
ပဲခူးတိုင်းအရှေ့ခြမ်း၊ ရွှေကျင်မြို့နယ်တွင် စစ်ကောင်စီ၏ တပ်စခန်း ၃ ခု တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၁၅,၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတို့ထံမှ သိရပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း ထုတ်ပြန်ထားသည်။
လွန်ခဲ့သည့် စနေနေ့ (နိုဝင်ဘာ ၁၂) တွင် ရွှေကျင် – ကျောက်ကြီးလမ်းမကြီးတစ်လျှောက်ရှိ စစ်ကောင်စီ၏ သံဆိပ်၊ ဘောကထာနှင့် တုံးတံတာအမည်ရ စခန်းသုံးခုကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း သိမ်းဆည်းရမိ သည့် လက်နက်ခဲယမ်းများနှင့်တကွ KNU က ယနေ့ထုတ်ပြန်ထားသည်။
စစ်တပ်စခန်းများကို KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၏ တပ်ရင်းများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောင်ခံတပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ ဘက်မှ ၁၁ ဦး သေဆုံးကာ လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။
နောက်ဆက်တွဲအနေဖြင့် စစ်ကောင်စီတပ်က ပြည်သူလူထုအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းများရှိခဲ့ရာ ကျေးရွာပေါင်း ၁၈ ရွာမှ ဒေသခံ သောင်းဂဏန်းခန့် ထွက်ပြေးနေရသည်ဟုလည်း KNU ၏ ထုတ်ပြန်ချက် က ဆိုသည်။
စစ်ကောင်စီစခန်းများ စီးနင်းတိုက်ခိုက်ခံရပြီးနောက် အနီးတဝိုက်ရှိ ကျေးရွာများမှ ဒေသခံများ ထွက်ပြေး တိမ်းရှောင်လာသည်ဟု အမည်မဖော်လိုသည့် ရွှေကျင်မြို့ခံတစ်ဦးက ပြောသည်။
မဘီး၊ ပဒဲကော၊ ဘောကထာ၊ သံဆိပ်၊ အထက်မဲဇောင်းနှင့် အင်္ဂနီကျေးရွာအုပ်စုတို့မှ ထွက်ပြေးလာသည့် ဒေသခံ ၁၅,၀၀၀ နီးပါးအနက် ၂၀၀၀ ကျော်မှာ ရွှေကျင်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေရသည်ဟု ၎င်းက ဆိုသည်။
တိုက်ပွဲစဖြစ်သည့် နိုဝင်ဘာ ၁၂ ၌ပင် ခန့်မှန်းခြေ လူဦးရေ ၅၀၀ ခန့် ရွှေကျင်မြို့ပေါ် ရောက်ရှိလာပြီး ပိတ်မိနေခဲ့သည့် ဘောကထာ၊ တုံးတံတာနှင့် သံဆိပ်ရွာခံများလည်း ယမန်နေ့တွင် ထပ်မံရောက်ရှိလာသည်ဟု သိရသည်။
“တဖွဲဖွဲလာနေကြတယ်။ မြို့ခံတွေက ကျွေးထားတယ်။ အာဏာပိုင်က ဘာမှမလုပ်ပေးဘူး။ ကျန်တဲ့သူ တွေက ဆွေမျိုးအိမ်တွေ နေကြတယ်။ တချို့က တခြားမြို့နယ်ကို ပြေးတယ်” ဟု ရွှေကျင်မြို့ခံက ပြောသည်။

စခန်းသုံးခု တိုက်ခိုက်ခံရစဉ် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသည့် အရေအတွက်နှင့် ပတ်သက်၍ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပါဝင်တိုက်ခိုက်ခဲ့သည့် NUG လက်အောက်ခံ ရွှေကျင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန် ရှိသူတစ်ဦးကမူ စစ်ကောင်စီဘက်မှ တပ်ရင်းမှူး အပါအဝင် အများအပြားသေဆုံးနိုင်သည်ဟု ခန့်မှန်းပြောဆို သည်။
စခန်းသုံးခုကို KNU ပူးပေါင်းတပ်များက နံနက် ၄ နာရီတွင် စတင်တိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၇ နာရီမှစ၍ တိုက်လေယာဉ် အပါအဝင် ရဟတ်ယာဉ်များဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းလည်း အထက်ပါ ဒေသခံ ပကဖတာဝန်ရှိသူက ပြောသည်။
“အတိအကျတော့ မထွက်သေးဘူး။ (စစ်ကောင်စီဘက်) အထိနာထားတာတော့ သေချာတယ်။ အရှင်ဖမ်း မိသူတွေလည်း ရှိတယ်လို့ သတင်းရတယ်။ စစ်တပ်က အင်အားဖြည့်ပြီး ပြန်တိုက်ယူဖို့ လှုပ်ရှားနေတယ်” ဟု ၎င်းက ယမန်နေ့တွင် Myanmar Now ကို ပြောသည်။
တိုက်ပွဲပြင်းထန်နေစဉ် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် လက်နက်ခဲယမ်းများ အကုန် မသိမ်းနိုင်ခဲ့ကြောင်းလည်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ပဲခူးတိုင်းအရှေ့ခြမ်းရှိ ရွှေကျင်မြို့နယ်သည် KNU ၏ တပ်မဟာ (၃) နယ်မြေဖြစ်သော ညောင်လေးပင်ခ ရိုင်အတွင်း ပါဝင်ပြီး NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များလည်း ပါဝင်လှုပ်ရှားနေသည့် နယ်မြေတစ်ခုဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)