မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်တွင် ဒေသခံ ၄ ဦးကို စစ်တပ်က ဖမ်းခေါ်သွားပြီးနောက် ရက်ရက်စက်စက် သတ်ဖြတ်ကာ အလောင်းများကို စွန့်ပစ်ထားခဲ့ကြောင်း ဒေသခံအချို့ထံမှ စုံစမ်းသိရှိရသည်။
သတ်ဖြတ်ခံရသူများသည် နွားထိုးကြီးမြို့ အမှတ် (၈) ရပ်ကွက်မှ အသက် ၅၀ အရွယ် ဦးသန်းမြင့်ဆွေ ၊ အမှတ်(၇) ရပ်ကွက်မှ အသက် ၄၀ ကျော် ဒေါ်အေးမြတ်မွန် (ခ) မဘဲဥ၊ ဆူးဖြူကန်ရွာမှ ဦးစောရွှေ နှင့် အမည်မသိရသေးသည့် အသက် ၂၅ နှစ် အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်သည်။
နိုဝင်ဘာ ၃ ညပိုင်းတွင် စစ်ဝတ်စုံဝတ်ထားသူများက စစ်ကား ၄ စီး၊ အရပ်ဘက်သုံးကား ၂ စီးဖြင့် ထိုသူများကို ဧည့်စာရင်းအကြောင်းပြ၍ လာဖမ်းသွားသည်၊ နောက်တစ်နေ့ နံနက်တွင် ရုပ်အလောင်းများကို မြို့ပြင်တွင် ပြန်တွေ့သည်ဟု ဒေသခံအမျိုးသားက ပြောသည်။
ဦးစောရွှေ၏ အလောင်းကို နွားထိုးကြီးမြို့ အရှေ့ဘက် ၁၁ မိုင်ခန့် အကွာရှိ ဆူးဖြူကန်နှင့် ကပ်လျက် လက်ပန်ရွာအနီး၊ ကျန်သုံးဦး၏ အလောင်းကို ဇေဒိတ်ရွာအနီးတွင် ရှာတွေ့ကြောင်း၊ ထိုနေရာများသည် နေပြည်တော်- မန္တလေး အမြန်လမ်း ရဲကင်းစခန်း ၊ ပြင်စည်ရဲစခန်းနှင့် တစ်မိုင်ခန့်ပင် မကွာကြောင်း ဒေသတွင်း သတင်းရင်းမြစ်တို့ထံမှ သိရသည်။
“သေနတ်ဒဏ်ရာလည်း ပါတယ်။ တချို့အလောင်းတွေမှာလည်း ဓားဒဏ်ရာတွေ ဘာတွေ တွေ့တယ်။ မိန်းမသားဖြစ်တဲ့ မဘဲဥဆိုရင် ရင်သားတွေမှာ လှီးဖြတ်ထားတဲ့ဒဏ်ရာတွေ တွေ့တယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ဝန်းရံသူများဖြစ်သည့် ဦးသန်းမြင့်ဆွေ၊ ဒေါ်အေးမြတ်မွန်၊ ဦးစောရွှေတို့ကို စစ်ကောင်စီတပ်သားတို့က တစ်အိမ်ဝင်၊ တစ်အိမ်ထွက် ဖမ်းဆီးကြောင်း၊ ကျပ်သိန်းပေါင်းများစွာ ပေး၍ ပြန်လွှတ်ရန် ကြိုးပမ်းခဲ့သော်လည်း ငွေလည်းဆုံး၊ လူလည်းဆုံး ဖြစ်ခဲ့ရကြောင်း ၎င်းက ဆိုသည်။
“သူတို့ကို မဖမ်းဖို့ ပိုက်ဆံလည်း သိန်းတစ်ရာ ထုတ်ပေးတာ။ အဲဒါကို ပိုက်ဆံလည်း ယူသွားတယ်။ လူကိုလည်း ဖမ်းခေါ်ပြီး သတ်သွားတာ၊ ယုတ်ယုတ်မာမာပဲ သတ်သွားတာ” ဟု ထိုသူက ပြောသည်။
စစ်ကောင်စီကို ခုခံနေသည့် နွားထိုးကြီးကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကမူ ၎င်းတို့ဒေသအတွင်း NLD ထောက်ခံသူများ၏ စာရင်းကို စစ်ကောင်စီထံ ပေးကာ ဖမ်းခိုင်းသည့် စစ်တပ်ထောက်ခံသူများရှိနေကြောင်း၊ သတ်ဖြတ်မှုများကို ကာကွယ်ရေးအဖွဲ့များ လက်ချက်အဖြစ် စစ်ကောင်စီက အပြစ်ဖို့လေ့ရှိကြောင်း ပြောသည်။
“(ယခု အသတ်ခံရသူများမှာ) တော်လှန်ရေးအဖွဲ့တွေဘာတွေနဲ့ အဆက်အသွယ်ဘာညာလည်း မရှိပါဘူး။ ရိုးရိုး NLD ပါတီကို ထောက်ခံအားပေးသူတွေပါ၊ အခု မြို့ပေါ်မှာက သတင်းပေး ဒလန်လို့ စွပ်စွဲပြီး စစ်တပ်က လိုက်သတ်နေတာပဲ” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ အစပိုင်းကလည်း နွားထိုးကြီးမြို့ ဒေသခံ ၅ ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားပြီးနောက် ဓားဒဏ်ရာများနှင့် အလောင်းများကို ရှာတွေ့ဖူးသည်ဟု အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။
ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ အသေးစိတ်ကို သီးခြားအတည်မပြုသေးသလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။
အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပြည်သူ မဲပေးရွေးချယ်ခဲ့သည့် NLD ပါတီ ထိပ်တန်းခေါင်းဆောင်များ၊ ပါတီဝင်များ၊ အားပေးဝန်းရံသူများကို နည်းမျိုးစုံသုံး၍ နှိပ်ကွပ်နေသည်။ ထောင်ချခံနေရသလို အသက်သေဆုံးရသူများလည်း ရှိနေသည်။
NLD လွှတ်တော်ကိုယ်စားလှယ် ၉၀ ဦးအပါအဝင် NLD ပါတီဝင် ၁၁၆၉ ဦး အဖမ်းခံထားရကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးအပါအဝင် ၆၇ ဦးမှာ စစ်တပ်က ဖမ်းထားစဉ် သေဆုံးခဲ့ကြောင်း NLD က နိုဝင်ဘာ ၈ တွင် ထုတ်ပြန်ထားသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ နိုဝင်ဘာ ၉ ရက်နေ့စာရင်းများအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လက်ချက်ကြောင့် ပြည်သူ စုစုပေါင်း ၂၄၂၈ ဦး သေဆုံးခဲ့သည်၊ ဆက်ဖမ်းထားသူအရေအတွက် ၁၂၉၁၈ ဦး ရှိသည်ဟု ဖော်ပြထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)