နယ်မြေချင်းထိစပ်နေသည့် မကွေးတိုင်း ရေစကြိုနှင့် မြိုင်တို့တွင် နှစ်ရက်အတွင်း တိုက်ခိုက်မှုများတွင် ပြည်သူ့စစ် ခေါ် ပျူစောထီး ၁၀ ဦး၊ စစ်သား ၁ ဦး သေဆုံးသည်၊ စစ်တပ်က ပြည်သူ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
မြိုင်မြို့နယ်တောင်ဘက် ၁၁ မိုင်ခန့်ရှိ သရက်ကန်ရွာတွင် ဒေသခံအများအပြား စစ်ကောင်စီတပ်ရန်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း၊ ပိုင်ရှင်များ မရှိသည့် အချိန် ရွာခံ ပျူစောထီးအဖွဲ့ဝင် ၁၀ ဦးက စိုက်ခင်းများအတွင်း မြေပဲနှုတ်ယူနေစဉ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် Myaing Underground Defence Force (MUGDF) တို့က ဝင်ရောက်တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးသူ ၆ ဦး ရှိကြောင်း သိရသည်။
“စိုက်ထားတဲ့ ရွာသားတွေက ထွက်ပြေးနေကြရတာ။ ရွာသားတွေရဲ့ အခင်းတွေကို သူတို့တွေက ဝင်ဝင်နှုတ်နေကြတာ။ ဒီနေ့မနက် လာနှုတ်နေတယ်ကြားလို့ သွားပစ်တာ။ အလောင်းတွေတော့ မသယ်ဘူး။ ပစ်ခတ်ပြီးတော့ ဒီတိုင်းထားခဲ့တာ။ ဝါးနှစ်ပြန်လောက်ကနေ ပစ်ရတာ”ဟု မြိုင်PDF တပ်ရင်းမှူးတစ်ဦးဖြစ်သူ ဗိုလ်လက်ယာက ပြောသည်။
ရွာတောင်ဘက် ၃ ဖာလုံအကွာရှိ ထိုမြေပဲခင်းတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်ခန့် ကြာသည်ဟု ဆိုသည်။၄ ဦး ထွက်ပြေးလွတ်မြောက်သွားသည့်အနက် ဒဏ်ရာ ရသွားသူ ၃ ဦးရှိသည်ဟု ၎င်းက ပြောသည်။
“၃ ယောက်က နောက်ကျောတွေမှန်တာ။ ရွာထဲဝင်ပြေးသွားတယ်။ နောက်ကျောတွေ၊ ရင်ဘတ်တွေကို အုပ်ပြီး ပြေးကုန်တာ”ဟု ၎င်းက ပြောသည်။ ရွာအတွင်းရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများ
ဖြင့် ပြန်လည်ပစ်ခတ်သဖြင့် ကာကွယ်ရေးအဖွဲ့ဝင်များ ပြန်ပစ်ဆုတ်ခွာလာကြသည်ဟု သိရသည်။ သရက်ကန်ရွာတွင် ရွာခံပျူစောထီး ၆၀ ခန့်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့်ရှိကြောင်း သိရသည်။
ရေစကြိုမြို့ တိုက်ခိုက်မှု
ယမန်နေ့ နံနက်ပိုင်းက မြိုင်မြို့အရှေ့ဘက်ရှိ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်မော်တော်ယာဉ်ကို စောင့်ကြိုတိုက်ခိုက်ရာ ပျူစောထီးအဖွဲ့ဝင် ၄ ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးခဲ့သည်ဟု ပခုက္ကူခရိုင် တပ်ရင်း ၃ – Yesagyo PDFက ထုတ်ပြန်ထားသည်။
ရေစကြိုမြို့အနောက်ဘက် ပုခုက္ကူ-မုံရွာကားလမ်းပေါ်ရှိ ဇီးတောရွာနှင့် ထိုဒေသအခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း(ခလရ) အမှတ် ၂၅၆ ကြားက အောင်မိုးလမ်းဆုံတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦး၊ ဇီးတောရွာပျူစောထီးခေါင်းဆောင် ဝင်းမြင့်အောင်နှင့် သူ၏ နောက်လိုက် ၄ ဦး စီးနင်းလာသည့် ကားကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Yesagyo PDFက ထုတ်ပြန်ထားသည်။
တိုက်ခိုက်မှုအတွင်း ဝင်းမြင့်ဦးမှာ လက်မောင်း ဒဏ်ရာရရှိခဲ့သည်ဟု အထက်ပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အောင်မိုးလမ်းဆုံ တိုက်ခိုက်မှုတွင် တပ်ဖွဲ့ဝင်များ ဆုတ်ခွာနိုင်ခဲ့သော်လည်း အနီးနားရှိပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်သည့် အသေးစိတ် အခြေအနေကို ပခုက္ကူခရိုင် တပ်ရင်း ၃ – Yesagyo PDFထံ ဆက်သွယ်မေးမြန်း၍ မရသေးသလို စစ်ကောင်စီကလည်း ထိုဖြစ်ရပ်ကို သတင်းအမှောင်ချထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)



