်တော်က တာဝန်ရှိသူတွေ၊ ဥပဒေပညာရှင်တွေနဲ့ တာဝန်ရှိသူတွေက တိုင်ပင်နေကြပါတယ်” ဟု မူးယစ်အထူးရဲတပ်ဖွဲ့မှ ရဲမှူးတေဇာလွင်က ဇွန် ၁၆ ရက်က လှိုင်မြို့နယ်တွင် ပြုလုပ်သည့် ပြည်သူ့စကားဝိုင်းတွင် ပြောသည်။
သုံးစွဲသူများက “ကော်”ကို မူးယစ်ဆေးဝါးတစ်ခုသဖွယ် အသုံးပြုသော်လည်း ၎င်းတို့ရှူသည့် ကော်သည် မူးယစ်ဆေးစာရင်းတွင် မပါဝင်သည့်အတွက် အာဏာပိုင်များဘက်က အရေးယူရန် ခက်ခဲနေသည်။
ယခင်က လမ်းပျော်လူငယ်များ၊ အမှိုက်ကောက်သည့် ကလေးငယ်များအကြားတွင် ရေပန်းစားသည့် ကော်ရှူသည့်ဓလေ့ကို ယခုအချိန်တွင် အခြေခံပညာအဆင့်ကျောင်းသားများပါ သုံးစွဲလာကြကြောင်း မူးယစ်အရာရှိများက ပြောသည်။
“အခုဆိုရင် ပလုံ(ပလတ်စတစ်ဘူးခွံ)ကောက်တဲ့ကလေးတွေတင် မဟုတ်ဘူး၊ နှစ်တန်း သုံးတန်း ကလေးတွေအပြင် တချို့လူငယ်တွေပါ ကော်ရှူလာကြပြီ” ဟု မူးယစ်အထူးရဲတပ်ဖွဲ့မှ ရဲမှူးက ပြောသည်။
စက်ဘီးဘီးဖာခြင်း၊ ရေပိုက်သွယ်တန်းခြင်း၊ သစ်သားကပ်ခြင်း စသည့် လုပ်ငန်းများတွင် အသုံးပြုသည့် ကော်အမျိုးအစားကို ကော်ရှူသူများ ကြိုက်နှစ်သက်ကြပြီး တစ်ခါတစ်ရံတွင် ဓာတ်ဆီ၊ ဂတ်စ်မီးခြစ် စသည့် အနံ့ပြင်းသည့် အရာများကိုလည်း သုံးစွဲကြကြောင်း ၎င်းတို့က ပြောသည်။
ဆာလောင်မှုကို ပပျောက်စေသဖြင့် ဆင်းရဲသည့် လမ်းပျော်ကလေးငယ်များအကြား ရေပန်းစားနေသော ကော်ရှူခြင်းဓလေ့သည် ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ကြောင်း Drug Policy Advocacy Group (DPAG) အဖွဲ့မှ ညှိနှိုင်းရေးမှူး ဒေါက်တာနန်းပန်းအိခမ်းက ပြောသည်။
ရှူလိုက်သည့်ပစ္စည်း အမျိုးအစားပေါ် မူတည်ပြီး ပါဝင်ဓာတုပစ္စည်းများက ခန္ဓာကိုယ်တွင်းရှိ ဦးနှောက်၊ အာရုံကြောနှင့် အဆီများသည့် နေရာများတွင် စုနေတတ်ပြီး အချိန်ကြာလာသည့် အခါ အာရုံကြောများကို ဖျက်ဆီးနိုင်ကြောင်း ၎င်းက ပြောသည်။
ကော်ရှူသည့်ဓလေ့ကို ဥပဒေဖြင့် တားမြစ်ခြင်းမတိုင်မီ အဆိုပါဓလေ့ကြောင့် ဖြစ်လာနိုင်သည့် နောက်ဆက်တွဲကျန်းမာရေး ပြဿနာများ နှင့် ယင်းဓလေ့သည် လူငယ်များအကြား မည်မျှ ကျယ်ပြန့်နေကြောင်းတို့ကို သုတေသနပြုလေ့လာရန် အရေးကြီးကြောင်း ဒေါက်တာနန်းပန်းအိခမ်းက ပြောသည်။
ယင်းနှင့်ပတ်သက်ပြီး မူးယစ်ဆေးဝါးသုံးစွဲသူများ ဆေးဖြတ်ရန်အတွက် ကူညီပေးနေသည့် ဦးဝင်းမင်းက “တကယ်က ဥပဒေပြဋ္ဌာန်းလည်း ထိထိရောက်ရောက် မလုပ်နိုင်ရင် ဘာမှမထူး ဘူး။ ဒီလို သုံးစွဲနေသူတွေအတွက် အန္တရာယ်လျှော့ချတဲ့ လုပ်ငန်းစဉ်တွေကို အဓိကလုပ်ဖို့လိုတယ်” ဟု ဆိုသည်။